“ ကြီးကြီး ၊ ကြီးကြီး ” ။ ခြံတံခါးက ခေါ်သံကြောင့် မုန့်စားနေရင်း အမြန်ထသွားလိုက်တယ်။ ဘယ်သူများပါလိမ့်။ အယ် ဟိုဘက်ခြံထဲက အစ်မ ပါလား။ ဟီးးးးးးးးးး ပြုံးပြချင်ပေမဲ့ မဆန့်မပြဲ ပါးစပ်ကြောင့် ပြုံးမပြနိုင်ဘူး။ ကျွန်တော့်ကိုမြင်တော့ အစ်မက ပြုံးနေတယ်။ ကျွန်တော့်ပုံစံကို သဘောကျနေတာ နေမှာပေါ့။ တတ်နိုင် ဘူးလေ။ စကားပြောလာရင် ပြန်ပြောနိုင်အောင်လို့ အတင်း မျိုချလိုက်ရတယ်။ ဂလု ။ “ ဟဲဟဲ အစ်မ ဘာကိစ္စရှိလို့လဲ မသိဘူးနော် ” ။ ပြုံးစိစိ ပုံစံနဲ့ပေါ့။ “ ကြီးကြီးတို့ ဘယ်သွားလဲ ” ။ “ အော် မေမေတို့ မရှိဘူးဗျ၊ မနေ့ညနေက ရန်ကုန်ကိုသွားကြတယ်။ ဒေါ်လေးနေမကောင်းလို့ ” တဲ့။ “ အော် ဟုတ်လား၊ အေး အစ်မတို့အိမ်မှာ ကိုကြီး (၃) နှစ်ပြည့် ဘုန်းကြီးဆွမ်းကပ်ရှိတယ်လေ၊ အဲဒါ ကြီးကြီးတို့ကို လာဖိတ်တာ၊ ကြီးကြီးတို့မရှိတော့ ငါ့မောင်လေး လာခဲ့လေ၊ ကုသိုလ်လည်းရ ၀မ်းလည်းဝပေါ့၊ ကူညီပေးရင်းပေါ့ ” ။ “အော် အင် ဟုတ် ဟုတ်ကဲ့ပါ၊ ကျွန်တော် လာခဲ့ပါ့မယ်၊ ဘယ်အချိန်လည်း မသိဘူး အစ်မ ” ။ “ အင်း (၁၀) နာရီ ပင့်ထားတယ်၊ အစ်မတို့ အိမ်သားတွေနဲ့ ရင်းနှီးအောင် စကားပြောရအောင် စောစောလာခဲ့လေ ” ။ “ ဟုတ် ဟုတ်၊ ကျေးဇူးပါ အစ်မ ”။
သူတို့နာမည်တွေကို ကျွန်တော် မသိပါဘူး။ မေမေတို့နဲ့တော့ တော်တော်လေး ရင်းနှီးကြတယ်။ သူတို့အိမ်မှာ တစ်လ တစ်ခါဆိုတာ အနည်းဆုံးပဲ။ ဆွမ်းကပ်လိုက် အလှူလုပ်လိုက်နဲ့။ ခဏခဏ မေမေ့တို့ကို လာလာဖိတ်တယ်။ ကျွန်တော်တစ်ခါမှ လိုက်မသွားခဲ့ဘူးဖူး။ သူတို့က ကျွန်တော်တို့ရပ်ကွက်ထဲမှာ Top Ten ၀င်ရုံတင် မဟုတ်ပါဘူး။ Ever Top One တွေပါ။ အရမ်းချမ်းသာကြတာ။ ကျောက်သမားတွေလေ။ ဖားကန့် ကျောက်မှော်နယ်နဲ့ မန်းလေးကျောက်သမားတွေရဲ့ ကြားမှာ သူတို့မိသားစုဟာ ရေးပန်းအစားဆုံး အထင်ပေါ်ဆုံးလို့တောင် ကျွန်တော်ထင်ပါတယ်။ ရွှေဆိုင်တွေ ဖွင့်ထားကြတာတော့ မဟုတ်ဘူးဗျ။ ကျောက်အရောင်းအ၀ယ် လုပ်ကြတာ။ ကိုယ့်ထက်သာ မနာလိုတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ကံကောင်းခြင်းကိုတော့ အရမ်းကို အားကျလေးစား ဂုဏ်ယူမိခဲ့ပါတယ်။ အတိတ်ကံ တော်တော်ကောင်းခဲ့ကြတယ် ထင်တယ်။ အတိတ်ကံ လည်းကောင်း ယခုလက်ရှိလုပ်နေတဲ့ ကုသိုလ်ကံတွေကလည်း ခဏခဏ ပဲလေ။ လှူလေ ပေးလေ ပေါလေဆိုတာ သူတို့ကို ပြောတာ ထင်ပါရဲ့။ ဒါပေမဲ့ ကျွန်တော့်ပုံစံ ကျွန်တော့်စရိုက်ကြောင့် မေမေတို့နဲ့ ခင်မင်မှု့တွေကို အနှောက်ယှက်ဖြစ်မှာစိုးလို့ မခင်လိုဘူး မသိလိုဘူး။ ကျောက်လောကထဲ ၀င်ရင်တော့ အားကိုးရမှာပေါ့ ပြေးကပ်ရမှာပေါ့ဗျာ။ ကျွန်တော့်စရိုက်နဲ့ မကိုက်ရင် အစကတည်းက မခင်တာ မသိတာပဲ ကောင်းတယ်လေ။ ချည်ပြီးမှ ပြတ်တာထက်စာရင် မချည်ခင် ပြတ်နေတာက ပိုကောင်းပါတယ်။ ချည်ပြီးမှ ပြတ်သွားရင် အပွန်းအပဲ့တွေ ထင်ကျန်ရစ်ခဲ့နိုင်တယ် မဟုတ်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် မေမေဖေဖေတို့ မရှိတဲ့အခိုက်မှာတော့ ကျွန်တော် အားနာနာနဲ့ သူတို့အိမ်ကို သွားဖြစ်ခဲ့ပါတယ်။
သူတို့က ရွှေဘိုဇာတိတွေပါ။ ကျောက်အရောင်းအ၀ယ်လုပ်ရင်းနဲ့ ကြီးပွားနေကြတာတဲ့။ ပွင့်လင်းတယ် ရိုးရှင်းတယ်။ ရုပ်ရည်ကတော့ မဆိုးပါဘူးဆိုတဲ့ အဆင့်လောက်တွေမှာပါပဲ။ တစ်ချို့ဆို ပစ္စည်းရှိတော့ ပြင်ထား ၀တ်ထား ဆင်ထားလိုက်ကြတာ ကျီးကန်းကို ရွှေဆေး သုတ်ထားသလိုပဲ။ ပြောင်လျှက် ၀င်းလျှက် အကြည့်ခက်တယ်။ ရွှေဘိုသူတွေ ရွှေဘိုသနပ်ခါးလိမ်းလို့ အသားဖွေးတယ် ကြားဖူးတာပဲ။ အဲဒီအထဲမှာ သူတို့မပါကြဘူးထင်တယ်။ ဟိဟိ။ ရှူးတိုးတိုးနော်။ ရွှေဘိုသားသူ/သားတွေ ကြားကုန်မယ်။ ခိခိခိ။ တစ်ချို့လည်း အိမ်ထောင်တွေကျလို့ သားတွေ သမီးတွေနဲ့ပေါ့။ အဲဒီကလေးလေး တွေကတော့ နုအိနေသားဗျ။ သူတို့ အိမ်သားတွေက အရမ်းစည်းလုံးတာပဲ။ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်တစ်လက် လုပ်နေလိုက်ကြတာ။ တကယ်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ဧည့်သည်တွေ ရောက်လာပြီး ၀ိုင်းကူလုပ်ပေးနေတာကို မြင်ရတော့ သူတို့မိသားစုရဲ့ လူမှု့ဆက်ဆံရေး ကောင်းမွန်တယ်ဆိုတာကို မှန်းဆ သိလိုက်ပါတယ်။ ဟူးးးးးးး အဲလိုမှန်းသိရင် ဟို အရင်ကတည်းက ခင်ခင်မင်မင် နေခဲ့ပါတယ်။ ခုတော့ ကျွန်တော့်မှာ ငုတ်တုတ်။ ကျွန်တော်ကိုယ်တိုင် ၀င်လုပ်နေစရာ မလိုဘူး။ သူတို့တွေ လုပ်ကိုင်နေတာကို ကြည့်နေရုံနဲ့တင် စိတ်တွေ လန်းဆန်း ကြည်လင်လာတယ်။ ဧည့်သည်တွေထဲမှာ လှတပတလေးတွေပါတယ်လေ။ ကုံးကုံးကွကွ လှုပ်လှုပ်ရွရွနဲ့ ကြည့်လို့ ကောင်းမှကောင်း။ ခိခိ။
ဆုံးသွားတဲ့ ကိုကြီးဆိုသူက သူတို့မိသားစု ဒီလို အခြေအနေမျိုးရောက်အောင် လုပ်ဆောင်ပေးခဲ့တာဆိုပဲ။ ကိုကြီးဆိုသူ ဆုံးတော့ သားသမီး (၄) ယောက်နဲ့ဇနီးကျန်ခဲ့တာပေါ့။ သွေးကင်ဆာနဲ့ ဆုံးသွားတာတဲ့။ အသက် (၅၀) လောက်မှာပေါ့။ အင်း သူစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေ သူ့ဆွေမျိုး သားသမီးနဲ့ ချစ်ဇနီး မိဘဘိုးဘွားတွေက သူ့ကို ကူညီမပေးနိုင်ခဲ့ဘူးနော်။ သေခြင်းတရားကို ရပ်တန့်သွားအောင် ကူညီရင်ဆိုင် ဖြေရှင်းပေးနိုင်တာ ဘာများရှိပါလိမ့်။ ရှိရင် ကျွန်တော်လိုချင်လိုက်တာ။ ဗုဒ္ဓရဲ့တရားတော်တွေက သေခြင်းတရားကို ရပ်တန့်သွားအောင် ကူညီရင်ဆိုင်ဖြေရှင်းပေးတာတော့ မဟုတ်လောက် ဘူးနော်။ သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့လာရင် မတုန်မလှုပ် ရဲဝံ့တဲ့စိတ်နဲ့ လိုက်ပါသွားနိုင်အောင် ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်တဲ့အရာပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓကိုယ်တိုင်တောင် သေခြင်းတရားနောက်ကို လိုက်သွားခဲ့ရတာပဲ မဟုတ်လား။ လိုက်သွားရတယ်ဆိုပေမဲ့ ငိုငိုအော်အော်နဲ့တော့ မဟုတ်ဘူးပေါ့။ တည်ငြိမ် အေးဆေးစွာနဲ့ပေါ့။ သေမဲ့ခန္ဓာကိုယ်ကြီးရှိနေတဲ့ ကျွန်တော်တို့အားလုံး သေကြရမှာ အမှန်ပါပဲ။ အဲဒီသေမင်းလာခေါ်တဲ့အခါ အေးဆေးတည်ငြိမ်စွာလိုက်သွားနိုင်ဘို့ လိုက်သွားရဲဘို့ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ကျင့်ကြံထားကြဘို့ လေ့ကျင့်ထားကြဘို့တော့ လိုအပ်မှာ အမှန်ပဲနော်။ (ခန္ဓာရှိတဲ့ သူတိုင်းကို မသေအောင် ကူညီမပေးနိုင်ဘူးလို့ ပြောတာနော်၊ နိဗ္ဗာန်ရပြီးတဲ့ အရိယာပုဂ္ဂိုလ်တွေကို ပြောတာ မဟုတ်ပါဘူး၊ မှားနေရင်လည်း ဝေဖန်အကြံပေးကြပါနော်၊ ကျွန်တော်ခံစားချက်ကို ရေးလိုက်တာပါ၊ သေချာတော့ မပြောတတ်ဘူး)။ သူစုဆောင်း ရှာပေးထားခဲ့တဲ့ ပစ္စည်းတွေက သူ့မိသားစု စည်းစနစ်ရှိရှိ သုံးစွဲမယ်ဆိုရင် တသက်စာ ထိုင်စား နေလို့ လောက်နိုင်ပါတယ်။ အားလုံးရဲ့ မျက်နှာတွေက ကြည်ကြည် လင်လင် ပြုံးပြုံးရွှင်ရွှင်ပါပဲ။ သေသွားတဲ့ ကိုကြီးဆိုသူကို တမ်းတစွာ သတိရကြပုံ မပေါ်ဘူး။ ဒါပေမဲ့ မိခင်အိုကြီးကတော့ မျက်နှာ မကောင်းဘူး။ ၀မ်းနည်းလွမ်းဆွတ်တဲ့ပုံရိပ်တွေ ပေါ်လွင်နေတယ်။ ဘာပဲဖြစ်ဖြစ် သူရှာပေးခဲ့တဲ့ ကျေးဇူးကို သိပြီး ခုလို ကုသိုလ်လုပ်ပေး နေကြတဲ့ သူတို့မိသားစုကိုတော့ လေးစားမိပါတယ်။ တစ်ချို့ဆိုရင် ယောက်ျားဆုံးလို့မှ တစ်နှစ်မပြည့်သေးဘူး နောက်တစ်ယောက်နဲ့ ပလူးနေတာတွေ တပုံကြီးပဲ။ သေသောသူ ကြာရင် မေ့တဲ့။ သိပ်မှန်တဲ့ စကားလေးပါ။ ဘယ်လောက်ချစ်ချစ် ကြာရင်တော့ မေ့သွားတတ်ကြ တာပါပဲ။ အကျိုးကျေးဇူး မပြုဘူးရင် အများအကျိုးမဆောင်ရွက်ဘူးရင် ဒီနေ့သေ မနက်ဖြန်မေ့ပဲ။ ကျွန်တော်တို့ဘ၀မှာ ခုချိန်ထိ မေ့လို့မရတဲ့ ပုဂ္ဂိုလ်တွေ များစွာရှိကြပါတယ်။ သူတို့ကို ဘာကြောင့်မမေ့ကြတာပါလဲ။ ကျွန်တော်ထင်ပါတယ်။ (၁) သူတို့က ကျွန်တော်တို့အပေါ်မှာ ကျေးဇူးများခဲ့ကြလို့။ (၂) ကျွန်တော်တို့ အကျိုးကို မေ့လို့မရလောက်အောင် ဆောင်ရွက်ပေးခဲ့ကြလို့ ။ (၃) မေ့လို့မရလောက်အောင်အထိ နာကြီးစရာ ဒဏ်ရာတွေ ပေးခဲ့ကြလို့ပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ဘ၀မှာ ချစ်ခင်လေးစား မြတ်နိုးတန်ဘိုးထားလို့ ကျေးဇူးကြီးမားလို့ အကျိုးတရားတွေ အများကြီးဆောင်ရွက်ပေးခဲ့လို့ မေ့မရတဲ့ သူတွေ ရှိသလို အရမ်းမုန်းလို့ နာကြီးလွန်းလို့ ကျွန်တော်တို့ကို ဖိနှိပ်ညှင်းပမ်းနှိပ်စက်လွန်းလို့ မေ့မရတဲ့ သူတွေလည်း ရှိကြတာပါပဲ။ သယ်ချင်းတို့မှာလည်း အဲလိုလူတွေ ရှိကြမှာပါနော်။
ကဲ ဘယ်လိုပဲဖြစ်ဖြစ်။ သားသမီးတွေ သားမက်တွေ ချွေးမတွေ မြေးတွေက သေတာကြာလို့ မေ့နေတတ်ကြ သတိမရတတ်ကြပေမဲ့ ချစ်ခင်မြတ်နိုးခဲ့တဲ့ မိခင်အိုကြီးကတော့ ရက် လ နှစ်တွေ များစွာကြာသွားခဲ့လည်း ခုထိ မေ့မရသေးပါဘူး။ မိခင်အိုကြီးအတွက်တော့ သေသောသူ ကြာရင်မေ့ဆိုတဲ့ စကား မှားများ မှားနေပြီလားလို့ တွေးမိပါတယ်။ ကျွန်တော်တို့အပေါ် ကျေးဇူးများခဲ့ကြတဲ့ ကျွန်တော်တို့အကျိုးကျေးဇူးကို များစွာလုပ်ဆောင်ပေးကြတဲ့ သူများကိုလည်း ဘယ်လောက်ကြာကြာ မမေ့သင့်ကြဘူးပေါ့နော်။ မမေ့သင့်ကြသလို သူတို့အတွက် ကုသိုလ်ကောင်းမှု့တွေလည်း တတ်နိုင်သလောက် စွမ်းနိုင်သလောက် ထမ်းနိုင်သလောက် လုပ်ပေးသင့်ကြတာပေါ့။ သူတို့ပြုဘူးတဲ့ ကျေးဇူးတွေ အကျိုးတရားတွေက အများကြီး မဟုတ်လား။ သေသွားတာ ကြာသော်လည်း မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေကို မမေ့ပစ်ကြပါနဲ့နော်။ ပြီးတော့ သယ်ချင်းတို့ကိုလည်း မမေ့သင့်တဲ့ မမေ့ပဲ သတိရနေမဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားနိုင်ကြ လုပ်ဆောင်နိုင်ကြ ထမ်းရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်ကတော့ သယ်ချင်းတို့ကို မမေ့တတ် အမြဲတမ်းအမှတ်ရနေတတ်သူပဲ ဖြစ်ချင်ပါတယ်။
0 comments:
Post a Comment