Sunday, April 29, 2012

တန်ခူးရဲ့ရင်ကွဲနာဇာတ်

ယနေ့နံနက် မင်္ဂလာဒုံလေဆိပ်၌ လေယာဉ်ပေါ်သို့ တက်သူတက် ဆင်းတဲ့သူက ပို၍ များနေသည်။ ထို့ကြောင့် လေဆိပ်ဝန်းအတွင်း ဆင်းလာသောသူများနှင့် ဧည့်ကြိုသူများ ရှုပ်ယှက်ခတ်နေကြ၏။ ယခုအချိန်ကား သင်္ကြန်ရက်ကြီး နီးလာပြီဖြစ်၍ ပြည်ပရောက် မြန်မာ အလုပ်သမားများ ခွင့်ရက်ရှည် ရရှိသောကြောင့် အမိမြေသို့ ပြန်လည် ခြေချခွင့်ရခြင်းပင်။

   သက်နှင်းတစ်ယောက် လူအုပ်ကြားထဲ မောင့်ကို ဂရုတစိုက် ရှာဖွေနေမိ၏။ စုပြုံတိုးထွက်လာသော အဖွဲ့များထဲ မောင်ကို လှမ်းကြည့်မိသော်လည်း ယခုအချိန်ထိ မတွေ့သေး။ နာရီများစွာ ကြာကြာရပ်စောင့်နေရသော ခြေထောက်က ညောင်းညာလာသည်။ ထို့ကြောင့် သက်နှုတ်ခမ်းက စူလာမိ၏။ သက်ကို အခုလို ကြာကြာစောင့်ခိုင်းတဲ့မောင် တွေ့တော့မှ ရန်တွေ့ပစ်လိုက်အုံးမည်ဟု တေးထားလိုက်၏။

   “ဟိတ်...”

   “အမလေး..”

   ရှေ့သို့ အလောတကြီး အားစိုက်ရှာနေရာ နောက်မှ အလန့်တကြား အော်လိုက်သံကြောင့် သက် တော်တော်လန့်သွား၏။ နဂိုတည်းက စိတ်တိုနေရာ သက်ကို ယခုလို ခြောက်လန့်သူအား ရန်တွေ့ဖို့ နောက်သို့လှည့်လိုက်၏။ ထိုအခါ ပြုံးဖြဲဖြဲဖြင့် လက်ပိုက်နေသောမောင့်ကို မမျှော်လင့်ဘဲ တွေ့ရတော့သည်။ ထို့ကြောင့် သက်က မောင့်ရဲ့ လက်မောင်းကို မနာအောင် ဆွဲဆိတ်ရင်း...

   “ကြည့်... သူများကို အကြာကြီး စောင့်ခိုင်းရုံတင် မကဘူး

    လူကို လန့်အောင်လည်း လုပ်တယ်

    မောင်... မကောင်းဘူးကွာ.. လာမခေါ်နဲ့”

   ထိုအခါ မောင်က သက်ရဲ့ ပုခုံးကို ဆွဲဖက်ရင်း...

   “သက်က စိတ်ကောက်နေတာလား... စိတ်ဆိုးနေတာလား...

   ကဲ....အားလုံး အဆင်ပြေသွားအောင် အနမ်းတစ်ပွင့်နဲ့ ချော့မြူပါရစေဗျာ” ဟု ပြောပြောဆိုဆို သက်ကို ရုတ်တရက် လှမ်းနမ်းလေ၏။

   လူရှုပ်သောနေရာ၌ အဲ့ဒီလို အနမ်းခံရမည်ဟု မထင်သောကြောင့် သက် အငိုက်မိသွားသည်။ ထို့ကြောင့် သက်က

   “မောင်နော်... လူမြင်ကွင်းကြီးမှာ ဘယ်လိုဖြစ်နေတာလဲ..

    မရှက်ဘူးလား...”

   သက်ပြောလိုက်သော စကားကြောင့် မောင်က မျက်ခုံးကို ကျုံ့ရင်း ဘေးဘီကို လှည့်ကြည့်၏။ ထိုနောက် သက်ကို မချိုမချဉ်ပြုံးပြရင်း...

   “အဟီး... ကိုယ့် ဇနီးလောင်း ကိုယ်နမ်းတာပဲ...

    ပတ်ဝန်းကျင်ကို ဂရုစိုက် မနေတော့ပါဘူးကွာ..

    သက်က မမြင်ရတဲ့ သုံးနှစ်အတွင်းမှာ ပိုချောလာတာကိုး..

    အဲ့ဒါကြောင့် မောင်စိတ် မထိန်းနိုင်တာ”

   “သွား.... မောင်ပိုကြီး

    ဟိုမှာ သုံးနှစ်လောက် ဘယ်သူတွေနဲ့ စာရင်းရှုပ်ပြီး

    ဒီလို အပြောတွေနဲ့ပြောတတ်နေရတာလဲ”

   “သက်ကလည်း...ကွာ

    ကိုယ့်အကြောင်းလည်း သိသားနဲ့... ကိုယ့်မှာ ဆောက်လုပ်ရေး အလုပ်နဲ့ပတ်သက်ပြီး

    တစ်ခါမှ မအားရဘူး... သူတို့နိုင်ငံမှာတော့ ပိုက်ဆံတော့ ရပါတယ်...

    ဒါပေမဲ့လည်း ရသလောက်လည်း နားချိန်မရှိအောင် လုပ်ရတယ်...

    ဒီကြားထဲ သက်ကို လွမ်းနေရတာနဲ့ အိပ်ချိန်တောင် ကောင်းကောင်း မရပါဘူး..

    ဒါကို သက်က ဒီလို ပြောတော့ ကိုယ် စိတ်တောင် မကောင်းဘူး”

   “အမယ်လေး... ကိုယ်တော်ချောရေ...

    ကျွန်မ မေးမိတာကိုက မှားပါတယ်ရှင်

    ရှင့်ကို ရန်တွေ့ဖို့ စာစီထားတာတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး

    ယောက်ျားတန်မဲ့ အသည်းကလည်း နုလိုက်တာနော်

    နည်းနည်းလေးတောင် အပြောမခံဘူး”

   “မောင်က ဘယ်နေရာပဲ ရောက်ရောက် စိတ်ကြမ်း ကိုယ်ကြမ်းလည်း နေနိုင်ပေမဲ့

    သက်ရှေ့ ရောက်ရင်တော့ အနုထည်လေးဖြစ်သွားတော့တာပဲ

    အဲ့ဒါကိုတော့ နားလည်ပေးနော်...သက်”

   “အင်းပါ..မောင်

    သိပ်ချွဲ မနေနဲ့အုံး

    ပုသိမ်ပြန်တဲ့ကား ဂိတ်သိမ်းမှီအောင် သက်တို့ သွားရအုံးမယ်

    ဒါမှ ဟိုကို ညခုနှစ်နာရီခွဲဝန်းကျင်လောက် ရောက်မှာ

    ပေးလေ.. သက်ကို မောင့်အထုပ်တွေ

    တော်ကြာ မောင်လေး နေအုံးမယ်”

   “ဟာ...ဘယ်ဖြစ်မလဲ... မောင်ဇနီးလောင်းလေးကို မခိုင်းရက်ပါဘူး

    ဒီရောက်ရောက်ချင်း သက်ကို မြင်ချင်လို့သာ မောင့်မိဘတွေကို သက်မိသားစုတွေဆီ ခွင့်တောင်းပြီး ကြိုခိုင်းလိုက်ရတာ

    အခု သက်ကို မြင်တော့ မောင် အမောတွေ ပြေသွားပြီ.. သွားကြမယ်လေ..သက်

    ဘယ်မှာလဲ... သက်ငှားလာတဲ့ တက္ကစီ”

   “အော်... ဟိုရှေ့က ကားဝါ၀ါလေးလေ...မောင်

    လာ... သက်တို့ အတူတူ သွားကြမယ်”

   မောင်က “အင်း” ဟုပြောရင်း သက် လက်ကို ဆွဲကာ ရပ်ထားသော တက္ကစီ ရှိရာသို့ သွား၏။ ကားသမားကလည်း အလိုက်သိစွာ မောင့်၏ ပစ္စည်းများအား ကူသယ်ပေး၏။ ထို့နောက် နောက်ခန်းကားတံခါးကို ဆွဲဖွင့်ရင်း သက်တို့နှစ်ယောက်အား တက်စေကာ ပစ္စည်းများကို နေရာချ၏။ သက်တို့ နောက်ခန်း၌ စနစ်တကျ ထိုင်ပြီးလောက်မှ ကားသမားက ကားကို တဟုန်ထိုး မောင်းနှင်လေတော့သည်။

   သက်တို့ကားလေး ဂိတ်ကို ရောက်လည်း ရောက်ရော မုန်လုံကားကြီးက ထွက်ခါနီး အချိန်ကိုက်ပင်။ ထို့ကြောင့် တက္ကစီသမားကို ကျသင့်ငွေ ပေးချေရင်း မှန်လုံကားကြီးပေါ်သို့ ပုသိမ်ပြန်ရန် နှစ်ယောက်သား တက်လိုက်ကြ၏။ သိပ်မကြာခင်မှာပဲ မှန်လုံကားကြီးသည် ပုသိမ်မြို့သို့ ဦးတည်၍ မောင်းနှင်ပါတော့သည်။

   သက်တို့ စီးလာသော မှန်လုံကားကြိး အဝေးပြေးဂိတ်၌ ဆုံးသွား၏။ ထိုမှတစ်ဖန် ကြိုပို့ ဒိုင်နာကားသို့ ခရီးသည်အားလုံး ပြောင်းစီးကြ၏။ မြို့ထဲသို့ ကြို့ပို့ဒိုင်နာကားကြီးဆိုက်သောအခါ ည(၇) နာရီခွဲတိတိပင်။ သက်တို့နှစ်ယောက် မောင့်ပစ္စည်းများကို အတူတူဆွဲချရင်း ဆင်းလိုက်ကြရ၏။ ထို့နောက် မောင်က ခရီးသည် အလုအယက်ခေါ်နေကြသော ဆိုက္ကား ဆိုင်ကယ် များထဲမှ ဆိုက္ကားတစ်စီးအား လှမ်းခေါ်လိုက်၏။

   သက်က ဆိုင်ကယ်တက္ကစီ မငှားဖူးလားဟု မောင့်ကို မေးသောအခါ မောင်က နှစ်ယေက် အတူသွားချင်လို့ ဆိုက္ကားငှားရကြောင်း ဖြေ၏။

   ထို့နောက် ဆိုက္ကားပေါ်သို့ ပစ္စည်းနဲ့လူ မျှတအောင် တင်ရင်း မောင် ဆိုက္ကားသမား ဦးလေးအား..

   “ဦးလေးရေ...

    ဥမ္မာဒန္တီလမ်းက (.....) အိမ်ကို အရင်ပို့ပေးပါဗျာ” ဟု ဆိုလိုက်၏။

   ထိုအိမ်ကား သက်၏ နေအိမ်ပင်။ သက်ကို အရင်ပို့ပေးပြီးမှ မောင်ပြန်မည့်ပုံရ၏။ ဆိုက္ကားသမား ဦးလေးကြီးက မောင့်ကို ခေါင်းညိတ်ပြပြီး သက်အိမ်ရှိရာသို့ တက်တက်ကြွကြွ နင်းလေတော့သည်။

   ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ သက်တို့ အိမ်ရှေ့သို့ ရောက်၏။ သက်က..

   “မောင်... အိမ်ထဲကို မ၀င်တော့ဘူးလား...”

   “မ၀င်တော့ဘူး...သက်”

    မနက်ဖြန်ကျရင်လည်း သက်တို့ဆီ လာလည်အုံးမှာပဲ

    အဖေနဲ့ အမေတို့ကို နှုတ်ဆက်တယ်လို့ ပြောပေးအုံး”

   “မောင်နော်... ယူတောင် မယူရသေးဘူး

    ဘာ... အဖေနဲ့ အမေလည်း ...ဟွန်း

    သွားတော့မယ်”

   ဆိုက္ကားသမားကြီး ရှေ့မှာမို့ သက် ရှက်ရှက်နဲ့ မောင့်ကို ကြိမ်းမောင်းရင်း အိမ်ထဲသို့ ခပ်သုတ်သုတ် ၀င်လိုက်၏။ အပြင်ဘက်မှ မောင်နဲ့ ဆိုက္ကားသမားတို့၏ ရယ်သံကို အတွင်းဘက်၌ အတိုင်းသား ကြားနေရသည်။ သက် တစ်ယောက်တည်း ကြည်နှုးစိတ်ဖြင့် မျက်နှာက ပြုံးလျှက်။  ဒီနေ့တော့ မောင့်အကြောင်းတွေးရင်း သက်အိပ်ရေးပျက်ကာ အိပ်ယာထနောက်ကျ လိမ့်အုံးမည်။

*******************************************************************

   မနက်ကျတော့ အမေက သက်ကို လာ၍ နိုးရ၏။ ထို့ကြောင့် မဖွင့်ချင်သေးသော မျက်ခွံများကို အတင်းဆွဲဖွင့်ရင်း အိမ်အောက်သို့ ဆင်းလာသည်။  မောင်ကတော့ သက်၏ မိဘများနဲ့ စကားကောင်းလျှက်ပင်။

   သက်က မောင့်ကို လက်ဟန်ခြေဟန်ဖြင့် သွားတိုက် မျက်နှာသစ်အုံးမည့်အကြောင်း အချက်ပြ၏။ သက်ကို မောင်က ပြုံးပြလျှက် ခေါင်းညိတ်၏။

   သက်မျက်နှာသစ် အလှပြင်ပြီးတော့ နံနက်ကိုးနာရီ တီးခါနီးပြီ။ ကိုယ့်ချစ်သူနဲ့ အပြင်ထွက် ဈေးဝယ်သွားရမှာမို့ အလှကို အစွမ်းကုန် ပြင်ထားခြင်းပင်။ ပြင်ဆင်ပြီးနောက် နာရီကို ကြည့်ကာ နောက်ကျနေသဖြင့် ဧည့်ခန်းသို့ အမြန်ပြေးဆင်းလာရ၏။

   သက် ၀င်သွားတော့ ဧည့်ခန်းထဲမှာ မောင်တစ်ယောက်တည်း ကျန်နေခဲ့၏။ သက်၏ အဖေမှာ နံနက်ကိုးနာရီဆို ရုံးသို့ အချိန်မှီသွားရသဖြင့် မောင်တစ်ယောက်တည်း ကျန်နေခဲ့ခြင်းပင်။ သက်၏ အမေကလည်း ခုချိန်လောက်ဆို မောင်ပြန်လာသည့် အထိမ်းအမှတ်ဖြင့် ကိုယ်တိုင် ၀င်ရောက် ချက်ပြုတ်နေလောက်ပြီ။

   သက်က မောင့်ကို “သွားကြမယ်...မောင်” ဟုပြောလိုက်ရာ အမေက ကြားသွားပြီး မီးဖိုချောင်ထဲက လှမ်းသတိပေး၏။

   “သားနဲ့ သမီးတို့ ထမင်းစားချိန်မှီအောင် ပြန်ခဲ့နော်

    အမေ.... ဒီမှာ ချက်ထားတယ်”

   သားဟု အမေ၏ အသံကြားရသဖြင့် မောင်က ပြုံးနေလေ၏။ သက်က မျက်စောင်းလှမ်းထိုးလိုက်ရာ မောင်က တဟားဟား အော်ရယ်ရင်း...

   “ဟုတ်ကဲပါ... အမေ

    သားတို့အမှီ ပြန်လာခဲ့ပါ့မယ်” ဟု ပြန်ဖြေလေ၏။

   ထို့နောက် သက်တို့နှစ်ယောက်သား အိမ်ထဲမှ ထွက်ခွာလာခဲ့၏။ အိမ်ရှေ့မှာ ရပ်ထားသော မောင့်ဆိုင်ကယ်ပေါ်သို့ မောင်က အရင် အရှေ့မှ ထိုင်၏။ ပြီးလျှင် သက်ကို နောက်မှ ထိုင်ခိုင်းပြီး ခါးကို ဖက်စေ၏။ သက်က စချင်စိတ်ဖြင့် ခေါင်းခါပြရာ မောင်က စိတ်မကောင်းဟန် ပြလေ၏။ ထိုတော့မှ မောင့်အလိုကျ သက်က ခါးကို ဖက်လေသည်။ သက်က ခါးကို ဖက်လိုက်မှ မောင်ပြုံးလာကာ ဆိုင်ကယ်ကို လမ်းပေါ်သို့ ဦးတည်မောင်းနှင်လေတော့သည်။

   သက်တို့ စီးလာသော ဆိုင်ကယ်သည် ကမ်းနားလမ်းကို ဖြတ်သန်းလာသဖြင့် သင်္ကြန်မဏ္ဍပ်များအသီးသီးကို ဖြတ်ကျော်လာ၏။ ထိုအချိန်၌ သက်က မောင့်ခါးကို ဖက်ထားရင်း

   “သင်္ကြန်ရောက်ခါနီးပြီ..မောင်

    ဒီနှစ် သက်တို့နှစ်ယောက် ရေပက်ခံထွက်ကြမယ်နော်”

   သက်အပြောကို မောင်က ပြန်လည် မတုံ့ပြန်ဘဲ ငြိမ်သက်နေလေ၏။ မောင် ဘာဖြစ်လို့များ ငြိမ်သက်သွားလဲဟု သက် အဖြေရှာနေမိသည်။ မောင့်အကြောင်း ငယ်ငယ်လေးတည်းက ခရေစေ့တွင်းကျ သိနေခဲ့သူမို့ သက်ကြာကြာ မစဉ်းစားလိုက်ရ။ သက် သိလိုက်ရပါသည်။ ထိုသို့ မောင်ငြိမ်သက်နေရခြင်းမှာ သင်္ကြန်ရက်၌ ရေပက်ခံထွက်လိုက်တိုင်း မောင်နှင့် ဆက်နွယ်သော သွေးရင်းသားရင်းများ ကံဆိုးတတ်သောကြောင့်ပင်။

   ပြောပြရလျှင် မောင် ၁၆နှစ်သားလောက်က ဆယ်တန်းစာမေးပွဲ ပြီးဆုံး၍ သင်္ကြန်လည်ခွင့် ရခဲ့၏။ မောင်တို့အဖွဲ့ လေးရက်စလုံး အပျော်ကြီးပျော်ဖို့ စီစဉ်ထားသည့်အတိုင်း အောင်မြင်ခဲ့ပါသည်။ သို့သော် လေးရက်မြောက် အပျော်များဖြင့် ညနေပိုင်း အိမ်ပြန်လာသော မောင်သည် အိမ်သို့ ရောက်ရောက်ချင်း သတင်းဆိုးက ဆီးကြိုနေ၏။ ယင်းမှာ မောင့်အမေ နေ့လည် နှစ်နာရီလောက်က နှလုံးရောဂါထဖောက်ကာ ရုတ်တရက် ဆုံးပါးသွားခြင်းပင်။ မောင့်မှာ မောင့်အမေအသက်ကိုပင် မမှီလိုက်ရ။ ထိုကိစ္စကြောင့် မောင့်မှာ ယူကျုံးမရဖြစ်ကာ ဆယ်တန်းအောင်၍ ဒီနှစ်လုံးပါတာကိုပင် ၀မ်းမသာနိုင်ခဲ့။

   အဲ့ဒီကိစ္စတင်ပဲလားဆိုတော့လည်း မဟုတ်ပါ။ မောင့်အမေ မရှိတော့၍ မောင်တို့ သားအဖနှစ်ယောက် လောကဓံကို ငြိမ်းချမ်းစွာဖြင့် ဖြတ်သန်းနေတုန်းမှာပင် တဖန် ကံဆိုးပြန်သည်။ ထိုကံဆိုးသော အချိန်မှာလည်း မောင်တို့ အင်ဂျင်နီယာ ကျောင်းဆင်း၍ သူငယ်ချင်းများနှင့် အမှတ်တရ လည်ခဲ့သော သင်္ကြန်နောက်ဆုံးနေ့၌ပင်။ ဖြစ်ပုံမှာ မောင့်အဖေမှာ အငှားကားမောင်းသူဖြစ်ရာ သင်္ကြန်အတွင်း ချောင်းသာသို့ ရေပက်ခံခရီးထွက်သူများအတွက် လိုက်မောင်းပို့ရ၏။ ထိုအချိန်ကား သင်္ကြန်ရက်၏ နောက်ဆုံးနေ့ဖြစ်သော သင်္ကြန်အတက်နေ့၌ပင်။ ထိုသို့ မောင့်အဖေလိုက်ပို့ရင်း အပြန်လမ်း၌ ချောင်းသာအပြန်လမ်း၌ မမျှော်လင့်ဘဲ ကားမှောက်ကာ ဆုံးပါးသွားလေသည်။ တိုက်ဆိုင်မှုကလည်း ကြောက်ခမန်းလိလိပင်။ သို့ဖြစ်၍ မိသားစုထဲမှာ မောင်တစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။

   မောင့်မှာ ၀မ်းနည်းစိတ်ဖြင့် မနေတတ်မထိုင်တတ်ဖြစ်နေတုန်းမှာပင် မောင့်ဦးလေးဆိုသူက ရောက်ရှိလာပြီး အားပေးနှစ်သိမ့်ကာ ကူညီပေးခဲ့၏။ မောင် အင်ဂျင်နီယာဘွဲ့ ရရှိပြီး စင်္ကာပူ၌ အလုပ်အကိုင် ရရှိခဲ့တာကလည်း ထိုဦးလေး၏ ကျေးဇူးပင်။ ယခုကား သုံးနှစ်သုံးမိုး ငွေစုပြီး ငယ်ချစ်ဖြစ်သော သက်နှင့် လက်ထပ်ဖို့ အမိမြေသို့ မောင်ပြန်လာခြင်း ဖြစ်၏။

   စကားများသောမောင် တိတ်ဆိတ်နေသောအခါ ကျောက်ရုပ်သဏ္ဍန်အလား ထင်မိ၏။ သက် ဈေးဝယ်ပြီးသွားသည် အထိ မောင်က ငြိမ်သက်မြဲ။ ထို့ကြောင့် သက်က မောင်ပျော်သွားအောင် စရ၊ နောက်ရ၏။ ထိုတော့မှ မောင်က အားနာဟန်ဖြင့် သက်ကို ပြုံးပြရှာသည်။ သက်အတွက် မောင့်အပြုံးက အသက်မပါသော ဟန်ဆောင်ပြုံးမှန်း သိသာလွန်းသည်။

   ထို့နောက် သက်က မောင့်ကို ထမင်းစားချိန်နီးပြီဖြစ်ကြောင်း လက်မှ နာရီကို ပြ၏။ မောင်က သိဟန်ဖြင့် ခေါင်းကို ညိတ်ကာ ဆိုင်ကယ်ပေါ်သို့ ပစ္စည်းနဲ့ သက်ကို မျှအောင် တင်ပြီး အိမ်ဘက်သို့ ဦးတည် မောင်းလေသည်။

   အိမ်ကို ပြန်ရောက်တော့ ထမင်းစားပွဲ၌ အသင့်ပြင်ထားသော ထမင်းပွဲ ဟင်းပွဲများ အုပ်ဆောင်းဖြင့် အုပ်ထားပုံကို တွေ့ရ၏။ သက်အဖေကလည်း မိသားစု ထမင်းစားပွဲသို့ ပြန်ရောက်နေလေသည်။ ထမင်းစားပြီးရင်တော့ အဖေ ရုံးသို့ ပြန်သွားရအုံးမည်။ သက်တို့ မိသားစု ထမင်းစားပွဲ၌ စည်းကမ်းတစ်ခုရှိ၏။ ထိုစည်ကမ်းက မည်သူ ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ မိသားစုစုံညီအောင် စောင့်ပြီးမှသာ ထမင်းပွဲစတတ်၏။ အခုတော့ သက်တို့ ပြန်ရောက်လာ၍ လူစုံတက်စုံဖြစ်ကာ ထမင်းဝိုင်းမှ ဇွန်းသံ ခက်ရင်းသံများ စကားသံများဖြင့် စည်းကားနေလေသည်။

   အားလုံး စားသောက်ပြီ၍ အချိုပွဲသုံးဆောင်နေစဉ်မှာပင် အမေက သက်ကို အဒေါ်က ဖုန်းလှမ်းဆက်ကြောင်း ပြော၏။ အမေ့ညီမဖြစ်သော သက်အဒေါ်က စကိုင်းတောင်ရိုးရှိ သီလရှင်ကျောင်းမှ ဆရာလေးတစ်ပါးပင်။ ဒီနှစ်လည်း သက်ကို အရင်နှစ်လို တရားစခန်းဝင်အုံးမည်လားဟု လှမ်းမေးခြင်းပင်။ သက်က အမေ့ကို ဒီနှစ်တော့ တရားစခန်း မ၀င်ဖြစ်သည့်အကြောင်း ၊ မောင်နှင့် ရေပက်ခံ ထွက်လည်ကျမည့်အကြောင်း ပြန်ဖြေပေးရင် တောင်းဆို၏။ သက်ကိုယ်တိုင်က အရင်က ၀င်ဖြစ်သော အခံနှင့် ဒေါ်လေးကို ခေါင်းခါရာမှာ ၀န်လေးနေမိ၏။

   သက်နှင့် အမေပြောသောစကားကို မောင်ကြားသိဟန်ဖြင့် သက်ပြင်းကိုသာ ချနေ၏။ သက်စီစဉ်ပြီးသား အစီအစဉ်မို့ မောင် စိတ်လျော့ကာ လိုက်လျောတော့မည့်ပုံပင်။ သက်က မောင့်ကို အကြိုနေ့ကစပြီး လည်ဖြစ်မည်အကြောင်း ပျော်ပျော်ရွှင်ရွှင် ပြောမိ၏။ မောင်က ခေါင်းညိတ်ကာ “သက် အလိုကျပါ” ဟု ပြုံး၍ ပြောရှာပါသည်။ သက်ပျော်ရွှင်သွားဟန်ဖြင့် အဖေအမေတို့ အလစ်မှာ မောင့်နဖူးအား အနမ်း ခိုးခြွေလိုက်၏။ သက် အနမ်းကြောင့်လားတော့ မသိ။ ဒီတစ်ခါ မောင့် အပြုံးမှာ အသက်ဝင်၍ ပီပြင်လှပေသည်။

***************************************************************************

   သင်္ကြန်အကြိုနေ့မို့ သက် စောစောနိုးဖြစ်၏။ သက်နိုးပြီးပြီးချင်း အိပ်ခန်းမှ ပြူတင်းပေါက်ကို ဖွင့်လိုက်ရာ အိမ်ရှေ့ပိတောက်ပင်ကြီး၌ ပန်းများပွင့်နေသည်ကို မြင်ရ၏။ အခန်းထဲသို လေပြေတိုက်ခတ်တိုင်း သယ်ဆောင်လာသော ပိတောက်ရနံ့က သက်အတွက် စိတ်ချမ်းသာစရာပင်။ တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ရက်သာပွင့်သော ပိတောက်ပန်းများကို သက်မြတ်နိုင်း၏။ သက်မြတ်နိုင်းခြင်း၏ တစ်ခုတည်းသော အကြောင်းအရာကား မောင့်အပေါ်ထားရှိသော သက်အချစ်နဲ့ ဆင်တူသောကြောင့်ပင်။ တကယ်လည်း တူညီပေသည်။ မောင်အပေါ် သက်ရဲ့အချစ်က တစ်ကြိမ်တည်းမှာ တစ်ယောက်တည်းကိုမှ ရင်ခုန်စေပြီး တစ်ဦးတည်းကိုပဲ ချစ်မြတ်နိုးခဲ့သည် မဟုတ်လား။

   သက် ပိတောက်ကို အလှကြည့် ကြည်နှုးနေရာမှ မောင်ရောက်လာရင် လျှောက်လည်ဖို့ အဆင်သင့် ပြင်ဆင်လိုက်၏။ သိပ်မကြာခင်မှာပဲ မောင်ရောက်လာပါသည်။ မောင် ရောက်လာပြီး မရှေးမနှောင်းမှာပင် သက်ကြိုတင် ငှားရမ်းထားသော အမိုးဖွင့်တိုယိုတာ ကားဖြူလေးလည်း ဆိုက်ရောက်လာ၏။ ထိုကားမှ ဟွန်းတီးခေါ်သံကြောင့် သက်တို့နှစ်ယောက် အပြေးလေး အိမ်ရှေ့သို့ ထွက်လာကြ၏။ ပြီးလျှင် သက်တို့ ကားပေါ်သို့ နှစ်ယောက်သား တက်လိုက်ကြ၏။ ကားပေါ်၌ သက်တို့မှလွဲ၍ မည်သူမျှ မရှိသေးချေ။ ကြည့်ရတာ သက်တို့ကို အရင်ဦးစားပေး ခေါ်တာပဲ ဖြစ်မည်။ ဒါပြီးရင်တော့ သူငယ်ချင်းများကို လိုက်လှည့် ခေါ်ရအုံးမည်ပုံ။

   သက်တို့ကားပေါ်ရောက်၌ မောင်းထွက်သွားပြီး သက်သူငယ်ချင်းများရှိရာသို့ လှည့်တင်သည်။ မောင့်သူငယ်ချင်းများကိုလည်း သက်က လိုက်စေ၏။ မောင်မှာတော့ သူငယ်ချင်းမှာ ရှားရှားပါးပါး ထူးမောင်နှင့် ရဲမင်းနှစ်ယောက်သာရှိသည်။ သက်သူငယ်ချင်းမှာမူ အတော်များ၏။ ကျောင်းနေဖက်သူငယ်ချင်းများမှာ ဆယ်ယောက်ခွဲကျော်လောက် ပါဝင်သည်။ သက်တို့အုပ်စုကို မောင်တို့ သုံးယောက်နဲ့ ပေါင်းလိုက်ပါက ကားပေါ်မှာ (၂၁)ယောက် အတိပင်။

   ကားပေါ်၌ လူစုံပြီဆိုတာနဲ့ ကမ်းနားလမ်းရှိ မဏ္ဍပ်များသို့ လှည့်၏။ အကြိုနေ့မို့ နံနက်ပိုင်း လူသိပ်မစည်သေးချေ။ ထို့ကြောင့် သက်တို့ နည်းနည်းပါးပါးသာ လည်ဖြစ်ပြီး ထမင်းစာချိန်အမှီ ပြန်လာခဲ့သည်။ နေ့လည်လောက်မှ သက်တို့အုပ်စု ပြန်စုကာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအမှီ သွား၏။ သက်တို့ ရောက်သွားပြီး သိပ်မကြာခင်မှာပင် ယိမ်းသမလေးတို့၏ အကအလှနှင့်အတူ ဖွင့်ပွဲကြီးကို စည်ကားစွာ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်၏။ ဖွင့်ပွဲစတင်သည့် အချိန်မှာစ၍ လူတွေမှာ ပုရွက်ဆိတ်အုံ တုတ်နဲ့ ထိုးသည့်အလား မဏ္ဍပ်ရှေ့၌ ကြိတ်ကြိတ်တိုးနေ၏။ ထိုအချိန်မှစ၍ မဏ္ဍပ်တိုင်းကလည်း ပျော်ပျော်ရွှင်ရွှင် ရေကစားပါတော့သည်။

   သက်တို့ကားလေးမှာ ဖွင့်ပွဲကဏ္ဍပြီးဆုံးသည်နှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ မဏ္ဍပ်များသို့ လျှောက်လည်၏။ ထိုတင်မက မြို့တွင်းသို့လည်း နှံ့နေအောင် ပတ်၏။ ဒါတင်ပဲလား ဆိုတော့လည်း မဟုတ်သေးချေ။ လူအလွန်ရှုပ်ထွေးလှသော တောင်ပေါ်မဏ္ဍပ်များရှိရာသို့လည်း မရောက်ရောက်အောင် သွားသေးသည်။ သက်မြင်ရသလောက် နှစ်သစ်မှာ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ပင် စကြ၊ နောက်ကြ၏။ ပျော်စရာမြင်ကွင်းကြီး တစ်ခုလို နှစ်သက်ဖွယ်ကောင်း၏။ သို့သော်လည်း မူးရစ်ရမ်းကားတတ်သူ အနည်းအကျဉ်းရှိနေတာကိုက စိတ်မချမ်းသာစရာပင်။ လုံခြုံရေးများကလည်း တာဝန်ကျေပါသည်။ တားသင့်တာကို တား သတိပေးသင့်တာပေးဖြင့် အလုပ်ရှုပ်နေကြ၏။

   သက်တို့ အုပ်စု ညနေစောင်းတော့ တောင်ပေါ်အကြော်ဆိုင်မှာ ပူပူနွေးနွေး အကြော်များ စားသုံး၏။ ထို့နောက်မှာတော့ အိမ်ကို ပြန်လေသည်။ ညနေပိုင်း သက်၏ အစီအစဉ်မှာတော့ မောင်နှင့်သက် နှစ်ယောက်တည်းသာ မဏ္ဍပ်ပေါင်းစုံသို့ လျှောက်ကြည့်ကြ၏။ သက်တို့ လျှောက်ကြည့်ကြသော မဏ္ဍပ်များမှာ တစ်ခုနဲ့ တစ်ခု အသွင် မတူညီကြချေ။ အပြင်အဆင်မှ အစ၊ အကအလှ၊ အဆိုအပြော၊ အတီးအမှုတ် စသည်တို့မှာ မတူခြားနားစွာ လှပနေကြ၏။ ဒါတွေတင်မက သံချပ်အဖွဲ့များ၏ ခေတ်ဝေဖန်မှု သရော်ဟန်များကိုလည်း သက်တို့နှစ်ယောက်စလုံး သဘောကျကြ၏။ ပွဲစဉ်ပြီးသည်အထိ သက်တို့ ကြည့်ကြသောကြောင့် ညအတော်နက်မှပင် အိမ်သို့ ပြန်ရောက်ကြ၏။ ထိုသို့ သက်တို့နှစ်ယောက်စလုံး ပင်ပန်းသော်လည်း မနက်၊ ည အစီအစဉ်နှစ်ခုစလုံးကို လက်မလွှတ်ကြချေ။ သက်တို့နှစ်ယောက်မှာ အချိန်အတော်ကြာ သင်္ကြန်မှာ တွဲသွားတွဲလာ လုပ်နေကြသော်လည်း ပျော်ရွှင်မှုကြောင့်ပင်လားမသိ နှစ်ယောက်စလုံး အချိန်ကုန်မြန်သည်ဟု ထင်နေမိကြသည်။

   သက်တို့နှစ်ယောက် ထိုအစီအစဉ်အတိုင်း လှုပ်ရှားနေကြရာ သင်္ကြန်နောက်ဆုံးနေ့သို့ပင် ရောက်ရှိလာသည်။ ထို့နေ့ကျမှာပင် တိုက်တိုက်ဆိုင်ဆိုင် သက်က နေမကောင်း။ သုံးရက်စလုံး ပင်ပန်းစွာ လည်ခဲ့ရသည့် ဒဏ်ကြောင့် ပန်းဖျား ဖျားခြင်းပင် ဖြစ်၏။

   ထိုသို့ ဖျားနေသော်လည်း သက်က မောင်နှင့်အတူ ကားပေါ်တက်လိုက်ချင်သေး၏။ သိုသော်လည်း မောင်နဲ့ အမေ နှစ်ယောက်စလုံးက ခွင့်မပြုကြချေ။ မောင်ဆို ပို၍ပင် စိုးရိမ်သေး၏။ သင်္ကြန်နောက်ဆုံးနေ့ ရောက်တိုင်း သူနဲ့ ဆက်နွယ်သောသူ တစ်ခုခု ဖြစ်တတ်သောကြောင့် အစိုးရိမ်လွန်ခြင်းပင်။ ထို့ကြောင့် သင်္ကြန်လည်မည့်ကားနဲ့တောင် မလိုက်တော့ဘဲ သက်နားမှာ စောင့်ရှောက်နေမည်ဟု ပြော၏။ မောင် အဲ့ဒီလိုပြောသည်ကို သက်က လက်မခံချေ။ မောင်ကို လိုက်သာ သွားဖို့ အတင်းတိုက်တွန်း၏။ “သက်ကို ချစ်ရင် လိုက်သွားရမယ်” ဟု အကျပ်ကိုင်လိုက်မှ မောင်ပျာပျာသလဲနဲ့ လိုက်သွားရှာလေသည်။ သက် မောင့်ကို လိုက်သွားခိုင်းရခြင်းမှာ ကားအပေါ် မိန်းကလေးများနေ၍ စောင့်ရှောက်ဖို့ ယောက်ျားလေးအဖော် နည်းသောကြောင့် ဖြစ်၏။ တချို့ အကျင့်ယုတ်ညံ့သူများရန်မှ မိန်းကလေးတွေကို ယောက်ျားလေးများကသာ စောင့်ရှောက်နိုင်ပေသည်။

   မောင်တို့အဖွဲ့ ထွက်သွားတော့ အမေက သက်ကို ဆေးလာတိုက်၏။ သက် သောက်ပြီး သိပ်မကြာခင်မှာပင် တစ်ကိုယ်လုံးလည်း နုံးချိနေရာ ဆေးအရှိန်ကြောင့်ပင်လား မသိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။

   သက်တရေးနိုးလာတော့ အမေက သက်ရဲ့ အိပ်ရာဘေးမှာ စောင့်ရင်း အိပ်ပျော်နေလေသည်။ သက် အာခေါင်ခြောက်အောင် ရေဆာလာသဖြင့် ရေသောက်ချင်မိသည်။ သို့သော်လည်း အမေ့ကို သက်မနှိုးရက်။ ထို့ကြောင့်ပင် သက်ကိုယ်တိုင် အားစိုက်ပြီး ရေသောက်ဖို့ ကြိုးစားသည်။

   အိပ်ရာဘေး၌ ထောင်လျက်ထားသော ရေဘူးနဲ့ ဖန်ခွက်ကို သက် မမှီတမှီ လက်လှမ်းလိုက်လိုက်၏။ ထိုအခါ ရေဘူးကို လှမ်းမိသော်လည်း ဖန်ခွက်က လက်မှ ချော်ထွက်သွားလေသည်။ ထို့ကြောင့် တိတ်ဆိတ်သော အခန်းထဲ “ခွမ်း...” ခနဲ့ မြည်သံကြီးက ကြောက်လန့်ဖွယ်ရာ ထွက်ပေါ်လာ၏။ သံမံတလင်းပေါ် ဖန်ခွက်ကျကွဲသွားတဲ့ အသံကြောင့် အိပ်နေသော် အမေပင် လန့်နိုးလာသည်။ သက်မှာမူ ကာယကံရှင်မို့ လက်ရှိအဖြစ်အပျက်ပေါ် ကြက်သေ သေနေမိ၏။

   အမေကတော့ သက်ကို ဘာမှ အပြစ်မပြောချေ။ မပြောသည့်အပြင် ကြမ်းပြင်၌ ပြန့်ကျဲနေသော ဖန်ခွက်အစအနများကို လိုက်သိမ်းဆည်းနေ၏။ ထို့နောက်မှာတော့ သက်ကို ရေခပ်တိုက်၏။

   သက်မှာသာ ရေငတ်သောစိတ် အလိုလိုပျောက်သွားပြီး အမေပေးသော ရေခွက်ကိုင်ပြီး ငိုင်နေမိ၏။ လူဆိုသည်မှာလည်း ကြောက်လန့်စရာ အာရုံတွေ့လျှင် ရှိရင်းစွဲ ဖြစ်ချင်စိတ် ပျောက်သွားတတ်၏။

   ထိုအချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် စားပွဲပေါ်မှ သက်ရဲ့ကဖုန်းက “တတီတီ..” ထမြည်၏။ သက်မှာ နဂိုတည်းက လန့်သောအရှိန် မကုန်သေးရာ ဖုန်းသံကြောင့် တုန်တက်သွား၏။ နောက်ပိုင်းမှ ဖုန်း၏ မြည်သံမှန်းသိရာ မောင်ဆက်တာပဲ ဖြစ်မည်ဟု တွေးလိုက်သည်။ အမေက သက်ကိုင်ဖို့ မလွယ်မှန်းသိ၍ ကိုယ်စား ကိုင်ပေးရှာသည်။

   ထို့နောက် ဟိုဘက်က ဘာပြောလိုက်သည် မသိ အမေ အလန့်တကြား အော်ရှာသည်။ ၀မ်းနည်းနေသော အရိပ်အငွေ့က အမေ့မျက်နှာပေါ် ဖြတ်သန်းနေ၏။ အားလုံး ပြောကြားပြီးသည့်နောက် ဟိုဘက်က ဖုန်းချလိုက်ပုံရ၏။ အမေက လေးလေးပင်ပင် ဖုန်းကို ခပ်ဖြည်းဖြည်းချင်း ချလိုက်ပြီး သက်ကို ကြည့်နေရှာသည်။

   ထို့နောက် သက်က သိချင်စိတ်ဖြင့် အမေ့ကို အလောတကြီး မေး၏။

   “အမေ...

    မောင် ဘာများ မှာသွားသေးလဲဟင်”

   အမေက သက်ကို ချက်ချင်း ပြန်မဖြေဘဲ စိတ်မကောင်းဟန်ဖြင့်သာ ကြည့်နေ၏။ သက်က သိချင်စိတ်ဖြင့် ခေါင်းတမော့မော့ဖြစ်နေရာ အမေက သက်ကို ရင်ခွင်ထဲ ဆွဲထည့်၏။ ထို့နောက်မှာတော့ ဆုံးဖြတ်ချက် ချဟန်ဖြင့် သက်ကို ဖွင့်ပြောလေတော့သည်။

   “သမီး... စိတ်ခိုင်ခိုင် ထားနော်”

   အဲ့ဒီလို အမေပြောလိုက်မှ သက် စိုးရိမ်စိတ်က ဒီရေလို တိုးလာသည်။ ထို့ကြောင့် အမေ့ အမေးကို ခေါင်းကို ခပ်သွပ်သွပ် ညိတ်လိုက်၏။ သက်စိတ်ထဲမှာတော့ “ မောင်တစ်ခုခု မဖြစ်ပါစေနဲ့” ဟု အထပ်ထပ် အခါခါ ဆုတောင်း နေမိသည်။ သို့သော် အမေ ပြောလိုက်သော စကားကြောင့် သက် ဆုတောင်းမပြည့်တာ သေချာသွားတော့သည်။

   “သား... မောင် အောင်ပိုင်

    ဓားထိုး ခံရလို့ ဆုံးသွားရှာပြီတဲ့ သမီး”

   အမေက စကားလည်း ဆုံးရာ သားအရင်းဆုံးပါးသကဲ့သို့ သက်ကို ဖက်၍ ငိုရှာ၏။ အမေ့စကားအဆုံးမှာ သက်အဖို့ မယုံရဲအောင် ဖြစ်သွား၏။ အမေကတော့ အကြောင်းစုံကို ငိုရှိုက်ရင်း ဆက်လက်ပြောနေရှာသည်။ သက်မှာတော့ လက်ရှိသတိမှ လွတ်ကာ အမေပြောသော အသံအား နားမှ စွဲနေ၏။

  သက်ခေါင်းထဲမှာ ငြီးစိစိဖြင့် ကြားနေရတဲ့ အသံက အမူးသမားတစ်စုက မောင်တို့ ကားရှေ့၌ လမ်းပိတ်နေရာ မောင်က ဖယ်ပေးဖို့ မေတ္တာရပ်ခံကြောင်း၊ ဒါကို ဟိုဘက်က ရန်စတယ်ထင်ပြီး မောင့်ဝမ်းဗိုက်ကို ဓားနဲ့ ရုတ်တရက် ထိုးလိုက်ကြောင်း၊ မောင့်မှာ ချက်ကောင်းကိုမှ ဓားထိုးခံရ၍ ပွဲချင်းပြီး လမ်းပေါ်မှာပင် ဆုံးပါးသွားကြောင်း ထပ်ခါ ထပ်ခါ ကြား နေရ၏။

  သက် နားကို မည်သို့ပိတ်ပိတ် အသံက ကြားရတုန်း။ မကြားချင်လည်း ပိုကြားနေရ၏။ ထိုစကားကိုလည်း သက် ယုံကြည်စိတ် မရှိပါ။ မောင် ညနေကျရင် ပြန်လာမည်ဟု သက်ကို ဆက်ဆက်ပြောထားတာပဲဟာ။ ဒါကို ဘယ်သူတွေကများ သက်တို့ နှစ်ယောက်ကို စနောက်ကြတာလဲ။ ဒါဟာ မောင်ရဲ့တိုက်ဆိုင်မှု ကြမ္မာဆိုးတွေကို သိတဲ့သူက လုပ်တာပဲ ဖြစ်မယ်။ တော်တော် စိတ်ယုတ်စိတ်ပုတ် မွေးတဲ့သူ။ ဒါ တမင်သက်သက်လုပ်တာ။ အဲ့ဒီလူဟာ သက်တို့ သင်္ကြန်ပြီးရင် မင်္ဂလာဆောင်မှာကို မနာလိုလို့
ဖြစ်မယ်။ ပြီးတော့လည်း အစီအစဉ်မကျတဲ့ အလွဲကြီးနဲ့လူကို လန့်အောင် လုပ်သေးတယ်။ ဖြစ်မယ့်ဖြစ် မောင်နဲ့ ဆက်နွယ်တဲ့ သက်ပဲ တစ်ခုခု ဖြစ်ရမှာပေါ့။ မောင်က ဘာမှ မဖြစ်နိုင်ပါဘူး။ ဒီလို မဟုတ်တာ ပြောတဲ့သူတွေကို သက်ခွင်လွှတ်လို့ မဖြစ်ဘူး။ ဖုန်းထဲကနေ ရန်တွေ့လိုက်အုံးမယ်။

   သက်အတွေးများ ယောက်ယက်ခတ်ပြေးလွှားရင်း ဒေါသမျက်လုံး စူးစူးဖြင့် ခုနက အမေချထားသောဖုန်းကို ကောက်ယူကာ ဖုန်းနံပါတ်ပင် မနှိပ်ပဲ လှမ်းအော်တော့၏။ ဖုန်းလေးမှာသာ သက်ရဲ့ မကြားဝံ့ မနာသာ ဆဲဆိုသံများအောက် ဓားစာခံဖြစ်နေရှာသည်။ အမေကတော့ သက်ရဲ့အဖြစ်ကို ကြည့်ပြီး မူးမေ့လဲသွား၏။

   “ဟဲ့....ဘယ်လိုလူတွေလဲ++++++

    +++++++++++++++++++++

    မောင်ပြန်လာလိမ့်မယ်ဟေ့

     မောင်ပြန်လာလိမ့်မယ်++++++

     ++++++++++++++++++++”

စေပိုင်ထွဋ်(ပုသိမ်)(ရွှေမြို့ တော်)

(မှတ်ချက်။ ။ ဤ၀တ္ထုတိုသည် ပြတိုက်၌ ကျင်းပသော “လွမ်းငှက်တွန်ကျူး အတာနွေတန်ခူး” ခေါင်းစဉ်ဖြင့်ရေးသားရသော ၀တ္ထုတိုပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ခေါင်းစဉ်နဲ့ သိပ်မလိုက်သဖြင့် ကျွန်တော် ခေါင်းစဉ်ပြန်ပြောင်းထားပါသည်။ အပိုင်းဆက်များနှင့် တင်ဖို့ ရည်ရွယ်၍ “တန်ခူးမှာ ပွင့်သော ဓမ္မပန်း” ဟု ရေးသားဖို့ အစပျိုးခဲ့သေးပါသည်။ သို့သော်လည်း ဇာတ်လမ်းမှာ မတရားရှည်လွန်းနေသဖြင့် ခု လိုက်ဖက်သော ခေါင်းစဉ်နဲ့သာ အတိုချုံ့ ရေးသားခဲ့ခြင်း ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်)





0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"