ဗိုလ်ချုပ်အောင်ဆန်းသည် အရွယ်ရောက်ကတည်းက နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းရွက်ဆောင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း အထူးပြောပြရန်မလိုတော့ပြီဖြစ်သည်။ ကျောင်းသားဘ၀၊ ဒို့ဗမာအစည်းအရုံးဝင်သခင်ဘ၀၊ စစ်သားဘ၀၊ နိုင်ငံ့ ခေါင်းဆောင်တစ်ဦးဘ၀စသောဘ၀အထွေထွေတို့တွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သောမိန့်ခွန်းများမှာ များပြားလှ သည်။ ယခုစာအုပ်တွင် ယင်းသို့သောဟောပြောချက်ပေါင်းများစွာတို့ကို အားလုံးပါဝင်အောင် မဖော်ပြလိုက်ပါ။ ဗမာ့တပ်မတော်ကြီး စစ်မြေပြင်ထွက်ခွာသော ၁၉၄၅ ခု၊ ဇူလိုင်လအထိ ယင်းအချိန်ပိုင်းအတွင်း ပြောကြားခဲ့သော ဟောပြောချက်များကိုသာ ခုနှစ်၊ ရက်စွဲ အစီအစဉ်အလိုက် ခွဲခြား၍ ဖော်ပြလိုက်ပါသည်။ သူ၏အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်များကို မူရင်းအတိုင်း မြန်မာဘာသာဟောပြောချက်များ၏နောက်ပိုင်းတွင် သီးခြားဖော်ပြပေးထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများကို ပြည့်ပြည့်စုံစုံလေ့လာရခြင်းကြောင့် သူသည် လူတစ်ဦးအနေဖြင့် မည်သို့သော သူဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်အယူဝါဒသမားဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း စသောအသေးစိတ်အခြင်းအရာများကို ခွဲခြမ်းစိတ်ဖြာ၍ သိမြင်လာနိုင်ပေမည်။ ဤစာအုပ်ပါ မိန့်ခွန်းများအနက် အချို့ကို နက်မောက်ဘုန်းကျော်ထံမှရရှိပြီး အချို့ကို စာပေဗိမာန်မှ ထပ်မံရှာဖွေစုဆောင်း၍ ရိုက်နှိပ်လိုက်ခြင်းဖြစ်ပါသည်။ အချို့မိန့်ခွန်းများကူးယူရာတွင် ကူညီကြသည့် တပ်မတော်မော်ကွန်းတိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်၊ ပညာရေးဝန်ကြီးဌာန၏ မော်ကွန်းဌာနခွဲ စသည်တို့ကို အထူးကျေးဇူးတင်ရှိနေပါကြောင်း။
စာပေဗိမာန်
ဗိုလ်ချုပ်အောင်ဆန်း
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ဖခင်၊ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် သက္ကရာဇ် ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက် (၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၊ အဖအမိန့်တော်ရ ရှေ့နေဦးဖာ၊ အမိဒေါ်စုတို့မှ ဖွားမြင်သည်။ အသက်ခုနှစ်နှစ်အရွယ် နတ်မောက်မြို့၊ ဆရာတော်ဦးသောဘိတ၏ကျောင်းတွင် ပညာသင်၍ အသက် ၁၄ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ကူးပြောင်းသင်ကြားရာ ၁၉၃၂ ခုနှစ် အသက် ၁၈နှစ်တွင် အထက်တန်းပညာကို အောင်မြင်၍ ထိုနှစ်ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလေသည်။ ၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်သမဂ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက် ၁၉၃၇-၃၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြန်လေသည်။ ဤသို့ ကျောင်းသား အရေးအရာများကို မဆုတ်မနစ်ရှေ့ဆောင်ခေါင်းရွက်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂဥက္ကဌအဖြစ်မှထွက်၍ ဒို့ဗမာအစည်းအရုံးသို့ဝင်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ် နေ့ညမနား ဆောင်ရွက် လေသည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် နယ်ချဲ့လက်အောက်မှ ရှင်းရှင်းကြီးလွတ်မြောက်ရမည်ဟူသော အဓိဋ္ဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လတွင် မြန်မာပြည်ပြင်ပသို့ထွက်သွားပြီး နောက် မြန်မာပြည်လွတ်လပ်ရေးရစေမည်ဟူသော ဂျပန်အစိုးရ၏ကတိကိုယူ၍ ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာကိုသင် ကြားပြီးလျှင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ နှိုက် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ဖွဲ့စည်းလေသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးရှေ့ဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်စစ်တပ်များနှင့် အတူ ပူးတွဲချီတက်လာပြီးနောက် နယ်ချဲ့များလက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်သိမ်းပိုက်လိုက်လေသည်။ သို့သော် ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံသာမက ပြည်သူလူထုအပေါင်းတို့အား ညှင်းပန်းနှိပ်စက်မှုများကိုပြုကျင့်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးနှင့်တကွ တစ်ပြည်လုံးကို ခေါင်းဆောင်လျက် ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့အား အတိအလင်းစစ်ကြေညာ၍ သုတ်သင်ရှင်းလင်းပြီးလျှင် လူထုကြီးတစ်ရပ်လုံးကို ဖက်ဆစ် တို့၏ ကြမ်းကြုတ်ရက်စက်မှုဘေးမှ ကယ်တင်လိုက်လေသည်။ ဖက်ဆစ်ဂျပန်များ ဆုတ်ခွာထွက်ပြေးကြပြီးနောက် ဗြိတိသျှတပ်များ ၀င်ရောက်လာရာနှိုက်လည်း ဗြိတိသျှတို့သည် မြန်မာပြည်ကို ကျွန်သက်ရှည်စေမည့် စက္ကဖျြူစာတမ်းကို ယူလာကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်ခဲ့သော ဖ.တ.ပ.လ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို အမျိုးသားတပ်ပေါင်း စုကြီးအဖြစ် ပြန်လည်ဖွဲ့စည်းပြီးလျှင် လွတ်လပ်ရေးအောင်လံကြီးကိုလွှင့်ထူ၍ လွတ်လပ်ရေးတိုက်ပွဲကြီး ဆင်နွှဲလေသည်။ ထို့နောက် ယာယီကြားဖြတ်အစိုးရအဖွဲ့တွင်းသို့ ၀င်ရောက်ဆောင်ရွက်၏။ ဗြိတိသျှတို့ထံ လွတ်လပ်ရေးအတွက်အရေးဆိုရာ ၁၉၄၆ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဘိလပ်သို့ ဖိတ်ကြားခြင်းခံရပြီးလျှင် ၁၉၄၇ ခု၊ ဇန်န၀ါရီ ၂ ရက်နေ့တွင် ဘိလပ်သို့ သွားရောက်လေသည်။ သို့လျှင် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရ သွားရမည့်ဆဲဆဲတွင် ခါင်းတောင်းကျိုက်မဖြုတ်ကြနှင့် ဟု ပြည်သူလူထုအား အသင့်ရှိစေရန်မှာကြားခဲ့သည်။ ပြီးနောက် အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့တက်ရောက်ကာ လွတ်လပ်ရေး အတွက် အရေးဆို၍ အောင်ဆန်းအက်တလီ စာချုပ်ကိုချုပ်ဆိုခဲ့ပြီးလျှင် တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည် ဟူသော ရဲရဲတောက်ကတိကြီးကို ပြည်သူလူထုအား ပေးလေသည်။ ထို့နောက်ပင်လုံတွင် တစ်ပြည်ထောင်လုံး ညီညွတ်ရေးကြီးကို မြဲခိုင်စွာ အုတ်မြစ်ချပြီးနောက် တစ်နိုင်ငံလုံး ကိုယ်စားလှယ်များပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို ရွေးကောက် ဖွဲ့စည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို ရေးဆွဲခဲ့လေသည်။ ထိုသို့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို လမ်းပြခေါင်းဆောင်လျက် မိမိ၏အသက်စည်းစိမ်ကို မြူတစ်ခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထု၏အကျိုး၊ ပြည်ထောင်စုကြီးအကျိုးကိုသာ မျက်မှောက်ပြုလျက် အပြင်းအထန်ကြိုးပမ်းဆောင် ရွက်နေဆဲမှာပင် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့နှိုက် လူမသမာတို့၏လက်ချက်ဖြင့် ပြည်သူလူထု၏ဖခင် ကျေးဇူးရှင်ကြီးသည် လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။
တပ်ထွက်မိန့်ခွန်း
ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းဖြင့် ခန့်ခန့်ညားညား လွတ်လပ်စွာနေလာခဲ့သော မြန်မာတို့အား နယ်ချဲ့ဗြိတိသျှတို့က ၁၈၂၄-၂၆ ခုနှစ်များတွင်တစ်ကြိမ်၊ ၁၈၅၂-၅၄ ခုနှစ်များတွင်တစ်ကြိမ်၊ အကြောင်းအမျိုးမျိုးရှာ၍ စစ်မက်ပြုခဲ့ကြ၏။ ယင်းစစ်ပွဲနှစ်ကြိမ်တိုက်ခဲ့ပြီးနောက် အကြံသမား ဗြိတိသျှသည် မြန်မာ့နယ်မြေများဖြစ်သော အာသံ၊ မဏိပူရ၊ ရခိုင်၊ တနင်္သာရီနှင့် မြန်မာပြည်အောက်ပိုင်းတို့ကို ဇွတ်အတင်းနယ်ချဲ့သိမ်းယူခဲ့လေသည်။ နောက်ဆုံးအကြိမ်ဖြစ် သော တတိယစစ်ပွဲနှိုက်မူကား ဘုံဘေဘားမားသစ်မှုကို အကြောင်းပြလျက် ဗြိတိသျှတို့က မြန်မာပြည်ကို တိုက်ခိုက်သိမ်းယူ ရန် စီစဉ်၏။ ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးသို့ ဗြိတိသျှတပ်ပေါင်းစုရောက်ရှိပြီး သီပေါဘုရင်နှင့် စုဖုရားလတ်တို့ကို ဖမ်းဆီးလိုက်လေသည်။ ၁၈၈၆ ခု၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာပြည်ကိုသိမ်းယူလိုက်ကြောင်း ဗြိတိသျှတို့က ကြေညာသည်။ ထိုအချိန်မှစ၍ မြန်မာ့လွတ်လပ်ရေး ကျရှုံးရလေသည်။ ဤသို့ သီပေါမင်းနှင့် စုဘုရားလတ်တို့ကို ဖမ်းဆီးသွားသောအခါ အစပထမတွင် မြန်မာတို့သည် ညောင်ရမ်းမင်းသား ကိုနန်းတင်၍ ဗြိတိသျှတို့ဆုတ်ခွာသွားလိမ့်မည်ဟု ထင်ထားကြ၏။ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီးတို့ ကြီးမှူးသော ယာယီလွှတ်တော်မှထုတ်ပြန်သည့် အမိန့်များကို နားထောင်ခဲ့ကြ၏။ သို့သော် နောက်ပိုင်းတွင် အခွန်ကောက်ခံခြင်း၊ အုပ်ချုပ် ရေးကိစ္စများတွင် ဗြိတိသျှတို့အလိုကျလုပ်လာခြင်းတို့ကြောင့် မြန်မာ့ထီးနန်းကို ဗြိတိသျှတို့သိမ်းယူကြောင်း မောင်းနှင်မထုတ် ဘဲနှင့် ဗြိတိသျှတပ်များ မြန်မာ့နယ်မြေမှ ထွက်ခွာသွားကြမည်မဟုတ်ကြောင်း အဖြစ်မှန်ကို သိရှိလာကြလေ၏။ ထိုစဉ်က မြန်မာတို့အခြေအနေကို ဗြိတိသျှစစ်အုပ်ချုပ်ရေးယန္တရားတွင်အရေးကြီးသောဝက်အူတစ်ချောင်းအဖြစ် ပါဝင်ခဲ့ရသူ ဖီးဒင်းဟော ၏ ကိုယ်တွေ့အဆိုမှာ အောက်ပါအတိုင်းဖြစ်သည်။ မင်းပြောင်းမင်းလွဲလွန်စွာမြန်ခြင်းကြောင့် လူထုသည် အခိုက်အတန့်ဘာမျှမကြံစည်တတ်ဘဲ တွေဝေနေ၏။ မြန်မာတို့၏ အထင်ကား ဗြိတိသျှတို့သည် မကြာမီထွက်ခွာသွား၍ မြန်မာ့ဘုရင့်အစိုးရအဖွဲ့သည် ပြန်လည် စိုးမိုးအုပ်ချုပ်လိမ့်မည်ဟု ထင်မှတ်ကြ၏။ ထိုအထင်ကြောင့် သူတို့သည် ၁၈၈၅ ခု နိုဝင်ဘာလမှ ၁၈၈၆ ခု ဇူလိုင်လအထိ သိသိ သာသာ ငြိမ်သက်နေကြ၏။ ၁၈၈၆ ခု ဇူလိုင်လရောက်သောအခါ ကျွန်ုပ်တို့သည် ကျေးလက်အုပ်ချုပ်ရေးကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းများကို ဆောင်ရွက်လာကြသည်။ မြန်မာလူမျိုးတို့သည် မည်သည့်ချုပ်ချယ်မှုကိုမျှလည်း အလိုရှိသော လူမျိုးမဟုတ်၊ တိတိကျကျအားဖြင့် နိုင်ငံခြားသားများ၏ အုပ်ချုပ်ခြင်းကို နည်းနည်းမျှ လိုလားကြသူများမဟုတ်ကြ၊ ထို့ကြောင့် မြန်မာတို့သည် အတိုက်အခိုက်ကျွမ်းကျင်သူများကို ခေါင်းဆောင်တင်မြှောက်ကာ ကျွန်ုပ်တို့ကို စတင်တိုက်ခိုက်ကြလေတော့ ၏။ ဤနည်းဖြင့် မြန်မာပြည်အထက်ပိုင်း ဗန်းမော်မှ အလယ်ပိုင်းမင်းလှမြို့အထိ၊ ရှမ်းပြည်မှသည် ချင်းတောင်တန်းများအထိ တစ်ပြည်လုံး အုံးအုံးကျွတ်ကျွတ် ဆူပွက်ပုန်ကန်တိုက်ခိုက်ကြပါတော့သည်။
(ဧဒင်ဥယျာဉ်)
0 comments:
Post a Comment