ရုပ်ပွားဆင်းတုတော်တွေကို ဘာကြောင့် အရိုအသေအလေးအမြတ် ပြုနေကြသလဲ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာတွေက ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာ သုံးပါးကို ကိုးကွယ်ကြတယ်။ ဘုရားရှင်ကို ရည်စူးပြီး ထုလုပ်ထားတဲ့ ဆင်းတုတော်တွေ စေတီတော်တွေကို ထိုင်ပြီး ကန်တော့တယ်၊ အရိုအသေပေးကြတယ်။ အဲဒါတွေတွေ့တော့ အစ္စလာမ်ဘာသာဝင်တွေက နားလည်းမပေးတတ်ကြဘူး။ ကျွန်တော်နဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတွေထဲမှာလည်း အဲလိုလူ ၂-ယောက်လောက်ရှိတယ်။ သူတို့ပြောတဲ့ စကားက “ရုပ်တု ကိုးကွယ်သူတွေ” တဲ့။
သူတို့အနေနဲ့ကတော့ ပြောမယ်ဆိုလည်း ပြောထိုက်ပါတယ်။ သူတို့မြင်တာက ရုပ်တုသက်သက်ဖြစ်နေတာကိုး။ ပြီးတော့ သူတို့ ဘာသာရဲ့ အထွဋ်အမြတ်ကျမ်းဂန်ဖြစ်တဲ့ ကုရ်အာန် ကျမ်းထဲမှာလည်း အခြားတစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နဲ့ တွဲဖက်ကိုးကွယ်ခြင်းဟာ လွတ်ငြိမ်းချမ်းသာခွင့် ဘယ်လိုမှ မရနိုင်တဲ့ ဒုစရိုက်မှုကြီးလို့ ဆိုထားတာ တစ်ကြိမ်မက ပါနေတာတွေ့ရတယ်။ စူရဟ်အမှတ်(၄) အမျိုးသမီးများ ကဏ္ဍက စာပိုဒ်တစ်ပိုဒ်ကို ကူယူဖေါ်ပြပေးလိုက်ပါတယ်။
၎း၄၈ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတပါး အခြာပြစ်မှု ဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသော သူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှု ဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။
သူတို့ကျမ်းဂန်လာအတိုင်း ဆိုရင်တော့ ကျွန်တော်တို့ အဖြစ်က တော်တော်ဆိုးနေပြီ။ အရက်သောက်တာ၊ လူသတ်တာ၊ သူတပါးသားမယာ ဖျက်ဆီးတာကမှ လွတ်ငြိမ်းချမ်းသာခွင့် ရချင်ရဦးမယ်။ ကျွန်တော်တို့လို စေတီဆင်းတုရုပ်ပွားတော်တွေကို ထိုင်ကန်တော့နေတာက အဆိုးဆုံးသော ဒုစရိုက် ဖြစ်လို့မို့ ဘယ်လိုမှ ချမ်းသာစရာမရှိတော့ဘူး။ အဲဒီကျမ်းဂန်ကို ဦးထိပ်ပန်ဆင် နေသူတွေကလည်း ဘယ်လိုလုပ် နားလည်ပေးနိုင်တော့မလဲ။ ဘုးရားပေါ်မှာ ဦးချနေသူတွေ မြင်ရင် ဧရာမ ဒုစရိုက်ကောင်ကြီးတွေ တောင်ထင်နေဦးမယ်။
သူတို့တစ်တွေရဲ့ ကျွန်တော်တို့အပေါ် နားလည်မပေးနိုင်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက ပထမအစွဲပဲ။ ပထမအစွဲဆိုတာလည်း ချွတ်ရခက်တယ်၊ လွဲနေမှန်းသိရင်တောင် ပြင်နိုင်ရဲဖို့က ရှင်းလင်းတဲ့ အသိဉာဏ်နဲပ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေလိုအပ်တယ်။ ဆရာဦးဆန်းလွင် (ဆရာတော် အရှင်အာဒိစ္စရံသီ) ရေးသားတဲ့ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း စာအုပ်မှာ ဖတ်လိုက်ရတာက.. သူဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး တခါတလေ ဘုရားပေါ်ကို မိန်းမနဲ့ အတူ ရောက်ဖြစ်တယ်တဲ့၊ ရောက်တဲ့အခါတိုင်း သူ့မိန်းမ ဘုရားရှိခိုးနေတာကြည့်ပြီး ရင်ထဲမှာ အရမ်းပူပူလောင်လောင် ခံစားရတယ်တဲ့၊ အဲဒါဘာကြောင့်လည်းဆိုတော့ ငယ်းငယ်လေးကတည်းက မိဘတွေရဲ့ သွင်သင်ဆုံမမှုကြောင့်တဲ့။ သူ့အမေသူ့ကို ဆုံးမနေကျ စကားက “ဘယ်လောက် အသိဉာဏ် နည်းလိုက်ကြသလဲ ရုပ်တုကို ထိုင်ကန်တော့နေကြတယ်” တဲ့။
ကျွန်တော့် သူငယ်ချင်းတွေလည်း အဲဒီအချက် တွေကြောင့်ပဲ နားလည်မပေးနိုင်ကြာတာဖြစ်မှာပေါ
ရုပ်ပွားဆင်းတုတော်တွေကို အရိုအသေပေးတာနဲ့ ပတ်သက်လို့ နားလည်မှုမပေးနိုင်တဲ့ သူငယ်ချင်းတွေကို စိတ်မဆိုးတော့ပါဘူး။ သူတို့ရင်ထဲကို ဝင်ရောက်လာတဲ့ စွဲလမ်းခြင်း အကြောင်း ၂-ချက်ကို ရှာတွေ့သွားတော့ ကိုယ်ကပဲ ပြန်ပြီး သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီတိုင်းတော့ မထားချင်ဘူး။ တတ်နိုင်သလောက်သူတို့ သဘောပေါက်အောင် ရှင်းပြချင်သေးတယ်။
အဲလိုရှင်းပြဖို့ဆိုရင် ရတနာသုံးပါးကို ဘာကြောင့် ကိုးကွယ်သလဲဆိုတာကို ပါရှင်းပြမှ ပိုပြည့်စုံမယ်ထင်တယ်။
ကျွန်တော်တို့ ထေရဝါဒအရ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ခြင်းဟာ သိပ်ပြီး ရိုးရှင်းတယ်။ တစ်စုံတစ်ရာသော လွတ်ငြိမ်းချမ်းသာခွင့်တို့၊ ကောင်းချီးမင်္ဂလာတို့ လိုချင်ခြင်း လောဘ မပါဘူး။ ပြစ်ဒဏ်တစ်စုံတစ်ရာ ချမှတ်ခံရမှာကို ကြောက်ခြင်း ဒေါသလည်း မပါဘူး။ ကိုးကွယ်သင့် ကိုးကွယ်ထိုက်တယ် လို့ ယုံကြည်တဲ့ သဒ္ဓါတရားပဲပါတယ်။
ဘာသာရေးဗဟုသုတ သိပ်ပြီး မြင့်မြင့်မားမား မရှိဘဲနဲ့ လက်ခံနိုင်အောင်၊ ရတနာသုံးပါးတို့ရဲ့ ဂုဏ်တော်တွေကို နှိုက်နှိုက်ချွတ်ချွတ် မလေ့ဘဲနဲ့ နားလည်ပေးနိုင်အောင် အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်း ကျွန်တော်ရေးခဲ့ဖူးတဲ့ ပို့စ်ကို ပြန်ညွှန်းချင်ပါတယ်။ အဲဒါကတော့ နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဝါဒ ဖြစ်ပါတယ်။ ပညာရေး ရည်ရွယ်ချက်တစ်ခုအတွက် ကြိုးစားအားထုတ်နေတဲ့ ကျောင်းသားတစ်ယောက်ကို ဥပမာထားပြီး တင်ပြထားပါတယ်။
အဲဒီပို့စ်မှာပြောထားသလိုပါပဲ။ ဗုဒ္ဓဝါဒစစ်စစ်က ရတနာသုံးပါးကို ကိုးကွယ်ရာမှာ အလွန့်အလွန် ရိုးရှင်းပါတယ်။ ဒီနေ့ခေတ် ဗုဒ္ဓဘာသာဝင် အမည်ခံထားသူ အချို့က နတ်မ,တာခံချင်လို့၊ နတ်ကိုင်မှာကြောက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နတ်တို့၊ ဘိုးတော် မယ်တော်တို့ကို ကိုးကွယ်နေကြပါတယ်။ အဲဒီ အတွေးအခေါ် အယူအဆတွေက ဗုဒ္ဓဝါဒကဆင်းသက်လာတာ လုံးဝမဟုတ်ပါဘူး။ အခြားဘာသာတရား အမျိုးမျိုးဆီကနေ ကူးစက်လာတဲ့ ရိုးရာ၊ ဓလေ့၊ အတွေးအခေါ်၊ အယူအဆတွေ ရောယှက်ခံရခြင်း သက်သက်ပါ။
အခုဆက်ပြီး စီဘောက်မှာ လာမေးတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်ဖြေထားတဲ့ အမေးအဖြေလေး ကူးယူပြီး ပြန်တင်ပေးလိုက်ပါတယ်။ အရိုအသေပေးခြင်းနဲ့ ပတ်သက်ပြီး မေးထားတာပါ။ ရှင်းပြချင်တဲ့ အကြောင်းအရာနဲ့လည်း ဆက်စပ်နေလို့တွဲ ထည့်ပေးလိုက်ပါတယ်။
user: အစ်ကိုပြောခဲ့သလို သမာဓိသာလို့ အရိုအသေပေးရကြေးဆို အရည်းကြီးတွေ၊ တိဗက်ဘုန်းကြီးတွေလည်း သမာဓိကောင်းတာပဲလေ။ သမာဓိကောင်းတိုင်း အရိုသေပေးစရာမလိုဘူး ထင်ပါတယ် ရှင်းပြပေးပါခင်ဗျာ
Ywetwar: user ကျွန်တော်ပြောတဲ့ အရိုအသေ ပေးတယ်ဆိုတာ ထိုင်ပြီးကန်တော့တာတစ်မျိုးတည်း
အရီးကြီးတွေ၊ တိဗက်ဘုန်းကြီးတွေ သမာဓိကောင်းကြတယ်ဆိုရင်၊ အဲဒီမသာဓိကို ကိုယ်ကလည်း လေးစားတယ်ဆိုရင် အရိုအသေပေးလို့ရပါတယ်။ ပေးလည်းပေးထိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုလာပြီး အဲဒီပုဂ္ဂိုလ် “သမာဓိကောင်းလှတယ် လာဗျို့သွားပြီး ဖူးချေရအောင်” လို့လာခေါ်ရင်တော့ မလိုက်ပါဘူး။
ဥပမာပြောရရင် လည်မှာဆွဲဖို့ အဖိုးထိုက်တန်ဆုံး ပတ္တမြားငမောက်ရှိနေတဲ့လူတစ်ယောက
အထက်ကပြောခဲ့တဲ့ အတိုင်းပါပဲ။ အရီးကြီးနဲ့ တိဗက်ဘုန်းတော်ကြီးမှ မဟုတ်ပါဘူး။ ထာဝရဘုရားကို ယုံကြည်ကြတဲ့ ဘာသာခြားပုဂ္ဂိုလ်တွေလည်း သူတို့ ဂုဏ်တွေ ကြီးရင် ကြီးသလောက်၊ မြင့်ရင်မြင့်သလောက် အသိအမှတ်ပြုပါတယ်။ အရိုအသေလည်း ပေးပါတယ်။ ဒါပေမယ့် ကျွန်တော့် ရင်ထဲက အမြတ်ဆုံးရတနာ အဖြစ်သတ်မှတ်ထားတဲ့ ရတနာသုံးပဲနဲ့တော့ အစားထိုးဖို့ စိတ်မကူးပါဘူး။
အရိုအသေပေးတာနဲ့ ပတ်သက်ပြီး ဆက်ပြောပါရစေ။ သီလရယ်၊ သမာဓိရယ်၊ ပညာရယ် လို့ ဂုဏ်သုံးခုကို ဆွဲထုတ်ပြီးပြောခဲ့တာဟာ ထေရဝါဒ ကျမ်းဂန် မလွတ်အောင်ပြောခဲ့တာပါ။ တကယ်တော့ လောကီလောကုတ် စုံအောင်ပြောမယ်ဆိုရင် ကျွန်တော့်အနေနဲ့ လေးစားတဲ့ ဂုဏ်တွေက အများကြီးပါ။
* လူများအပေါ် အနစ်နာခံတာ
* ကိုယ်ကျိုးမဖက် အများကောင်းကျိုးဆောင်ရွက်တာ
* သီးခံနိုင်တာ
* သတ္တိရှိတာ
* အပြောအဆို နူးညံ့သိမ်မွေ့တာ
* လိုရင်းကို ထိမိအောင်ပြောတတ်တာ
* ယုံကြည်ချက်ခိုင်မာတာ
* ဆုံးဖြတ်ချက်ပြတ်သားတာ စသဖြင့်ပေါ့ ဆက်ပြောမယ်ဆိုရင် ကုန်နိုင်စရာတောင် မရှိတော့ပါဘူး။
အထက်ကပြောခဲ့တဲ့ ဂုဏ်ပုဒ်တွေအားလုံး စုံစုံလင်လင်စဉ်းစာလိုက်တော့ ကျွန်တော့အနေနဲ့ ရင်ထဲကနေ အရိုအသေပေး၊ အလေးဂရု ပြုမိသူတွေက အရမ်းကို များသွားပြီ။ ဘာသာတရားလည်းမခွဲခြားတော့ဘူး၊ လူမျိုးလည်းမခွဲခြားတော့ဘူး၊ ကျား/မလည်း မခွဲခြားတော့ဘူး ရိုသေထိုက်တဲ့ ဂုဏ်ပုဒ်ရှိသူတွေ လည်းစိတ်ထဲမှာ ခုစာရေးနေရင်းကို အများကြီးပေါ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ မာသာထရီဆာ၊ အေဗရာဟန်လင်ကွန်း စတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ပရဟိတသမားတွေ၊ လူထုခေါင်းဆောင်တွေ အများကြီးပေါ်လာတယ်။
သူတို့ရဲ့ အများကျိုးဆောင်ရွကမှု၊ အနစ်နာခံမှု၊ ပြတ်သားမှုတွေကို တွေးမိတိုင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အရိုအသေလည်းပေးမိပါတယ်။ အလေးဂရုလည်း ပြုမိပါတယ်။ သူတို့ အဆင့်မရောက်ချင်နေ ငါလည်း တတ်နိုင်သလောက်တော့ သူတို့လို ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံအောင် နေမယ်ဆိုတဲ့ စိတ်ဝင်လာတယ်။ လောကီလောကုတ်တွေ ကွဲပြားတယ်ပေါ့ဗျာ ဒါပေမယ့် အဲလိုတွေးနေတဲ့ အချိန်ဆိုရင် ဘုရားဂုဏ်တော်ပွားခြင်းနဲ့ ဆင်တူတဲ့ ခံစားမှုတစ်မျိုးစိတ်ထဲကို ဝင်လာသလိုပါပဲ။
ကျွန်တော်ကတော့ ဘုရားဂုဏ်တော်ပွားတယ်ဆိုလည်း အထက်ကပြောခဲ့သလိုပဲ။ ဘုရားကိုရိုသေးလေးစားမှုက ပိုလာတယ်။ ဥပမာ- ‘ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုကို မပြုတတ်သော ဂုဏ်တော်’ ဆိုတာကို အာရုံပြုနေရင်၊ “သြော်ဟုတ်တာပေါ့ ဘုရားက ကိလေသာမှ မရှိတော့တာပဲ၊ ကိလေသာအညစ်ကြေးတို့မှ ကင်းစင်နေပြီဆိုမှတော့ မကောင်းမှုတွေ ဘယ်မှာ ပြုတော့၊ ပြောတော့ ကြံတော့မှာလဲ” ဆိုတဲ့အတွေးက တွဲပါလာတယ်။ “ငါလည်း ကိလေသာအညစ်ကြေးတွေ မစင်ကြယ်နိုင်သေးပေမယ့် အတတ်နိုင်ဆုံးပါးအောင်နေမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ဆန်ဆန် အတွေးကလည်း နောက်က ကပ်ပါလာတယ်။
ရိုသေလောက်တဲ့ ဂုဏ်ပုဒ်ရှိသူတိုင်းကို အရိုအသေ ပေးသင့်ကြောင်း ကျွန်တော်တတ်နိုင်သမျှ ဂုဏ်တော်ပွားခြင်းနဲပါ နှိုင်းယှဉ်ပြီး ကြိုးစားရှင်းပြလိုက်ပါတယ်။ user ကျေနပ်လိမ္မယ်လို့ မျှော်လင့်ပါတယ်။
လေးစားလျက်
ရွက်ဝါ။
ကိုးကွယ်ခြင်း အရိုအသေပေးခြင်းနဲ့ ပတ်သက်လို့ အခုလောက် အကျယ်တဝင့်ပြောပြလိုက်တော့ ဆင်းတုတော်တွေကို အရိုအသေပေးတာနဲ့ ပတ်သက်လို့ သိပ်တောင်ပြောဖို့ မကျန်တော့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေ ပရဟိတ သမားတွေကို ဒီနေ့ခေတ်မှာ ရုပ်ထုတွေထုလို့ ဓာတ်ပုံတွေ ချိတ်လို့ အုပ်ဂူတွေတည်ဆောက်လို့ အရိုအသေပေးနေကြပါတယ်။ သူတို့က ခေါင်းဆောင်မှုကောင်းကောင်းတွေ ပေးခဲ့ကြလို့၊ ကိုယ်ကြိုးစွန့် အနစ်နာခံခဲ့ကြလို့၊ သတ္တိရှိရှိ ပြတ်ပြတ်သားသား လုပ်စရာရှိတာတွေ လုပ်ခဲ့ကြလို့ အမှတ်တရ ဂုဏ်ပြုရင်း အရိုအသေပေးကြတဲ့ သဘောပါ။ နောင်လာမယ့် ပြဿနာတွေအတွက် သဘာဝလွန် စွမ်းအင် တစ်ရပ် သူတို့ဆီက မျှော်ကိုး ကိုးကွယ်လို့ မရမှန်း အားလုံးသိကြပါတယ်။
အဲဒီပေါ်မှာ လက်ခံသဘောပေါက်ပေးနိုင်ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရုပ်တုကိုးကွယ်ခြင်းအပေါ်မှာလည်း
(ရွက်ဝါ)
1 comments:
Thanks.
Post a Comment