" ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ၀ါဒသည်
နိုင်ငံ နှင့် လူမျိုးအတွက် အကျိုးမဲ့ရာ မဲ့ကြောင်း၊
နစ်နာရာနစ်နာကြောင်း ဖြစ်စေမည့် စာပေ၀ါဒမျိုးမဟုတ်"
" ငါလည်း မင်းတို့လို စာရေးဆရာဖြစ်ချင်တယ်ကွာ"
အနုပညာနှင့် စာပေ၀ါဒများသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ သမိုင်းရေးတောင်းဆိုမှုအရ ပေါ်ပေါက်ခဲ့ခြင်း
များရှိသလို ပညာရှင် တစ်ဦး တစ်ယောက်၏ ပုဂ္ဂလိက အတွေးအခေါ် အယူအဆအဖြစ် ပေါ်ထွန်းလာခဲ့ခြင်းများ
လည်း ရှိသည်။ ဤနေရာတွင် " ငါလည်း မင်းတို့လို စာရေးဆရာဖြစ်ချင်တယ်ကွာ"ဟု အပါးတော်မြဲ ဗိုလ်ထွန်းလှ
(ဆရာ တက္ကသိုလ်နေ၀င်း) ကို အကြိမ်ကြိမ် ပြောခဲ့သော ကိုယ်တိုင်လည်း စာပေများ ရေးသားခဲ့သောကျွန်တော်
တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုင်စွဲခဲ့သည့် စာပေ၀ါဒကရော မည်သို့ ရှိပါသနည်း။
အနုပညာ အတွက် အနုပညာလား .... ပြည်သူ အတွက် အနုပညာလား ..(တစ်နည်း)
စာပေသည် ပြည်သူ့ အတွက်လား... အဟောင်းကို တွယ်တာပြီး အသစ်ကို ပစ်ပယ်သူလား..
အသစ်ကို ခင်တွယ်ပြီး အဟောင်း မှန်သမျှ ဆန့်ကျင်သူလား... ထိုမေးခွန်းများအတွက် အဖြေကို .....
" ဗိုလ်ချုပ် နှင့် စာပေ" ဆောင်းပါးတွင် ယခုလို ဖော်ပြထားပေသည်။
" ဗိုလ်ချုပ် နှင့်စာပေ"
အကြောင်းအရာတစ်ခုကို မူတည်ပြီးရေးသားကြရာ၌ နောက်ခံအဖြစ်ထားဖို့ သဘောတရားတစ်ခုကိုအဆွေတို့အား
ကျွန်တော် ရှင်းပြလိုပါတယ်.. အဆွေတို့ လိုက်နာစေလိုတဲ့ သဘောတရားကတော့ သက်မဲ့ မဟုတ်ဘဲအမြဲတမ်း
အသက်ဝင်နေပြီး ခေတ်အလိုက် တိုးတက်ပြောင်းလဲခြင်းရှိရမယ်.. "အဖျက်" သဘော မပါဘဲ "အဖြစ်" သဘော
ပါစေ ရမယ်.. ရည်ရွယ်ချက်တစ်ခုကို အထမြောက်ပြီး လက်ဆုပ် လက်ကိုင် ပြနိုင်အောင် အမြတ် အစွန်းပေါ်
စေရမယ်။ အကျိုးဖြစ်ထွန်းစေရမယ်။ နောက်ပြီး ယခုပြောတဲ့ သဘောတရားမှာ စိတ်ကူးသက်သက်နဲ့ ထင်ရာတွေ
ရေးသားခြင်း ကင်းပြီး စ-လယ်-ဆုံး သုံးပါးလုံးကို စည်းစနစ်ကျ မှန်ကန်စွာ နဲ့ အဖွင့် အပိတ် စသည်တို့
အံကိုက်စေရမယ်။
စာပေရေးသားတဲ့အခါ နောက်ခံသဘောတရားဟာ အသက်မပါသလို လှုံ့ဆော်ခြင်း၊ ပြုပြင်ဖန်တီးခြင်းကင်းမဲ့သော
အရာမျိုးမဟုတ်ဘဲ အသက်ပါသောအရာကဲ့သို့ ခေတ်မီ၍ တိုးတက်ခြင်း၊ ပြောင်းလဲခြင်း ရှိစေရမယ်။
ခေတ်မီစေရမယ် ၊ ရှေ့သို့သာ တိုးတက်စေရမယ်။ ခေတ်နောက် မဆုတ်စေရဘူး။ ခေတ်လည်းမမီ အတိုး အဆုတ်
လည်း မရှိတဲ့ ထင်မြင်ယူဆချက်တွေ အကြောင်းအရာတွေချည့်ပါတာမျိုးလည်း မဟုတ်ဘူး။ တစ်ဖန် ကျွန်တော်
ပြောတဲ့ "အဖျက်" မဟုတ် "အဖြစ်" သဘော " အပြုသဘော " ဖန်တီးခြင်း သဘောပါရမယ်ဆိုတာက
အကြောင်းအရာတစ်ခုကို ရေးသားလျှင် ကိုယ်ရည်ရွယ်လိုက်သည့် အချက်မှာ တစ်ခုခုကို ပြုပြင် ဖန်တီးစေတဲ့
သတ္တိပါရမယ်။ ရှိရင်းစွဲ အရာတစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်စေရမယ်။ ၀ိုးတိုးဝါးတား
မထင်မရှားနဲ့ အသိခက် အမြင်ခက်တာတွေ မပါဘဲ မျက်ဝါးထင်ထင် တွေ့မြင်သိနိုင်တဲ့အရာမျိုးကို လုံးလုံးခဲခဲ ပါစေ
ရမယ်။ လေဖမ်းလို့မရသလို အဖတ်မပါ ဗလာသက်သက် မဟုတ်ဘဲ အတုံးအတစ် အစိုင်အခဲ ကိုင်စွဲ၍ ပြနိုင်တဲ့
အရာမျိုးဖြစ်စေရမယ်..။
ကျွန်တော်ပြောတဲ့ သဘောတရားမှာ လေထဲ တိုက်အိမ်ဆောက်တဲ့ အယူအဆမျိုး အိပ်မက် မက်သလို အတွေး
အထင်မျိုးတွေ မပါရဘူး.. သို့သော် အကြောင်း နဲ့ အကျိုး ၊ နှလုံးရည် နဲ့ ဥာဏ်ရည် ၊ စာဆို နဲ့ လက်တွေ့ ၊ရှေးဖြစ်
နဲ့ ခုအဖြစ် ၊ ခု အဖြစ်နဲ့ နောက်အဖြစ်၊ စိတ်ကူး နဲ့ မျက်မြင် တို့ကို တစ်ခု နဲ့ တစ်ခု အဆက် အစပ် စနစ်ကျရမယ်။
နည်းမှန်ရမယ်။ ခေတ်မှီရမယ်။ တခါတည်း ဖြစ်ကတတ်ဆန်း အမှတ်တမဲ့ နဲ့ မဆီမဆိုင်တဲ့ အတွေးအဆတွေ
အကြောင်းတရားတွေကို မမြီးအမောက်မတည့်အောင် အရောရော အတွေးတွေး ရေးသားခြင်းမျိုး မဖြစ်စေရဘူး..။
အကယ်၍ ဖန်တီးခြင်းသဘောတရားပါစေလိုလျှင် ရေးသားသမျှ ၀တ္ထု ဆောင်းပါးတို့ကို မရေမရာ မထင်မရှား
တဲ့ အယူအဆတွေ တွေးလုံးတွေအပေါ်မှာ အခြေမပြုဘဲ လူ၏လောက၊ လူ့ပေါင်းသင်းရေး၊လူ့ရာဇ၀င်၊လူ့တိုးတက်
ရေး စသည်တို့ကို ကောင်းမွန်အောင်ဖန်တီးပေးရာ ရောက်စေရမယ်။ ကျွန်တော်တို့တစ်တွေဟာ မည်သူမပြု မိမိမှု
ဆိုတဲ့စကားအတိုင်း ကိုယ့်ကံကိုယ်ဖန်တီးကြသူများဖြစ်တယ်။ လေဖမ်းဝါးတန်းချည် သလို ပေါက်ကရ ထင်ရာ
မြင်ရာ အကြောင်းတွေကို မရေးသားဘဲ စနစ်မှန်မှန် ခေတ်မီမီဖြစ်စေလိုရင် ရေးသားချက် တစ်ခုဟာ တကယ်မုချ
လောကမှာ ရှိနေတဲ့အကြောင်းမှန်တစ်ခု ဖြစ်ရမယ်။ အကျိုး နဲ့ အကြောင်း၊ စာဆို နဲ့ လက်တွေ့၊ စိတ်ကူး နဲ့ အသိ
ဥာဏ်၊ အရင် နဲ့ အခု၊ အခု နဲ့ နောက် ၊ အတွေး နဲ့ အမြင် တို့ကို အားလုံး တစ်ခု နဲ့ တစ်ခု အဆက်အစပ်ရှိရမယ်။
အသွားအလာ ညီညွတ်စေရမယ်။ သို့မှသာ ရေးသားချက်တစ်ခုဟာ နည်းမှန် လမ်းမှန် စနစ်တကျဖြစ်ပြီး အရာခပ်
သိမ်းတို့ကို အမြင်မှန်တဲ့ မျက်စိနဲ့ ကြည့်နိုင်မယ်။ လမ်းမှန်ကို သိနိုင်မယ်။
ဒါကြောင့် ကျွန်တော်တို့ပြုစုရမယ့် စာပေအရေးအသားဟာ ဒီသဘောတရားတွေနဲ့ ပြည့်စုံတဲ့စာပေမျိုး ဖြစ်ရမယ်။
ဒါမှလည်း ကျွန်တော်တို့ရဲ့ စာပေဟာ ကမ္ဘာ့အဆင့်အတန်းမီမယ်။ကမ္ဘာ့အဆင့်အတန်းကိုမီမှ ကျပ်ပြည့်တင်းပြည့်
တန်းဖိုးရှိတယ်။ သို့မှလည်းယဉ်ကျေးမှုစနစ်ကြီးဟာချက်ချင်းတိုးတက်ပြောင်းလဲလာနိုင်မယ်။ယဉ်ကျေးမှုစနစ်ကြီး
တိုးတက်ပြောင်းလဲခြင်း မရှိဘဲနဲ့ အမျိုးသား တိုးတက်ရေးဟာ ကောင်းစွာ မအောင်မြင်နိုင်ဘူး။ တစ်ကမ္ဘာလုံးဟာ
အခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီးဖြစ်တယ်။ ကျွန်တော်တို့လည်းကမ္ဘာကြီးနဲ့အတူ ခေတ်နောက် မကျ
အောင်လိုက်ကြစို့။ ကမ္ဘာ့ဇတ်ခုံကြီးမှာ ကမ္ဘာတေးသံလိုက်၍ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့..။
၁၉၄၉-ခုနှစ်၊ အိုးဝေမဂ္ဂဇင်း
ဗိုလ်ချုပ်အောင်ဆန်းသည် အပြောပြတ်၊ အလုပ်ပြတ်သလို အရေးလည်းပြတ်သူဖြစ်သည်။
သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် ရေရှည်အကျိုးတရားကို ရှေးရှုပြီး ကောင်းနိုးရာရာ စာပေအယူအဆကို ရှင်းလင်း
ပြတ်သားစွာ ပြောဆိုရေးသားခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းလက်ခံယုံကြည်သော စာပေ၀ါဒ နှင့် ကျွန်တော်
တို့လက်ခံယုံကြည်သော စာပေ၀ါဒများ တူကောင်း မှ တူပါမည်။
သို့သော် .....
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ၀ါဒသည် နိုင်ငံ နှင့် လူမျိုးအတွက် အကျိုးမဲ့ရာ မဲ့ကြောင်း၊
နစ်နာရာနစ်နာကြောင်း ဖြစ်စေမည့် စာပေ၀ါဒမျိုးမဟုတ်တာကတော့
အလွန်သေချာလှပါသည်။
(ဧဒင်ဥယျာဉ်)
0 comments:
Post a Comment