အရိုင်းနဲ့အယဉ်..
သဘာဝအတိုင်း ယောက်ျား၊ မိန်းမအားလုံး ကိုယ်လုံးတီးနေပြီး အမဲလိုက် ကစားနေကြတဲ့လူတွေကို ကမ္ဘာဦး
လူသား အရိုင်းတွေလို့ သတ်မှတ်ကြတယ်။ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်ကို ဖုံးရကွယ်ရမှန်း သိလာကြပြီး
စိုက်ပျိုးစားသောက်တတ်လာတာကို ယဉ်ကျေးလာတယ်လို့ ခေါ်ကြတယ်။ အရိုင်းအဆင့်တုန်းက ကိုယ်လိုချင်
တာကို ရအောင်ယူဖို့ပဲသိတယ်။ မရရင် လုယူတယ် ။ သတ်ယူတယ်။ တရားတာ မတရားတာ ၊ မှားတာ မှန်တာ
မစဉ်းစားဘူး။ စိတ်ထဲမှာ ရှိတဲ့အတိုင်းဘဲ လုပ်လိုက်ကြတယ်။ အဲဒါ .. မယဉ်ကျေးတဲ့ လူရိုင်းတွေပေါ့ ။
ယဉ်ကျေးမှု အဆင့် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတဲ့အခါကျတော့မှ ဆင်ခြင်တုံတရားဆိုတာ ပေါ်ပေါက်
လာပြီး လူ့ဘောင်အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် စောင့်ထိန်းလိုက်နာသင့်
တာတွေကို လိုက်နာစောင့်ထိန်းရမယ်ဆိုတာ နားလည်လာခဲ့တယ်။ အဲဒါ လူယဉ်ကျေးပေါ့ ။
ကျောက်ခေတ်ပြန်ရောက်သွားပြီလား..
အခုခေတ်မှာ ပွင့်လင်းလွတ်လပ်မှုဆိုတဲ့စကားရပ်ကို တော်တော်လေးပြောလာကြတယ်။ အပြောများရုံတင်မက
အလွဲသုံးစားပြုပြီး ပြောဆိုနေကြတဲ့ အများစုကိုလည်း တွေ့ရတယ်။ လူထုနဲ့ အမြဲတမ်းထိတွေ့နေတဲ့ စာနယ်ဇင်း
ဂျာနယ် ဗွီဒီယို ရုပ်ရှင် အနုပညာ ဖန်တီးမှုတွေ မှာဆိုရင် ဖိုမ သဘာဝကိစ္စရပ်တွေကို ပွင့်လင်းလွတ်လပ်ပါတယ်
ဆိုပြီး ပုံဖော် သရုပ်ဆောင်ပြတာတွေ လုပ်လာကြတယ်။ ဒါတွေကို အတုယူပြီး ဒီကနေ့ ဆယ်ကျော်သက်လူငယ်
အချို့က လူအများသွားလာနေကြတဲ့ လမ်းမကြီးဘေးမှာ bus ကားတွေပေါ်မှာပါ မဆင်မချင် ပြုမူ လုပ်ဆောင်လာ
ကြတော့တယ်။ နေမှု ထိုင်မှု ပုံစံတွေက ကျောက်ခေတ်ကို ပြန်ရောက်သွားပြီလားလို့ ထင်မှတ် မှားရလောက်
အောင် ရိုင်းစိုင်းပြီး မယဉ်ကျေးတော့တာ အများကြီးတွေ့နေရတယ်။
အကြမ်းပညာ၊ အရိုင်းပညာ..
အသိ သညာ ပေးစွမ်းရမယ့် အနုပညာကို အကြမ်းပညာ ၊ အရိုင်းပညာအဖြစ် ဆွဲချနေကြတာလား ...။
တကယ်တော့ ထင်ရာစိုင်းပြီး လုပ်ချင်သလိုလုပ်တဲ့ ပြကွက်တွေက အနုပညာဖန်တီးမှုတွေက
အသိသညာ ပေးစွမ်းရမယ့် အနုပညာကို ဖျက်ဆီးသလို ဖြစ်နေတော့တာပါပဲ။
တချို့ကိစ္စတွေဆိုရင် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုစံနှုန်းတွေကိုပါ ဖျက်ဆီးသလိုဖြစ်နေပါတယ်။
ဟီရိသြတ္တပ္ပဥပဒေ..
ပွင့်လင်းလွတ်လပ်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် လမ်းပေါ်မှာကိုယ်လုံးတီး လျှောက်သွားနေရင်
decency act ဆိုတဲ့ ဟီရိသြတ္တပ္ပ ကင်းမဲ့မှု ဥပဒေနဲ့ အရေးယူ ခံရပါတယ်။ ရိုင်းစိုင်းလို့ အရေးယူတာပါ။
ပွင့်လင်းလွတ်လပ်မှု ဆိုတဲ့နေရာမှာ လူ့အဖွဲ့အစည်းက အချိန်အခါအလျောက် သတ်မှတ်ထားတဲ့ စည်းဘောင်
အတွင်းက ပွင့်လင်း လွတ်လပ်မှုမျိုးပဲ ဖြစ်ရပါမယ်။ မောင် နှင့် အမ သားနှင့် အမိ ၊ မိဘမောင်ဖွား လူအများ
ကြားတွင်လည်း တင့်တယ်ရပါမယ်။ ကိုယ့် နိုင်ငံ..ကိုယ့် ဒေသ.. ကိုယ့် ရေမြေသဘာဝ..ကိုယ့် ယဉ်ကျေးမှု .
ကိုယ့် ပုံစံ နဲ့ ကိုက်၏ မကိုက်၏.. လိုက်၏ .. မလိုက်၏တော့.... စဉ်းစား ဆင်ချင် စေလိုပါတယ် ...။
ဒီလို ... လိုက်လျောညီထွေ ရှိတာကို ယဉ်ကျေးတယ် လို့ ခေါ်ပါတယ်။
မနေချင်သွားပေါ့..မတားပါဘူး..
လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာလည်း တစ်ခု နဲ့ တစ်ခု မတူညီနိုင်ပါဘူး။
အနောက် နဲ့ အရှေ့ ရယ်လို့ မတူကွဲပြားတာ မဟုတ်ပါဘူး။ အရှေ့ချင်းတောင် အိန္ဒိယကတစ်မျိုး၊ ပါကစ္စတန်က
တစ်ဖုံ ၊တရုတ်က တစ်နည်း ၊ မြန်မာက တစ်သွယ် ၊ ကိုရီးယား က တစ်မယ် တစ်ခု နဲ့ တစ်ခု အများကြီး ခြားနား
ပါတယ်။ ယဉ်ကျေးမှု စံနှုန်းတွေလဲ မတူညီကြပါဘူး။ မြန်မာ က မြန်မာ အလျောက် ကိုရီးယားက ကိုရီးယား
အလျောက် ကိုယ့်စံ နဲ့ ကိုယ် သတ်မှတ်ထားကြပါတယ်။ ပုံတူ ကူးချလို့ မရနိုင်ပါဘူး ။
မြန်မာ့ လူ့အဖွဲ့အစည်းမှာ နေတဲ့ မြန်မာတစ်ယောက် ဆိုပါက မြန်မာယဉ်ကျေးမှု စံနှုန်းအတိုင်းပဲ ဖြစ်ရမှာပါ။
လိုက်လျော ညီထွေ ဖြစ်ရမှာပါ ။ လူတစ်ယောက် မကြိုက်လို့ ၊ လူတစ်စု မကြိုက်လို့ လူ့အဖွဲ့အစည်းက လိုက်ပြောင်း
ပေးဖို့ မဖြစ်နိုင်ပါဘူး။ မကြိုက်ရင် မနေကြပါနဲ့ ။ မတားပါဘူး။ ထွက်သွားကြပါ။ ထွက်သွားနိုင်ပါတယ်။
ဒီခေတ်ကြီးထဲမှာ ကိုယ်သွားချင်ရာ သွားလို့ ရနေတာပဲ။ ဘယ်သူမှ မတားပါဘူး။
မြန်မာပြည်ထဲမှာနေပြီး မြန်မာလူမျိုးတွေ နဲ့ မြန်မာ့ယဉ်ကျေးမှု စံနှုန်းတွေကို ပြက်ရယ်ပြုနေတာကိုတော့
မြန်မာယဉ်ကျေးမှုကို တန်ဘိုးထားတဲ့ မြန်မာတွေက သည်းခံနေကြမှာ မဟုတ်ပါဘူး။
ခေတ်နောက်ပြန်စွဲဖို့ ပြောနေတာမဟုတ်ပါဘူး ။ ခေတ်မီ ရပါမယ်..
ခေတ်တော့ မဆန်လိုက်နဲ့ .. ခေတ်ရှေ့ မလွန်ပါစေနဲ့ .. ပတ်ဝန်းကျင်ကို လျစ်လျှူ မရှုလိုက်ပါနဲ့ ...
တကယ်တန်းဆိုရင် ခေတ်နဲ့ လျော်ညီအောင် မြန်မာ့လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲစရာ မလိုပါဘူး။
ခေတ်ရှေ့ အပြေးလွန်ပြီး လန် ပျံနေတဲ့ ပျံတံတံ နန့်တန့်တန့် အနောက်ရဲ့ ပွင့်လင်းလွတ်လပ်မှုကို ပုံတူကူးချချင်
သူတွေကသာ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင်သာ ပြုပြင်ပြောင်းလဲယူကြရမှာပါ။
မြန်မာ့ လူ့အဖွဲ့အစည်း ၊ မြန်မာယဉ်ကျေးမှု စံနှုန်း နဲ့ ကိုက်ညီအောင် ..
လိုက်လျော ညီထွေ မနေနိုင်ဘူးဆိုခဲ့ရင်..
မနေချင်ရင် သွားပါ..မတားပါဘူး..
လေးစားစွာဖြင့် ...
စာကိုး-လူထုစိန်ဝင်း(ဟန်မလုပ်တတ်ဘူးဆိုတာ တကယ်လား)(ဧဒင်ဥယျာဉ်)

0 comments:
Post a Comment