ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ ...
လူလိမ္မာတို့မည်သည်မှာ တစ်ပါးသူ၏ အမှားမှ သင်ခန်းစာယူကြကုန်၏...
လူမိုက်တို့မည်သည်မှာ ကိုယ်တိုင်မှား မှ သင်ခန်းစာရကုန်ကြသည်...
ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျှက် နှင့် သင်ခန်းစာ မယူတတ်ကြကုန်....
ဆရာဦးအောင်သင်းဂဠုန်ဦးစော...
ဦးစောသည် လွတ်လပ်ရေးမရမှီ စစ်ကြိုခေတ်တွင် သာမန် နိုင်ငံရေးသမားဘ၀ မှ ဥပဒေပြုလွှတ်တော် အမတ်၊
ဝန်ကြီး၊ နန်းရင်းဝန်ကြီး စသည်ဖြင့် အဆင့်ဆင့် တက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှအစိုးရ၏ စစ်တွင်း
အကျဉ်းသမားဘ၀ဖြင့် ယူဂန္ဓာ တွင် အချုပ်ခံနေရသည်။ စစ်ပြီးစ ဗမာပြည်တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးဘ၀မှ အစ
နိုင်ငံတော်လုပ်ကြံမှုကြီး ၏ ခေါင်းဆောင် တရားခံဘ၀ဖြင့် နိဂုံးချုပ်ခဲ့ရသူတစ်ဦးဖြစ်သည်။
ဂလဲ့စားချေသမား..
အဆိုပါ ဦးစောသည် သတ္တမတန်းမျှသာ အောင်မြင်သော အောက်တန်းရှေ့နေကလေးပင် ဖြစ်လင့်ကစား သူ့တွင်
တိုးတက်ကြီးပွားလိုသော ကြိုးစားမှု၊ အမှီလိုက်မှု၊ ဖြတ်လမ်းကြိုက်မှု နှင့် ဆရာမရှောင် တပည့်မရှောင် လက်စား
ချေမှုများတွင် သူမတူအောင် လက်ဖြောင့်သူဟု ဆိုရပါမည်။ ဤမျှသာ မဟုတ်သေး၊ အကြံကြီးပြီး ရက်စက်သည်။
ပြင်းထန်လွန်းသော အရင်းစိတ်ပိုင်ရှင်ဖြစ်ပြီး ပရိယာယ်ေ၀၀ုဒ် နှင့် အရှောင်အတိမ်းကောင်းသူဟု ကျော်ကြားသည်။
သို့သော် ယင်းမကောင်းမှုများဖြင့် မည်မျှပင် ကျော်ကြားစေကာမူ လုပ်ကြံမှုကြီးအပြီး (၅)နာရီ အကွာတွင် ဦးစော
နှင့်တကွ ရက်စက်ယုတ်မာလှသော သူ၏ သစ္စာဖောက်ဂိုဏ်းသားများအား ချက်ခြင်း ဖမ်းဆီးရမိပြီးဖြစ်တော့သည်။
ဦးစောနှင့် အပေါင်းအပါတို့အား ဖမ်းဆီးပြီးသည် နှင့် သက်ဆိုင်ရာ သက်သေခံ ပစ္စည်းများ နှင့် အခြား သက်သေ
အထောက်အထားများ ခိုင်လုံစွာ တွေ့ရှိရသောကြောင့် အထူးရာဇ၀တ်ခုံရုံးသို့ အမှုတင်စစ်ဆေးခဲ့ရာ (၂)လကျော်
မျှ စစ်ဆေးခဲ့ရပြီး၊ ၁၉၄၇-ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် စစ်ဆေးမှု ပြီးဆုံးခဲ့လေသည်။
ကြိုးမိန့်ပစ်ဒဏ်..
အမှုစစ်ဆေးမှုတွင် ဦးစောမှ သီးခြားငှါးရမ်းထားသော ဘိလပ်မှ တော်ဝင်ဝတ်လုံကြီး မစ္စတာ ကားတစ်ဘက်နက်၊
နှင့် အစိုးရရှေ့နေချုပ်ကြီး ဦးထွန်းဖြူ တို့ နှစ်ဘက်ရှေ့နေတို့၏ တင်ပြလျှောက်လဲချက်များကို ကြားနာစိစစ်ခဲ့သည်။
ဤတွင် တရားခံများဖြစ်ကြသော ဦးစော နှင့် အပေါင်းအပါတို့အား မည်သို့မျှ ကာကွယ်ပေးနိုင်စွမ်း မရှိတော့ချေ။
သို့ဖြင့် အထူး ရာဇ၀တ်ခုံရုံး သဘာပတိ ဦးကျော်မြင့်သည် (၈၄)မျက်နှာရှိ ရှည်လျားသော စီရင်ချက်ကြီးကို
(၂)နာရီကြာမျှ ဖတ်ကြားအပြီး ဦးစော နှင့် အပေါင်းအပါတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)အရ ပြစ်မှု ထင်
ရှားခဲ့သဖြင့် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီး ၎င်းတို့အားလုံးအပေါ် ကြိုးမိန့်ပစ်ဒဏ် ချမှတ်လိုက်တော့သည်။
စီရင်ချက် ဖတ်ကြားရာတွင် ငြိမ်သက်စွာ နားထောင်နေသော ဦးစောသည် သေဒဏ် ဟု ကြားလိုက်ရစဉ် မျက်နှာ
ပျက်သွားသည်။ ဖြူယော်ယော်ဖြစ်လာသည်။
ဦးစော၏ နောက်ဆုံးနေ့ ....
ထိုနေ့ကား .. ၁၉၄၈-ခုနှစ်၊ မေလ(၈)ရက်နေ့ အရုဏ်ဦးပင်ဖြစ်သည်.. နံနက်ခင်း ၏ ပူနွေးသော အရုဏ်ဦး၏
ရောင်ခြည်သည် ခပ်ဆိုင်းဆိုင်း ခပ်မှိုင်းမှိုင်းဖြင့် အင်းစိန်ထောင်ကြီး၏ ဗူးဝတွင် တရားရေးဌာန အတွင်းဝန်
ဦးစံညွန့်၊ အကျဉ်းဌာနမင်းကြီး ဦးဘမောင်၊ ရဲချုပ် ရဲမင်းကြီးများ၊ တရားသူကြီးများ၊ ဆရာဝန်များ နှင့် ခွင့်ပြု
ချက်ဖြင့် ရောက်ရှိလာကြသော စစ်ဘက်နယ်ဘက်မှ အရာရှိများသည် စုဝေးရောက်ရှိနေကြပေပြီ။ အင်းစိန်ထောင်
ကြီး မှ ထောင်ပိုင် ဦးတင်မောင်သည် ရောက်ရှိလာကြသော ဌာနဆိုင်ရာများအား ခရီးဦးကြိုပြုလျှက် ထောင်ကြီး
အတွင်းသို့ ၎င်းကပင်ဦးဆောင်ခေါ်ယူသွားပြီး ယနေ့ နံနက် နေမထွက်မှီ အပြီးဆောင်ရွက်ရမည်ဖြစ်သော လုပ်ငန်း
တစ်ခုအတွက် ပိပိရိရိ အမှားအယွင်း အတိမ်းအစောင်းမရှိအောင် ဆောင်ရွက်ထားပြီးသော ကိစ္စများကို ထပ်လောင်း
စစ်ဆေးနိုင်ရန် ရှင်းလင်းတင်ပြနေသည်။ ယင်းကိစ္စကား အခြားမဟုတ် လုပ်ကြံမှုတရားခံ ဦးစောတို့အား အချိန်မှီ
ကြိုးမိန့်ပြစ်ဒဏ်ပေးရန် အစီအစဉ်ပင် ဖြစ်ပေသည်။
ဦးစောသည် ၎င်း၏ လွတ်မြောက်ရေးကို နည်းမျိုးစုံဖြင့် ကြိုးစားသေးသည်။ အယူခံများ၊ အသနား
ခံစာများ အဆင့်ဆင့်ဖြင့်တမျိုး၊ ၎င်း၏ အားကိုးရာ နိုင်ငံခြားသံရုံး တရုံးသို့ လျှို့ဝှက်စွာ အကူအညီတောင်းခံသည်
ကတဖုံ နောက်ဆုံး ဦးစောသည် သူ့ကိုယ်သူပင် လုပ်ကြံရန် ကြံစီခဲ့သည်။ သို့သော် သူ၏ ကြိုးပမ်းမှုမှာ အရာ
မထင်ခဲ့၊ အထမမြောက်ခဲ့ပေ။ မျှော်လင့်ချက် ကုန်ဆုံးသည် နှင့် ဦးစောသည် သူလိုသော အခွင့်အရေးများကို
တန်းစီတောင်းတော့သည်။ ၎င်းတို့မှာ သူ့အတွက် သေဒဏ်အတည်ဖြစ်လျှင် လက်ထိပ်မခတ်ဘဲ ကြိုးစင်သို့ခေါ်ရန်၊
သူတစ်ဦးတည်းကို ဦးဆုံးကြိုးဒဏ်ပေးရန်၊ ၎င်း၏ ဘ၀ကူး ကောင်းရန် သူ့အားဘာမျှ မပြောကြတော့ဘဲ ဆိတ်
ငြိမ်စွာ နေခွင့်ပြုရန် နှင့် လယ်တီဆရာတော် ဘုရားကြီး ရေးသားပြုစုထားသော တရားစာအုပ်များ၊ ဒီပနီများ
ကို ၀ယ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။
တရားတွေ့သော်လည်း နောက်ကျ...
တစ်နေ့ ဦးစောနှင့် ၎င်းအတွက် အထူးတာဝန်ချထားသူ ထောင်အရာရှိငယ်တစ်ဦးတို့ စကားစပ်မိကြသည်။
ဦးစောက တရားသံဝေဂသံပါပါ နှင့် သွယ်ဝိုက်ဖြောက်ချက်ပေးသကဲ့သို့ ပြောခဲ့သည်မှာ ...
" ကျုပ်ဟာ တသက်လုံး ဗုဒ္ဓဘာသာလို့ပြောခဲ့တာပဲ.. ဒါပေမယ့် တကယ်တော့ မည်ခါမျှမတ္တ ဗုဒ္ဓသာသာမျှသာ
ဖြစ်ခဲ့တာကို ခုလို တရားစာပေ လေ့လာမိမှ ပိုပြီး သိရတယ်..ကျုပ်ဟာ လောကမှာ ရှိတဲ့ မကောင်းမှု မှန်သ၍
မလုပ်ခဲ့ဖူးတာလဲမရှိဘူး... လောကရဲ့ စံစားရမဲ့ အကောင်းဆုံးတွေကိုလဲ ကျုပ်မတွေ့ခဲ့ဖူးတာလဲ မရှိဘူး..
ဒါပေမယ့် ခုတွေ့ရမဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကို ကျုပ်တခါမျှ မတွေ့ခဲ့ဖူးဘူး" ဟု ဖွင့်ဟ ၀န်ခံလျှက် ...
" ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလဲ ဘာသာရေးကို အလေးအနက် မပြုမိဘူး..ဘာသာရေးဟာ ကျုပ်အတွက်
ဟန်ပြ အဆောင်အယောင်တစ်ခုလောက်သာ ရှိခဲ့တယ်..ကျုပ်ဆန္ဒမှာ ရှိတာက ကျုပ်အာဏာတည်မြဲရေး ကြီးပွား
ရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ပုံစံသွင်းချင်တာဘဲ ကျုပ်မှာ အဓိက ဖြစ်ခဲ့တယ်.. ဒီအချိန်ကသာ ခုတွေ့ရတဲ့
တရားတော်ကို တွေ့ရင် ခုလိုလဲ ဖြစ်မယ် မထင်မိဘူး" ဟု ဖွင့်အံခဲ့ဘူးသည်။မဟာအမှား...
ဤမျှသာ မကသေး ဦးစောတွင် ကြီးမားသော အစွဲအလန်းကြီးတစ်ခုကြောင့် သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့
ရသေးသည်။ " ဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀ နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်..ဒီအချိန်က ရွှေဘိုနယ်မှာ
အတော် ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်တဲ့ သစ်ကနက်(သင်္ကန်းနက်)ဘုရား မတ်ရပ်
ဆင်းတုတော်ဟာ အတော် တန်ခိုးကြီးတယ်.. ဆုတောင်းပြည့်တယ်.. လိုတရတယ်..ရန်ကို အောင်နိုင်တယ်ဆိုတဲ့
သတင်းကြောင့် ဒီဘုရားကို မရအရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်.. ဒါပေမယ့် ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့
ပင့်ခဲ့တာ မဟုတ်ဘူး၊ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာဘဲ၊ ဒီတော့ ဆင်းတုတော်ကို သာမာန်မျှသာ ကိုးကွယ်
တဲ့ အဆင့် မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုးဘဲ ထားခဲ့မိတယ်...အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးဘဲ...
နောက်မှ သိရတာက ယင်းဆင်းတုတော်ကြီးသည် တန်ခိုးကြီးသလောက် အလွန်ခိုက်တယ်ဆိုတာ သိရတော့
နောက်ကျသွားပြီ.. ဒီတော့.. ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမားဖြစ်လိုက် သေနပ်ပစ်ခံလိုက်နှင့် နောက်ဆုံး ခု
အခြေအထိ ဖြစ်ခဲ့တာဘဲ ... နောက် ကျုပ်ဒီထဲရောက်မှ အဲဒီ ဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေဒေါင့်မှာ
ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ် " ဟု ၀မ်းနည်းစွာ ပြောခဲ့သည်..
၎င်း ဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ ရေစက်ချသွားခဲ့သည်.။
နောက်ဆုံးအပြုံးများ...
သို့ဖြစ်ပင် ယနေ့သည် ဦးစောအတွက် နောက်ဆုံးနေ့ရက်..နောက်ဆုံးအချိန်သို့ ဆိုက်ရောက်ခဲ့ပြီ..
အစီအစဉ်များအရ ကျွန်တော်တို့ အားလုံးသည် အသင့်ဖြစ်နေကြပြီ..တရားရေးဌာန အတွင်းဝန် နှင့် အကျဉ်းဌာန
မင်းကြီးတို့ ဦးဆောင်လျှက် ကျွန်တော်တို့သည် ဦးစောထားရာ ကြိုးတိုက်သို့ ဆိပ်ငြိမ်စွာလျှောက်လာကြသည်။
ဦးစော ၏ ကြိုးတိုက်ကလေးသည် ဓာတ်မီးရောင် ဆီမီးရောင်များကြောင့် လင်းသရောင်ရှိနေသည်။
ကြိုးတိုက်ရှေ့သို့ ကျွန်တော်တို့ အရောက်တွင် ဦးစောသည် အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်သည်။ ကြိုးတိုက်အတွင်းရှိ
ဦးစော ၏ ဆင်းတုတော်ကလေးတွင် ဆီးမီးပတ်လည် ကော်ဖီဆွမ်း၊ မုန့်ဆွမ်းများဖြင့် ပန်းရေချမ်းများပါ ဝေေ၀ဆာ
ကပ်ထားသည်ကို တွေ့ရသည်။ ဦးစော ၏ အစားအသောက်များကို တာဝန်ယူရသော အကျဉ်း သမားလေး
မောင်စင်္ကာပူမှာ- ၎င်း ၏ ဆရာအတွက် နံက်စာကို(၃)နာရီကပင် အသင့်ရှိနေသော်လည်း ဦးစောကား စားမသွားခဲ့ပေ။
ဦးစောသည် ၎င်း၏ ကိုယ်တွင် ၎င်း၏ဇနီး(မာမီကြီး) အကြိုက်ဟုပြောသော ပိုးရှမ်းဘောင်းဘီဝါ၊ ပိုးရှပ် လက်တိုအပြာနုရောင် ရေညှိရောင် မော်လမြိုင်ရှေ့ထိုးဘိနပ်များဖြင့် သပ်ယပ်စွာ ၀တ်ဆင်လျက် အသင့်ရှိနေသည်။
ကျန်ခဲ့သော သူပိုင်ပစ္စည်းကလေးများကို သူပေးလိုသူများ၏ အမည်ဖြင့်ယှဉ်လျက် သူ့ကုတင်ပေါ်တွင် တန်းစီတင်ခဲ့ပြီး
၎င်းနှင့်အတူရှိနေသော ထောင်အရာရှိငယ်တဦးအား လွှဲအပ်ပေးခဲ့သည်။
ကြိုးစင်သို့ ....
ထောင်မှူးကြီး ဦးစံတင့်သည် ကြိုးကျတရားခံများ ၀တ်ဆင်ရမြဲဖြစ်သည့် အင်္ကျီဖြူအရှေ့ကျောကွဲ(၀တ်ရုံဖြူ)ကို
လက်တဘက်တွင်တင်လျက် ကျန်လက်တစ်ဖက်မှ ဦးစော၏ ကြိုးတိုက် သံတံခါးသော့ကို ဖွင့်မည်ပြုစဉ် ....
" ဒီဟာကြီးကို ဟိုပေါ်ရောက်မှ ၀တ်ပေးရင် မဖြစ်ဘူးလား" ဟု ဦးစောက မေးလိုက်ရာ ထောင်မှူးကြီး တံခါးဖွင့်နေသော
လက်သည် တန့်သွားပြီး သက်ဆိုင်ရာ အရာရှိကြီးများ၏ မျက်နှာကို ဆင့်ကဲ ဆင့်ကဲ ကြည့်လိုက်သည်။
ပြီးမှ အမိန့်ရသည့်အလား ကြိုးတိုက်သံတံခါးကို ဖွင့်လိုက်သည်နှင့် ဖောင်ပိုင်ကြီး နှင့် ထောင်မှူးကြီးတို့သည် ဦးစောအား
ဝဲ ယာ ညှပ်လျက်တွဲပြီးဖြစ်နေတော့သည်။ ဦးစောကား လက်ထိပ်မပါ ၀တ်ရုံဖြူဗလာဖြင့် ၎င်း၏ နောက်ဆုံးခရီးဖြစ်သော
ကြိုးစင် ရှိရာသို့ ညင်သာတိတ်ဆိပ်စွာဖြင့် လိုက်ပါလာခဲ့သည်။
သက်ရှိအသုဘ..
ကျွန်တော်တို့သည် ဆိပ်ငြိမ်လေးလံသော ခြေလှမ်းများဖြင့် ဦးစော၏ နောက်မှ ကပ်လျက်ပါလာကြသော်လည်း ခံစားချက်
ကား ပြင်းထန်သည်ဟု ဆိုရပါမည်။ အသက်ရှိ ကျန်းမာဝဖြိုးလျက် ရှိနေသူ တစ်ဦးအား အသုဘအဖြစ် လိုက်လံပို့ဆောင်
သကဲ့သို့ ရှိနေသည်မှာ ကျွန်တော်တို့အတွက် မသက်မသာလှပါ။
ကြိုးစင်အားမြင်နေရပေပြီ..ကြိုးစင်ရှေ့ ရောက်လုနီးနီး ဦးစောမှာကား.. ခြေလှမ်းလေးလာသည်။ ခြေဒရွတ်ဆွဲလာသည်။
သို့သော် သတိကား လက်မလွတ်ပေ။ တွေ့သောသူ၏ သိဟောင်းကြွမ်းဟောင်းများကို အပြုံးဖြင့် နှုတ်ဆက်လျှက်ရှိပြန်သည်။
ကြိုးစင်ခြေရင်းသို့အရောက် ထောင်မှူးကြီး၏ သတိပေးမှုဖြင့် အသင့်ရှိနေသော ဆင်းတုတော်ကလေးအား ဦးညွတ်ဝတ်ပြု
လျက် ဦးစောမှာ ဘိနပ်မပါတော့ဘဲ ထောင်မှူးကြီး ဦးစံတင့် ၏ တွဲခေါ်ရာ ကြိုးစင်သို့သာ တန်းတန်းမတ်မတ် တက်သွား
တော့သည်။
တစ်ကိုယ်တော် အခွင့်အရေး ..
ကြိုးစင်မှာ (၂)ယောက် တပြိုင်တည်းပေးနိုင်သော နှစ်ခုတွဲဖြစ်သော်လည်း အခွင့်အရေးတောင်းတတ်သော ဦးစော ၏
တောင်းပန်ချက်အရ သူ့အား နောက်ဆုံး အခွင့်အရေးဖြင့် သူတစ်ဦးတည်းကိုသာ ပထမကြိုးမိန့်ပြစ်ဒဏ်ကို ခံယူစေခဲ့သည်။
အရုဏ်ဦး၏ နံနက်ရောင်ခြည်သည် ဦးစောနှင့် ပြိုင်တူ ကြိုးစင်ပေါ်သို့ ရောက်ခဲ့ကြပြီး ဦးစောသည် ၎င်း အလိုမရှိဆုံး သော
ကျောကွဲအင်္ကျီဖြူရှည်ကြီးကို ၀တ်ရန် လက်လျှိုပေးစဉ် ကြိုးစင်ပတ်ဝန်းကျင်တွင် ရှိကြသော မှုထမ်း ရာထမ်းများအား
လူစေ့မတတ်ကြည့်လျက် နောက်ဆုံးသော အပြုံးဖြင့် နှုတ်ဆက်ပြန်သည်။ မကြာပါပေ. .ဦးစော၏ ခြေစုံ..လက်စုံတို့တွင်
ကြိုးတုတ်ပေးလျက်ရှိရာ ဦးစောသည် မျက်စိကို စုံမှိတ်လိုက်သည်။ ထိုစဉ် ထောင်မှူးကြီးက ဦးစောအား Death Cap
ခေါ် ခေါင်းစွပ်အိတ်အဖြူကို စွပ်ပေးလျက် ကြိုးကွင်းတင်လိုက်စဉ်..ဦးစောရပ်လျက်ရှိသော အောက်ခံသံပြားကြီးနှစ်ချပ်မှာ
ဂျိုင်းကနဲ့ မြည်ဟီးလျက် ပွင့်ထွက်သွားသံနှင့်အတူ သူလည်း လုပ်ကြံမှုကြီး၏ ခေါင်းဆောင်တရားခံအဖြစ်မှ ဘ၀သစ်
ကူးပြောင်းရန် ငြိမ်သက်လျက် ရှိပေပြီ...။
မှုံကြီး၏ သွားရာလမ်း..
ဦးစောကိစ္စအပြီး ထောင်မှူး ထောင်ကြပ်တို့ခြံရံလျက် မှုံကြီးအား တွဲထုတ်လာကြပြန်သည်။ သူလည်း ၀တ်ရုံဖြူကျောကွဲ
ကြီး ၀တ်လျက် ဒယီးဒယိုင် လက်ထိပ်မပါ ကြိုးစင်ပေါ်သို့ ရောက်လာသည်။ သူနှင့် ယှဉ်လျက်ရှိသော တဖက်ခန်းမှ
ကြိုးမိန့်ကျပြီးသူကို သူငုံကြည့်သည်။ ပြီးမှ ဒါဦးစောလား ဟု မှုံကြီးကမေးရာ ထောင်မှူးကြီး ဦးစံတင့်သည်ခေါင်းညိမ့်
အဖြေပေးရင်း မှုံကြီးအား Death Cap ခေါ် ခေါင်းစွပ်အိပ်ဖြူကို စွပ်ပေးသည်။ မှုံကြီးက ခေါင်းစွပ်မခံဘဲ ခေါင်းရှောင်ရင်း
ကျွန်တော်ပြောစရာ ရှိသေးတယ်ဟု စကားစလာရာ...ထောင်မှူးကြီးက ပြောသာပြောပါ အချိန်တွေ ကျန်ပါသေးတယ်
ဟု နှစ်သိမ့်ရင်း ခေါင်းစွပ်ထဲက ပြောနိုင်ပါတယ် ဟု ခေါင်းစွပ်ကို စွပ်လိုက်သည်။ မှုံကြီးသည် ခေါင်းစွပ်ထဲမှပင် သူ၏
မပြတ်သေးသော လက်တစ်ဖက်ကို မြှောက်ခါ (ဦးစောအိမ်ဝိုင်းစဉ် ခုခံ၍ ရရှိသောဒဏ်ရာကြောင့် လက်တစ်ဖက် ဖြတ်
ထားသည်) " ကျွန်တော်တို့ ခေါင်းဆောင်ကြီးဟာ " ဟု အစချီနေစဉ် ... သူနင်းထားသော သံပြားကြီးမှာ ပွင့်ထွက်သွား
ပြီး သူ့ဆရာ ခေါင်းဆောင်ကြီး နှင့်အတူ ဘေးခြင်းယှဉ်လျက် ၎င်း ၏ ဘ၀နိဂုံးချုပ်ရရှာသည်။
ကြိုးမိန့်ပြစ်ဒဏ် ခံယူပြီးသော ဦးစော နှင့် မှုံကြီးတို့အား နာရီဝက်အကြာတွင် ထောင်ဆရာဝန်များဖြစ်ကြသော ဒေါက်တာ
အောင်သိန်း နှင့် ဒေါက်တာထွန်းဝင်းတို့မှ လာရောက်စစ်ဆေးလျက် ၎င်းတို့တွင် အသက်မရှိတော့ကြောင်း မှတ်ချက်ပေး
ကြသည်။ ပြီးမှ ဦးစော နှင့် မှုံကြီးတို့၏ အလောင်းများကို ကြိုးစင်မှ အသင့်ရှိနေသော ခေါင်းများထဲသို့ စနစ်တကျ နေရာ
ချပေးခဲ့ကြသည်။
ခေါင်းဆောင်ကြီးလမ်းအတိုင်း
တတိယအသုတ် မောင်စိုး နှင့် သက်နှင်းတို့ ရောက်ရှိလာပြန်သည်.. သူတို့ကား ပထမအသုတ်ကဲ့သို့ တည်ငြိမ်မှု မရှိ ..
တုံလှုပ် ခြောက်ခြားလျှက် ရှိကြသည်။ ၎င်းတို့အား ကြိုးတိုက်မှ အပြင်သို့ရောက်ရန် ခဲယှဉ်းစွာ ထုတ်ခဲ့ရသည်။ အချို့
ကြိုးတရားခံများအား ယခုကဲ့သို့ ၎င်းတို့၏ နောက်ဆုံးအချိန်ကလေးတွင် ကြောက်ကန် ကန်လျက် အစွမ်းကုန် ခုခံ
တတ်ကြသောကြောင့် ကြိုးတိုက်တရားခံများအား ထုတ်ယူရာတွင် သတိကြီးစွာဖြင့် လိမ္မာပါးနပ်ရန်လည်း လိုသည်။
ယခုတွင် မှုထမ်းရာထမ်းများ၏ ပါးနပ်လိမ္မာစွာ ဆောင်ရွက်မှုဖြင့်..မောင်စိုး နှင့် သက်နှင်းတို့မှာ ကြိုးစင်သံပြားပေါ်တွင်
ရောက်ရှိနေကြပြန်လေပြီ။ အစ၌ တုန်လှုပ်ခြောက်ခြားလွန်းသော နှစ်ယောက်မှာ ကြိုးစင်သံပြားများပွင့်ထွက်သွားချိန်
အထိ ငြိမ်သက်စွာဖြင့်ပင် သူတို့၏ ဆရာ ခေါင်းဆောင်ကြီးနှင့်အတူ ဘ၀နိဂုံးချုပ်သွားကြလေပြီ..။
အရှုံးသာလျင်..
၁၉၃၈-ခုနှစ်၊ လုပ်ကြံမှုကြီးမဖြစ်ပွားမှီ (၉)နှစ်ခန့်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦတွင်
ဦးစော နှင့် ကိုအောင်ဆန်းတို့သည် အတော်ရင်းနှီးကြဘူးသည်။ အင်္ဂလိပ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး
တရားပွဲဖြင့် ကျောင်းသားများနှင့် ဦးစောအား မိတ်ဆက်ခဲ့ဘူးသည်။
ဦးစောအား ဗိုလ်ချုပ်လောင်း ကိုအောင်ဆန်းက ချီးကြူးဘူးသည်မှာ...
" သူများလို ဘီအေ၊ အမ်အေ မအောင်ပေမဲ့ ကိုယ်ဒူး၊ ကိုချွန် ကျိုးစားပြီး ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်အောင်
လုပ်နိုင်တဲ့လူဘဲ " ဟု ချီးကြူးခဲ့သည်။
ယခု ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ချီးကြူးခဲ့သော လေးစားကြည်ညိုခဲ့ရသော ဦးစောမှာ ပြည်ပ နယ်ချဲ့
အရင်းရှင်များ၏ ပယောဂဖြင့်ပင် ဗိုလ်ချုပ်နှင့် ရဲဘော်ဝန်ကြီးများအား လုပ်ကြံလျက် သူနှင့် အပေါင်းပါ အမျိုးသား
သစ္စာဖောက်များသည်လည်း သူတို့၏ နောက်ဆုံးသွားရာလမ်းတွင် နိဂုံးချုပ်ခဲ့ကြလေပြီ..။
သို့သော်.. တိုင်းပြည် နှင့် လူမျိုးအတွက်ကား အရှုံး ..အရှုံး ..အရှုံး..ပင်တည်း.........။
ဦးသန်းမြင့်(သာယာဝတီ)
၁၉၄၈-ခုနှစ် မေလ(၈)ရက်
အိုးဝေဂျာနယ်...............
0 comments:
Post a Comment