Saturday, May 12, 2012

သနပ်ခါး





အနောက်နိုင်ငံများမှ ခေတ်နဲ့ အတူပြောင်းလဲလာသော လိမ်းကျံစရာများက တနေ့ တခြား တိုးတက်လာသောကြောင့်ဟောလိဝုစ်နှင့် အလွန်အလှမ်းဝေးသော ကျွန်တော်တို့ နိုင်ငံ၌ပင် အမျိုး သမီးများ၏ ပြင်ဆင်မှု၊ ခြယ်လှယ်လိမ်းကျံမှုများမှာရှေးကနှင့်ပင်မတူ အနောက်တိုင်းသူများနှင့်ပင် ခွဲမရအောင် ရှိနေကြပေပြီ။
ဤသို့ ပြောင်းလဲလာကြသည်မှာ အနောက်နိုင်ငံရုပ်ရှင်များ၊ ကြေငြာများကြောင့်ပင် ဖြစ်ပေ သည်။ ဤသို့ ဖြစ်လာသည်ကိုအတင်းတားကြပါဟုဆို၍လည်း ရမည်မဟုတ်။မကောင်းပါဖူးဗျာဟု ဆိုရမှာလည်းမဖြစ်နိုင်။လောကဓာတ်ပညာများနှင့်အထပ်ထပ် စမ်းသပ်စီမံလုပ်ကိုင်ထားကြခြင်းများ သာဖြစ်သောကြောင့် ၀ံသာနုမဟုတ်ဟု ဆိုကြစေကာမူ အပြစ်ပြောနိုင်ဖို့ ခက်ပေသည်။
အမျိုးသမီးဆိုသည်မှာ လှချင်မျိုးဖြစ်သည်။အမျိုးသားများကလည်း အမျိုးသမီးများကို လှစေ ချင်ကြသည်။သို့ ဖြစ်ရာခေတ်ကြီးကို ဆန့် ကျင်၍ရှေးဟောင်းဘဲ ကောင်းသည်၊ ရှေးဟောင်းသာသုံး ရမည်ဟု အဓမ္မတိုက်တွန်းလျှင်ကား အောင်နိုင်စရာမရှိ။
မက်စ်ဖက်တာစသည့် အလှပစ္စည်းများက ဈေးအလွန်ကြီးသည်။ သို့ ဖြစ်လျှင် ကျွန်တော်တို့  နိုင်ငံက သူတို့ လိုကောင်းသောပစ္စည်းများကို ဈေးပေါပေါနှင့်ရောင်းနိုင်အောင် ကြိုးစားကြဖို့ သာရှိ ပေသည်။
ဤသို့ ဆိုရာ၌ အနောက်တိုင်းပြင်ဆင်ခြယ်လှယ်မှုများကို ကျွန်တော်တို့ အမျိုးသမီးများက စွဲ မက်နှစ်သက်နေကြသည်မှာ အားလုံးမှန်လှသည်။ ကောင်းလှသည်ဟု မဆိုပါ။နှစ်သက်နေကြသည် မှာ ကမ္ဘာနှင့်အ၀န်းဖြစ်သည့်သဘောရှိကြောင်းကို တင်ပြလိုခြင်းသာအဓိကဖြစ်ပါသည်။
သဘာဝအလှကိုသာပို၍ တန်ဖိုးထားသင့်သည်ဟုဆိုလျှင်ကား မည်သူမျှ ငြင်းကြမည်မဟုတ် ပေ၊ ကျွန်တော်တို့ မြန်မာများသာမဟုတ်၊ အရှေ့ တိုင်းအနောက်တိုင်း ဘယ်တိုင်းရင်းသားကမှလည်း စောဒကတက်ဖွယ်မရှိ။အားလုံးကောင်းပါသည်ဟု ဆိုကြရမည်သာဖြစ်ပေသည်။
ပင်ကိုယ်အလှဆိုသည်မှာ ကျန်းမာရေးကောင်း၍ သွေးသားစိုပြေနဂိုရည်တောက်ပခြင်းကို ဆို လိုသည်။ တောသူတစ်ဦး၏နေရောင်ခံ အသားအရေနှင့် ပင်ကိုယ်လှပခြင်းသည် ကျန်းမာရေးဖျော့ တော့သော မြို့ သူ၏ မက်စ်ဖက်တာအလှကို လွှမ်းမိုးသည်။
ဤသို့ သော အယူအဆများကြားထဲက ဆင်းရဲ ချမ်းသာမဟူ မြန်မာအမျိုးသမီးအားလုံးတို့  သည် ရှေးလက်ဟောင်းသနပ်ခါးကိုဖြင့် လက်မလွှတ်ကြပါနှင့်ဟု မေတ္တာရပ်လိုပါသည်။
ချွေတာရေးဖြစ်သည့်ပြင် ဤကဲ့သို့ သစ်ခေါက်များကို လိမ်းကျံသည်မှာ ကျန်းမာရေးအတွက် ပိုကောင်းသည်ဟူ၍ အနောက်တိုင်းပညာရှင်အချို့ က အယူရှိလာကြသောကြောင့်ဖြစ်သည်။မြန်မာ အမျိုးသမီးများ၏ ကိုယ်တွေ့ အရလည်း ကျန်းမာရေး၊ စိတ်ကြည်လင်ရေးအတွက်ကောင်းသည်ဟုပင် ဆိုစမှတ်ရှိကြပါသည်။
ပခုက္ကူခရိုင်သည် သနပ်ခါးကောင်းအထွက်ဆုံးနယ်အဖြစ်ကျော်ကြားသည်။ တောင်နီသနပ်ခါး ဆိုလျှင် မြန်မာအမျိုးသမီးကြီးငယ်လတ်များ ကြားဖူးကြသည်။ ပခုက္ကူခရိုင် ပခန်းကြီးအနောက် ခရီးတစ်တိုင်ကွာခန့် တွင်ရှိသော တောင်နီဆိုသည့် အရပ်ကထွက်သည့်အတွက် တောင်နီသနပ်ခါး ဟုခေါ်ကြခြင်းဖြစ်သည်။မြေခံကနီသောကြောင့် သနပ်ခါးအသွေးကလည်း နီရောင်ပြေးနေသည်။ အပွေးနက်နေလျှင် တောင်နီသနပ်ခါးမဟုတ်ဟု ဆိုကြသည်။
ပခန်းသားများ၏ ပါးစပ်ရာဇ၀င်အရမှာ အလောင်းစည်သူမင်းကြီး ဖောင်စကြာနှင့် တိုင်းခန်း လှည့်လည်လာတော်မူစဉ် တောင်နီဟုယခုခေါ်ကြသည့် ရှင်မတောင်အနီးသို့  ရောက်သည့်အခါ မိဖုရား၏ သနပ်ခါးအစ်တော်သည် ဘယ်လိုကဘယ်လိုဖြစ်သည်မသိ မှောက်သွားသောဟူ၏။ ထိုသို့  သောအကြောင်းကြောင့် တောင်နီသနပ်ခါးသည် အခြားနယ်ပယ်ဒေသက သနပ်ခါးများထက်မွှေး သည်ဟုဆိုသည်။ ပခန်းကြီးသူတွေမွှေးသည်ဟုကားမဆို။
အိမ်တစ်အိမ်က သနပ်ခါးသွေးနေရင် ဟိုဘက်သုံးလေးအိမ်၊ ဒီဘက်သုံးလေးအိမ်ကပင် မွှေး နေသည်ဟုဆိုသည်။ ပခန်းသားများပြောသည့်အတိုင်းဆိုလျှင်
"ရွှေန့ံ့သာခေါက်ကိုလ ၊
ကျောက်ပေါ်မှာတင်
ခန်းဝင်ကမွှေး " ဆိုသည့် ရွှေဘိုဗုံကြီးသံထဲမှာပါသည့် သနပ်ခါးစံချိန်ကိုပင် ချိုးနေပါသည်။
        ရွှေဘိုသားက မကြွားချင်သောကြောင့် ဤမျှသာ စပ်ထားခြင်းဖြစ်ချင်ဖြစ်မည်။ ရွှေဘို သနပ်ခါးမှာလည်း နာမည်ကြီးပင်ဖြစ်သည်။
        တောင်တွင်းကြီးမြို့ ကလည်း သနပ်ခါးကောင်းကြောင်း ဂုဏ်ယူလေ့ရှိသည်။ ဦးကြော့က တောင်တွင်းသနပ်ခါးကောင်းကြောင်း စာတစ်ပုဒ်ရေးစပ်ခဲ့သည်မှာ-
သနပ်ခါးပင်ဘွဲ့ တေးထပ်
ပုလဲရည် ငွေနှင်းပျို့  လေသွင်းချို့  သုတ်ခါ
ရွှေတွင်းမြို့ ဥတ္တရာဝယ် ရုက္ခမာ သာမော။
နွဲ့ ကြူးဆင့် ကဲထူးလှိုင်သည် လဲဘူးမြိုင် ပန်းစုံတဲ့တော။
စိမ့်စမ်းကျ ထွေထွေသွန်၊ ရေတံခွန်ကျလျှော
ဟေမ၀န်မြကြော၊ န့ံသာတောရင့်မှုံ။
လှလိုက်တာပင်သနပ်ခါး ရှင်နတ်များစိုက်ထားသည့်ပုံ။
အရိုးက ကတိုးထုံသည်၊ အခိုးစုံ ပင်စည်လျှောက်ပါလို့ 
အခေါက်ကလေးတရာ၊ မွှေးတဲ့နံ့ သာ
ရွှေတသန်း ဘွေမန်းညာမှာ ရွှေဂန္ဓာဆင်မြန်းဘို့ လေး….
ဟူ၍ ဖြစ်သည်။
        တောင်တွင်းကြီးမှ ခရီး ၁၂ မိုင်ကွာခန့် ရှိသည့် ကုက္ကိုခွဆိုသော ရွာအနီးက ဗိဿနိုးမြို့  ဟောင်း အကြောင်းကို ယခုတလောသတင်းစာများတွင် ကျွန်တော်တို့ ဖတ်နေကြရသည်။ ကမ္ဗည်း ကျောက်စာဌာနကလည်း ဦးအောင်သော်စသည့် ကျွမ်းကျင်သူများကြီးကြပ်ပြီး ရှေးဟောင်းပစ္စည်း များကို တူးဖော်နေကြသည်။၎င်း ဗိဿနိုးမြို့ ဟောင်းအတွင်းမှာလည်း သနပ်ခါးပင်များရှိကြသည်။
သနပ်ခါးကို ကောင်းသောနံ့ သာလိမ်းကျံစရာမှန်း သိသော်လည်း အနောက်နိုင်ငံကလာသော ပစ္စည်းများက လွယ်ကူသောကြောင့်သွေးရသော ဒုက္ခ၊ စိုဖပ်ဖပ်လိမ်းရသော ဒုက္ခကို မြန်မာ အမျိုးသမီးများက ရှောင်လိုကြခြင်းဖြစ်ပေလိမ့်မည်။ တနည်းသော် ကိုယ့်ပစ္စည်းမို့ ကိုယ်မကြိုက်၊ ပေါ၍ အကောင်းမထင်သည့်သဘောမျိုးလည်းဖြစ်စရာရှိသည်။ အနောက်နိုင်ငံများသို့  သွားသော အခါ သနပ်ခါးခဲကလေးများကို လက်ဆောင်ပေးလျှင်နိုင်ငံခြား အမျိုးသမီးများကသာမက မြန်မာသံရုံး များမှ အရာရှိကတော်များကလည်း မက်မက်စက်စက်လိုချင်ကြသည်။ယူကြသည်ကိုတွေ့ ရသည်။
ခေတ်ကာလအလျှောက် မည်သို့ ပင် အလှခြယ်စရာ လိမ်းကျံစရာများ တိုးတက်ပေါ်ပေါက် လာသော်လည်း မြန်မာအမျိုးသမီးများသည် သနပ်ခါးကို မပစ်ခွာသင့်ပေ။
သနပ်ခါးလိမ်းကျံမူမှသည် မြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမူတစ်ရပ်ပင်ဖြစ်၍ အိုးစားခွဲကြလို့  လည်း မတော်ပေ။ မကွဲမကွာနေချင်သူလည်း အများပင်ရှိသေးသည်ကို တွေ့ ရသောကြောင့် ၀မ်း သာရပေသည်။
သို့ ရာတွင် သနပ်ခါးပင်များကား ရှေးကနှင့်မတူ ရှားကုန်ပေပြီ။ သနပ်ခါးတုံးများလည်း ငါးဈေး၊ ကြက်ဈေး မက်စ်ဖက်တာဈေးနည်းတူ တက်ကုန်ပြီ။
သနပ်ခါးဥယျာဉ်များ စနစ်တကျ စိုက်ပျိုးကြပြီး ခေတ်နှင့်အညီအဆီထုတ်ခြင်း၊ ပြုပြင်စီမံခြင်း များပြုကြလျှင် ခေတ်မီသော မြန်မာအမျိုးသမီးများလည်း သုံးလာကြမည်။ ကြော်ငြာကောင်းကောင်း နှင့် နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ ရောင်းချလျှင်လည်း ရနိုင်မည်။
ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စဉ်းစားစရာကောင်းပါသည်။
                                                      
 လူထုဦးလှ

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"