Saturday, May 12, 2012

အဖေ..ဆိုတာ



နွေနေပူကား ပြင်းလှချေ၏။
နွေနေရဲ့ နေ့လယ်ခင်း ၁ နာရီ အချိန်ဆိုရင်ကား ပြောဖွယ်ရာ မရှိချေတော့။ အရပ်ရှစ်မျက်နှာ ဝန်းကျင်မှာ တံလျှပ်တို့က သိုင်းဝိုင်းကာ လွှမ်းခြုံနေလေသည်။
မြေပေါ်ကျနေသော နေရောင်က ထိသမျှ အရာ အားလုံးကို လောင်ကျွမ်းတော့ မတတ် ပူလှောင်လှချေ၏။ ေ
ကျးငှက် တိရစ္ဆာန်များ အပါအဝင် သတ္တဝါ အားလုံးနီးပါးသည် အရိပ်ကျရာ နေရာမှာ ခိုအောင်းကာ အနားယူနေကြလေ၏။
ပတ်ဝန်းကျင် တစ်ခုလုံးကား တိတ်ဆိတ်၍ လူသူ လှုပ်ရှားမှု ကင်းကာ ငြိမ်သက်နေလေသည်။

ထိုသို့သော ပူလောင်ကျွမ်းနေသော အချိန်မှာ နေပူကျဲကျဲတွင် မနေမနား လှုပ်ရှားနေသူ တစ်ယောက် ရှိနေလေ၏။
သူကား လှည်းဖြင့် တိုက်လာသော ကောက်ရိုးထုံးများကို အိမ်နောက်ဘက်မှ စပါးကျီဘေး ကောက်ရိုးထုံးများ ထားရာ နေရာကို သယ်ကာ ထပ်၍ ထပ်၍ တင်နေလေသည်။
သူ၏ ကိုယ်သည် နေ၏ အပူရှိန်ကြောင့် ချွေးများ ပြိုက်ပြိုက်ကျနေ၏။ သို့သော် သူ၏ လှုပ်ရှားမှုက ရပ်နားသည် ဟူ၍ မရှိ။
ခြံဝန်း အပြင်မှာ လှည်းလမ်းကြောင်းပေါ်တွင် ရပ်ထားသော လှည်းပေါ်မှ ကောက်လှိုင်းထုံးများကို သယ်ယူကာ အိမ်နောက်သို့ သယ်ယူလျက်ပင် ဖြစ်၏။

“ မောင်စိုး . . . ”

ကောက်လှိုင်းထုံး သယ်ရန် လှည်းဆီသို့ သွားနေသော ထိုသူက အသံကြားရာသို့ လှည့်ကြည့်ကာ ပြန်ထူးလေ၏။

“ ဗျာ . . အဘ ”

“ ခဏ နားလိုက်ပါဦးလား ငါ့သားရယ်။ နေက ပြင်းက ပြင်းပါဘိသနဲ့။ ”

“ ညနေ ဟိုဘက်ရွာမှာ ထင်းသွားတိုက်ရဦးမယ် အဘရဲ့။ ဒါကြောင့် အခု ကောက်လှိုင်းထုံးတွေ မသယ်ထားရင် သယ်ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ။ ”

“ ဒါတော့ ဒါပေါ့ ငါ့သားရာ။ နေက လွှတ်ပူတယ်ဟ။ ခဏလေး နားလိုက်ပါဦးလား။ ”

“ ဟုတ်ကဲ့ . . . ဒါနဲ့ ဖိုးသားရော အဘ ”

“ မင်းသားက အိပ်နေပါတယ်ကွာ။ နေပြင်းတော့ ကလေးတွေလည်း နုံးပြီးတော့ အိပ်ကြတာပေါ့။ ”

“ နေရော ကောင်းရဲ့လား အဘ ”

“ ကောင်းပါတယ်ကွာ။ ကလေး ပီပီ နေ့လည် နေ့ခင်း အိပ်တာပါကွ ”

“ သြော် . . ဟုတ် . . ”

မောင်စိုး . . . ပြောလည်း ပြော ၊ ကျန်နေသော ကောက်လှိုင်းထုံးများကို သယ်ရန် လှည်းဆီသို့ ဦးတည် လိုက်ပြန်၏။

“ ခဏ နားစမ်းပါဦး ဆိုမှ ငါ့သားရာ ”

“ နေစောင်းသွားမှ ဆိုရင် ဟိုဘက် ရွာကို သွားရင် မမှီမှာ စိုးလို့ပါ အဘရာ။ ”

“ ဒါဆိုလည်း ခဏလေး နားပြီး အဖန်ရေလေး သောက်ဦးဟ ၊ ထန်းလျက်ခဲလေးလည်း ရှိတယ်။ နေက အရမ်းပြင်းတယ်ကွ။ ”

ထပ်ငြင်းနေရင် အဘဆီက စကားသံက ထပ်ထွက်လာမှာ စိုး၍
မောင်စိုး အိမ်တံစက်မြိတ်သို့ ဝင်ကာ ကြွေရည် ခပ်ကြမ်းကြမ်း သုတ်ထားသော လက်ဖက်ရည်ကြမ်း ခွက်ထဲသို့ အဖန်ရည်ကို ငှဲ့ထည့်ကာ ဆတ်ခနဲ မော့သောက်လိုက်၏။ အနားပဲ့နေသော ပန်းကန်ပြားထဲမှ ထန်းလျက် တစ်ခဲကို နှိုက်ကာ ကွမ်းချိုးတက်နေသော အံသွားဖြင့် တစ်ချက်ကိုက်ကာ အပိုင်းကြီး နှစ်ပိုင်းကွဲသွားမှ ကျန်ထန်းလျက်ခဲ အပိုင်းအားလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်လေသည်။

နောက်ထပ် အဖန်ရည် တစ်ခွက်ကို ငှဲ့သောက်ပြီးတော့ ခပ်လှမ်းလှမ်း လှည်းလမ်းကြောင်းမှာ ရပ်ထားသော လှည်းပေါ်မှာ ကောက်လှိုင်းထုံးများကို လှမ်းကြည့်ရင်း သယ်ဖို့ လှည့်လိုက်ချိန်မှာပဲ . . .

“ အင့် . . . အ . . . ဝါး . . . ”

အိမ်ထုပ်တန်းမှာ ကြိုးဖြင့် တုပ်ချည်နှောင်ကာ ဆင်ထားသော ပုခက်ထဲမှ လှုပ်ရှားမှု ဖြစ်ပေါ်လာပြီး သူ့သားလေးဆီမှ ငိုသံ သဲ့သဲ့ကို ကြားလိုက်ရလေ၏။
ကောက်လှိုင်းထုံးများ ရှိရာ လှည်းဆီသို့ သွားမည့် သူ့ခြေလှမ်းများက
ချက်ချင်း လမ်းကြောင်းပြောင်းကာ အိမ်ပေါ်သို့ ခြေတစ်ဘက် တက်ပြီးသား ဖြစ်သွား၏။ သို့သော် သူ့သားလေးကို သူ့အဘက ပုခက်ထဲမှ လှမ်းချီကာ ပွေ့ယူထားပြီး ဖြစ်၏။ သူ့သားလေးကလည်း ငိုနေခြင်း မရှိ။
အခုနက နိုးနိုးချင်းမို့ အသံပြုခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အိပ်ရေး မဝသေး၍ ထင်သည်။ မျက်နှာက သိပ်တော့ ကြည်လင်ခြင်း မရှိပေ။

“ အဘ . . . ကျုပ်သားလေး ဘာဖြစ်လို့လဲ မသိဘူး။ နေများ မကောင်းဘူးလား ၊ မှန်းစမ်းပါဦး။ ”

သူ့အဘ လက်ထဲမှ သူ့ကလေးကို စမ်းဖို့ လက်အပြင်မှာ သူ့အဘက နောက်သို့ ရို့လိုက်ပြီး . . .

“ နေစမ်းပါ . . ငါ့သားရာ။ နေပြင်းလွန်းလို့ နိုးလာတာပါကွ။ မင်း လက် အပေကြီးနဲ့ ကလေးကို မကိုင်စမ်းပါနဲ့။ ကောက်ရိုးအမွှေးတွေနဲ့ ကလေး ယားကုန်ပါ့မယ်။ ”

ကောက်ရိုးမှ အမွှေးလို့ ခေါ်သော ကောက်ပင်မှ အစူးလေးတွေက သာမာန် လူကြီးကို ဘာမှ မဖြစ်စေနိုင်သော်လည်း ကလေးတွေရဲ့ အသားနုနုလေး အတွက်တော့ ယားယံစေမှာ အမှန် ဖြစ်၏။ အတင်းအကြပ် တားမြစ်သံ မဟုတ်သော်လည်း ထိုစကားက အလွန်ထိရောက်လေ၏။ ကလေးဆီသို့ လက်လှမ်းကာ တိုးကပ်လာသော မောင်စိုး ချက်ချင်းပင် ကလေးနဲ့ ဝေးရာသို့ နှစ်လှမ်းကျော်မျှ ဆုတ်သွားမိလေ၏။

“ အိပ်ရေး မဝသေးဘူး ထင်တယ် အဘ။ ပြန်သိပ်လိုက်ပါလား။ ”

“ ငါ မင်းကိုတောင်မှ ဒီလောက် ကြီးလာအောင် မွေးလာတာပါ ငါ့သားရာ။ နေပြင်းလို့ နိုးလာတာပါ။
ရေတိုက်ပြီး ပြန်သိပ်ရင် အိပ်ပါတယ်။

မင်းသာ နေပြင်းထဲမှာ “ ငရဲက လာသူ ပြာပူမကြောက် ” ဆိုသလို ကောက်လှိုင်းတွေ သယ်နေတာ။ ခဏနားပြီး နေနည်းနည်းစောင်းမှ လုပ်ရင်လည်း ဘာမှ မဖြစ်ပါဘူးကွာ။ ”

“ ညနေ ဟိုဘက် ရွာမှာ ထင်းစည်းတွေ တိုက်ရဦးမှာမို့လို့ပါ အဘရာ ”

ပြောလည်း ပြော ၊ သူ့သားကို စိတ်မချသလို တစ်ချက်လှမ်း ကြည့်ရင်း မောင်စိုး အိမ်ပေါ်မှ ဆင်းသွားကာ လှည်းလမ်းပေါ်မှာ ရပ်ထားသော သူ့လှည်းဆီသို့ ပြန်သွားကာ ကောက်လှိုင်းထုံးတစ်ထုံးကို လှမ်းမလိုက်ပြီး ပုခုံးပေါ်သို့ တင်ကာ အိမ်နောက်ဘက်သို့ ဝင်သွားပြန်၏။ သူ ပြန်ထွက်လာတော့ သူ့ရဲ့ သားလေးကို ပွေ့ထားရင်း အိမ်ပေါက်ဝမှာ ထိုင်နေသော သူ့အဘကို မြင်ရ၏။ သိပ်မကြည်လင်သေးသော မျက်နှာနဲ့ သူ့သားကို တွေ့ရပြန်သည်။

“ ငါ့သားကြီး . . . နိုးပြီလား။ ပြန်အိပ်ဦးလေကွာ။ ”

သူ့ရဲ့ အသံကြားတော့ စိတ်မကြည်လင်သေးလို့ မှုန်ကုပ်ကုပ် မျက်နှာနဲ့ သူ့သားက တစ်ချက် လှစ်ခနဲ သူ့ကို ကြည့်ကာ ပြုံးပြလေ၏။ ထိုသို့သော အပြုံးက မောင်စိုး အတွက် ခွန်အား တစ်ရပ် ဖြစ်လေသည်။ သူ့သားကို ချော့မြူရင်း လှည်းလမ်းပေါ်မှာ ကောက်လှိုင်းများ တင်ထားသော လှည်းဆီသို့ ဦးတည်ကာ သွားပြန်လေ၏။ လှည်း အနီးကို ရောက်တော့ ကောက်လှိုင်းထုံး တစ်ထုံးကို လှမ်းပင့်ယူလိုက်ပြီး ပုခုံးပေါ်ကို တင်ကာ ထမ်းလာခဲ့ပြန်သည်။

ကောက်လှိုင်းထုံးကို ထမ်း၍ ငိုက်စိုက်စိုက် လှမ်းလျှောက်လာရင်း သူ ခြံဝန်းဝသို့ အရောက် သူ့ရဲ့ မျက်လုံး အစုံ ပြူးကျယ်သွားလေ၏။ သူ ထမ်းယူလာသော ပုခုံးပေါ်မှ ကောက်လှိုင်းထုံးကို မြေပြင်ပေါ်သို့ ဖြစ်သလို ပစ်ချကာ အိမ်ဘက်ဆီသို့ ဂမူးရှူးထိုး ပြေးလာလေတော့သည်။ သူ၏ ပါးစပ်မှလည်း . . .

“ အဘ . . . အဘ . . . ဘယ်ရောက်သွားပြီလဲ။ ကျုပ်သားကို ဘာလို့ နေပူနေတဲ့ ကွပ်ပစ်ပေါ်မှာ ထားပြီး ဘယ်ရောက်သွားတာတုန်း။ ”

သူက ထိုသို့ အော်ဟစ်ပြေးလာကာ အိမ်ရှေ့ ကွပ်ပစ်ပေါ်မှ သူ့ကလေးကို ဆတ်ခနဲ လှမ်းယူကာ ပွေ့ချီလိုက်လေ၏။ ထိုအချိန်မှ သူ့အဘက အိမ်ထဲမှ ဘာမှ မဖြစ်သလို နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို တပ်ဆင်ရင်း ခပ်အေးအေး ထွက်လာလေ၏။ သူ၏ အဘက အေးဆေးနေသလောက် သူကတော့ နေပူစပ်ခါးမှာ ကောက်လှိုင်းထုံး ထမ်းနေတာထက် ပို၍ ပူလောင်သလို ခံစားနေရ၏။

“ အဘ. . . အဘဗျာ။ ကျူပ်သားကို ဘာလို့ နေပူနေတဲ့ ကွပ်ပစ်မှာ ထားပြီး အိမ်ထဲ ဝင်သွားရတာလဲ။ ”

“ ဟ . . ကောင်ရ။ ဘာဖြစ်လို့လဲကွ။ ဒီနေပူလောက်နဲ့ ဘာမှ မဖြစ်ပါဘူးဟ။ ”

သူ့အဘကား လွန်စွာမှ အေးဆေးစွာ ဖြေကြားလေ၏။ သို့သော် သူကား မအေးဆေးနိုင်ချေ။

“ နေဒီလောက် ပြင်းနေတာ အဘရာ။ ကျုပ်သား ဖျားနာကုန်မပေါ့ဗျာ။ ”

“ ဒီလောက်နဲ့ မင်းက ဘာလို့ စိတ်တွေ ပူနေတာလဲကွ ၊ ”

“ အာ . . အဘရာ။ ပူရတာပေါ့ဗျ။ ”

“ ငါက မင်းထက် နားလည်ပါတယ်။ ဘာမှ မဖြစ်ပါဘူးဟ။ ငါတောင်မှ ဒီလောက် စိတ်မပူဘူး။ ”

“ အဘကတော့ ဘယ်စိတ်ပူမလဲ ၊ ဒါပေမဲ့ ကျုပ်ကတော့ ကျုပ်သား အတွက် စိတ်ပူတာပေါ့ဗျ။ ”

သူက စိတ်ဆိုး မာန်ဆိုးဖြင့် သူ့အဘကို လှမ်းပြောချိန်မှ သူ့အဘရဲ့ နှုတ်ခမ်းဖျားမှာ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေ၏။ ပြီးတော့ သူ့ကို နုညံ့စွာကြည့်ရင်း . . .

“ အေး . . . မင်း မှတ်ထား။ မင်းက မင်းသားကို စိတ်ပူသလို ၊ ငါကလည်း ငါ့သား ဖြစ်တဲ့ မင်းကို စိတ်ပူတာပဲကွ။ ဒါကြောင့် နေပူထဲမှာ မင်း ကောက်လှိုင်းတွေ ထမ်းနေတာကို နားဖို့ ပြောနေတာပေါ့။ ”

သူ့ရဲ့ စိတ်ထဲမှ ဒေါသတွေ ၊ အပြင်မှာ တိုက်ခတ်နေတဲ့ လေပူတွေ ၊ ပြင်းပြနေတဲ့ နေရှိန်တွေ အားလုံး တိတ်ဆိတ်သွားကာ အရာရာဟာ အေးချမ်းသွားသလို ခံစားလိုက်ရ၏။ မိဘမေတ္တာ ဆိုတာ စိမ့်စမ်းရေပမာ အေးချမ်းလှပေစွ မဟုတ်ပါလား။

(“ ကိုဇော် ”.. www.zaw357.net ” ) မှကူးယူတင်ပြသည်...

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"