အမေ ကျွန်တော်မသိတသိ စိတ်ကလေးနဲ့ မှတ်မိသေးတယ်အမေ (၇) လ ။( ၈)လ သား အမေ့ ၀မ်းထဲမှာပေါ့ နွေရာသီ ပူကလဲပူပါဘိသနဲ့ ။
အမေ သခွားသီးသုတ်နဲ့  ထမင်းစားတဲ့နေ့ ပေါ့ ။သခွားသီးသုတ်ထဲမှာ ။
ရှောက်ရည်တွေ ငရုပ်သီးစိမ်း တွေနဲ့  အမေ ထမင်း စားကောင်းခဲ့တဲ့နေ့ ပေါ့ ။
အမေ့ ညီမကပြောတယ် ။
++ မမ ခံတွင်းပျက်နေမှန်းသိလို့ ညီမလေးလုပ်ကြွေးတာများများစား ++
++ အမလေးများများစားလို့  မဖြစ်ပါဘူးအေ ငါဗိုက်ထဲက ငါ့သားလေး ပူစပ်ပူလောင်ဖြစ်သွားပါဦးမယ် ++
++ နဲနဲ ပဲစားမယ် ++
အမေကြိုက်ပေမဲ့ ကျွန်တော့်ကို ငဲ့ပြီးအမေနဲနဲပဲစားခဲ့တာ ကျွန်တော်သိနေပါတယ်အမေ ။
အဲဒီညက အမေဗိုက်ထဲမှာကျွန်တော်နေရတာ ကျဉ်းကြပ်တာကြောင့် တခြားရက်တွေထက် ။
ကျွန်တော့ကိုယ်ကို ပိုပြီးအလှည့်အပြောင်းလုပ်မိတယ်အမေ ။ ဒါကိုစိုးရိမ်တဲ့အမေက မျက်ရည်လေးစမ်းစမ်းနဲ့  ။
ဗိုက်ကလေးကိုပွတ်ပြီးပြောရှာတယ် ။
++ သားလေး ဗိုက်တာလို့ လား ငရုပ်သီးစိမ်းကြောင့်လား ။ အမေနဲနဲပဲစားတာပါသားရယ် ++
++ အမေနောက်ဆိုမစားတော့ပါဘူးနော် ++
တကယ်ဆို ၉ လ လွယ် ၁၀ လ ဖွား ကျွန်တော်မွေးခါနီးအလှည့်အပြောင်းလုပ်တာကို အမေစိုးရိမ်ပိုပြီးငိုခဲ့တာပါ ။
ကျွန်တော့်ကိုမွေးတဲ့အချိန် အမေ့မှာနာကျင်တဲ့ဝေဒနာတွေခံစားရင်နဲ့  မျက်ရည်ကြားကအံကြိတ်ပြီး ။
ကျွန်တော့်ကို လူ့ လောကထဲခေါ်ခဲ့တာမှတ်မိနေပါတယ်အမေ ။ ကျေးဇူးတင်ပါတယ်အမေ ။
ကျွန်တော်အပြင်ကို ရောက်လာပြန်တော့လည်း ကျွန်တော့်နဖူး နဲ့ ပါးပြင်တွေကို အမေအပြုံးမျက်နှာနဲ့ နမ်းနေခဲ့ပေမဲ့ ။
အမေ့မျက်မျက်ဝန်းမှာ မျက်ရည်တွေရှိနေတာကို သတိထားမိခဲ့ပါတယ်အမေ ။
တနှစ်သားအရွယ်မှာ ကျွန်တော်နေမကောင်းဖြစ်တော့လည်း အမေဆေးခန်းပေါင်းစုံလိုက်ပြပြီး မျက်ရည်စိုငိုခဲ့တာလဲအမေပါပဲ။
နေမကောင်းတဲ့ ၂ရက် ၃ရက်မှာ အမေမအိပ်ပဲ စိုးရိမ်တဲ့မျက်နှာနဲ့  ကျွန်တော့်ကိုပဲအရိပ်လိုကြည့်နေခဲ့တာသတိယနေပါတယ်အမေ။
ကျွန်တော် မူလတန်းစ တက်တဲ့နေ့  ကျောင်းဝတ်စုံလေးနဲ့ လွယ်အိပ်ကလေး လွယ်ထားတဲ့ကျွန်တော်ကိုအမေကပြောခဲ့တယ်။
++ သားလေးစာကျိုးစားသင်နော် ပညာတတ်ကြီးဖြစ်အောင်လုပ်နော် ++
အဲဒီအချိန်မှာပဲ အမေ ၀မ်းသာလွန်းလို့ မျက်ရည်ကျခဲ့ပြန်တယ် ။
ပညာသင်နေဆဲကာလမှာကျွန်တော် ပညာသင်ဆုတွေရလို့  ရတဲ့ဆုတွေကို အမေ့လက်ထဲထည့်ပေးပြန်တော့လည်း ။
အမေပျော်လို့ မျက်ရည်ကျခဲ့ပြန်တယ်။
မှတ်မှတ်ရရ ကျွန်တော် ဘွဲ့ ယူတဲ့နေ့ မှာဓါတ်ပုံရိုက်ကြတော့ အမေကျွန်တော့်မျက်နှာကြည့်ပြီး ပြောပြန်ပါတယ် ။
++ သြော်ငါ့သားလေး ပညာတတ်ကြီးတစ်ယောက်ဖြစ်သွားပြီ အမေ၀မ်းသာလိုက်တာသားရယ် ++
ဒီစကားလုံးတွေကို လ ည်း အမေ မျက်ရည်ကြားကပဲပြောခဲ့တာပါအမေ ။
ကျွန်တော်မှတ်မှတ် ရရ နေ့ ကလေးကတော့ နိုင်ငံခြားမှာအလုပ်သွားလုပ်မလို့  အမေ့ ကိုနှုတ်ဆက်တဲ့ နေ့ လေးပါပဲ ။
အမေကမလွှတ်ချင်ပေမဲ့ သားဆန္ဒကိုလိုက်လျောပြီးအမေ ခွင့်ပြုခဲ့တာသားသိပါတယ်အမေ ။
အမေမျက်ရည်ကြားက စိုးရိမ်စိတ်တွေနဲ့  သားကိုဆုံးမစကားတွေပြောခဲ့သေးတယ်လေ ။
++ သားလေးအလုပ်ကိုလည်းကျိုးစားလုပ် အစားအသောက်ကိုလည်းဆင်ခြင်နော် ကျမ္မာရေးကိုလည်းဂရုစိုက်++
++ ရတဲ့ပိုက်ဆံကို သားလေးလိုတာသုံး ပိုတာမှအမေ့ ကိုပို့ နော် ++
အမေရဲ့ စေတနာစကားတွေနဲ့ မျက်ရည်တွေကို ကြည့်ပြီး သားလည်းငိုကြွေးခဲ့ရပါတယ်အမေ ။
သားပို့ ပေးတဲ့ပိုက်ဆံတွေနဲ့  အမေကောင်းမှုကုသိုလ်တွေလုပ်ပေးခဲ့သလို အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းကိုလည်း။
အမေဆွမ်းလောင်းရင်းပြောခဲ့သေးတယ်မဟုတ်လား ။
++ တစ်ခါမှမခွဲဘူးတော့သားလေးကိုလွမ်းလိုက်တာဦးဇင်းရယ် ++
++ အမြဲသွားနေတာမှမဟုတ်ပဲဒကာမကြီးရယ် ခဏပဲဟာ အချိန်တန်ရင်ပြန်လာမှာပေါ့ ၂နှစ် ၃နှစ် ဆိုတာခဏလေးပါ ++
++ ဒီလောက်လည်း ပူဆွေးသောကရောက်မနေပါနဲ့  ဒကာမကြီးရယ် ++
ဦးဇင်းရဲ့အားပေးစကားတွေကိုလည်း အမေ မျက်ရည်ကြားကပဲနားတောင်ခဲ့တာမဟုတ်လားအမေ ။
ကျွန်တော်စိတ်မကောင်းအဖြစ်ဆုံးကတော့ ကျွန်တော်မင်္ဂလာဆောင်တဲ့နေ့ ပဲအမေ ။ ကျွန်တော့်မင်္ဂလာဆောင်မှာ ။
အမေဟန်ဆောင်အပြုံးတွေနဲ့  ပရိတ်သတ်ကိုလိုက်ပြီးနှုတ်ဆက်နေပေမဲ့ အမေ့ရင်ထဲက ၀မ်းနည်းနေတဲ့ခံစားချက်ကို ။
အမေ့မျက်နှာမှာကျွန်တော်တွေ့ နေရပါတယ်အမေ ။
မင်္ဂလာပွဲပြီးလို့  ကျွန်တော်နဲ့ ကောင်မလေး အမေ့ကိုကန်တော့ကြတော့ အမေမငိုမိအောင်ဟန်ဆောင်ထိမ်းထားပြီး။
ဆုတွေပေးခဲ့တာသားသိပါတယ်အမေ ။ ငယ်ငယ်ကတည်းကရင်အုပ်မကွာပြုစုလာခဲ့တဲ့သားကို ခုချိန်ကျမှ ။
ဘယ်ကပေါ်လာမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်ထဲသားကိုထည့်ပေးလိုက်ရမှာ အမေ ဘယ်လောက်နှမျောတသ။
ဝမ်းနည်းနေမလဲဆိုတာ သားရိပ်မိနေပါတယ်အမေ ။ အမေကအိမ်ပေါက်ဝကသားကိုလက်ပြ သားကလည်း လမ်းမပေါ်ကအမေ့ ကိုလက်ပြ။
အဲဒီတော့မှအမေ့ မျက်ရည်တွေစီးကျလာပြီး နှမျော တသ ၀မ်းနည်းတဲ့အရိပ်တွေကို အမေ့ မျက်ရည်ကြားမှာ သားတွေ့ လိုက်ရပါတယ်။
ကောင်မလေးအိမ်ကိုလိုက်သွားတဲ့ လမ်းတလျှောက်မှာတော့ အမေ့ ရဲ့ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်နှာကိုပဲမြင်ယောင်နေမိတယ်။
သားလည်းအဲဒီနေ့ ကတော်တော် လေးစိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။
သီတင်းကျွတ်လပြည့်နေ့  ကျွန်တော်တို့ မိသားစု အမေ့ကိုလာကန်တော့ကြတဲ့အခါကျွန်တော့်သား ၂ နှစ်သားလေးကို ။
အမေ့ပေါင်ပေါ်ထိုင်ခိုင်းပြီး အမေမေးခဲ့တယ်လေ ။
++ မြေးလေး ဖွားဖွားကိုချစ်လား ++
++ ချစ်တယ်ဖွားဖွား ++
++ ဖေဖေ မေမေ နဲ့  ဖွားဖွား ဘယ်သူ့ ကိုပိုချစ်လဲ ++
++ ဖွားဖွား ကိုပိုချစ်တယ် ++
စကားတတ်လွန်းတဲ့ ကျွန်တော့်သားလေးကြောင့် အမေပျော်နေတာကို ကျွန်တော် မြင်ရပေမဲ့ အမေမြေးလေးကိုနမ်းရှုံ့ ရင်းနဲ့ ။
အမေမျက်ရည်လည်နေတာကို သားသတိထားမိခဲ့ပါတယ်အမေ ရယ် ။
သြော်သားလည်းအရွယ်ရောက် လူလားမြောက်လို့  လူကြီးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အမေ့ရဲ့ မျက်ရည်များ။
ဝမ်းသာလို့ ကျတဲ့ မျက်ရည်
ဝမ်းနည်းလို့ ကျတဲ့ မျက်ရည်
ပျော်လို့ ကျတဲ့ မျက်ရည်
စိတ်မကောင်းဖြစ်လို့ ကျတဲ့ မျက်ရည်
စိုးရိမ်လို့ ကျတဲ့ မျက်ရည်
နှမျောတသလို့ ကျတဲ့ မျက်ရည်
ပီတိဖြစ်လို့ ကျတဲ့ မျက်ရည်
ကြည်နှုးလို့  ကျတဲ့မျက်ရည်
ခံစားမှုအမျိုးမျိုး နဲ့ ပုံဖေါ်ပြီး ကျခဲ့တဲ့ အမေ့ မျက်ရည်များကိုတော့ သားအမြဲမှတ်မိနေသလို သားတစ်သက် ။
ဘယ်တော့မှလည်း မေ့နိုင်စွမ်းရှိတော့ မှာ မဟုတ်ပါဘူးအမေရယ် ။။။။။။
မှတ်ချက် ။။ ။။။ အမေကိုချစ်မြတ်နိုးကြသော သူငယ်ချင်းများအားလုံးအတွက်
သတိတရ ရည်ညွှန်းရေးဖွဲ့ ပါသည်။
(ကိုမောင်မောင်)
0 comments:
Post a Comment