Wednesday, July 11, 2012

ဦးကောဝိဒါဘိဝံသ(မစိုးရိမ်ဆရာတော်)၏ ထေရုပ္ပတ္တိ


ဦးကောဝိဒါဘိဝံသ

မွေးနေ့ ၁၂၈၉ ခု ၊ ကဆုန်လဆုတ် (ဂ)ရက်နေ့
ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း
မိဘများ ဦးမောင်စီ + ဒေါ်သိန်းတင်
မွေးဖွားရာဒေသ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အသည်ကြီးရပ်
လူသိများခြင်း သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ

မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ

မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
ကွန်ယက်




မွေးဖွားခုနှစ်


မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အသည်ကြီးရပ်နေ ခမည်းတော် ဦးမောင်စီ ၊ မယ်တော် ဒေါ်သိန်းတင်တို့မှ ၁၂၈၉ ခု ၊ ကဆုန်လဆုတ် (ဂ)ရက်နေ့မှာ ဖွားမြင်ခဲ့သည်။


ရဟန်းဖြစ်နှစ်


၁၃၀၈ ခု တန်ဆောင်မုန်းလပြည့်နေ့ပညာသင်ကြားခဲ့သော ကျောင်းတိုက်များမှာ ဓနုဖြူမြို့၊ ခင်မကန်ကျောင်းတိုက် နှင့် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် များတွင် ပညာသင်ကြားခဲ့သည်။


အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ


သာသနဓဇ သိရီပဝရဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ

သာသနာရေးဆောင်ရွက်ချက်များ


၁၃၁၇ ခု ၁၃၆၆ ခုနှစ်တိုင် နှစ်ပေါင်း (၅၀) ကြာ မစိုးရိမ်ကျောင်းတိုက်၌ စာပေများပို့ချခဲ့သည်။ နွေရာသီ အထူးသင်တန်း အဖြစ် ရန်ကုန်မြို့၊ တောင်ဥက္ကလာ၊ ငွေကြာရံပရိယတ္တိစာသင်တိုက်တွင်လည်း နှစ်ပေါင်းများစွာ စာပေများပို့ချခဲ့သည်။ အထူးသဖြင့် ဓမ္မာစရိယတန်းဆိုင်ရာ၊ ဝိနည်းကျမ်းအဖွင့်ဖြစ်သော ပါရာဇိကဏ်အဋ္ဌကထာကျမ်းပို့ချရာ၌ အထူး အောင်မြင်ကျော်ကြားသည်။ ဆရာတော်ကြီး၏ ၄င်းစာဝါပို့ချရာတွင် စာလိုက်သံဃာများ အလွန်များပြားလှသဖြင့် ကျောင်းရှေ့ သစ်ပင်များအောက်ကပင်လျင် သံဃာတော်များ စာဝါလိုက်ကြရသည်။ ဆရာတော်ကြီးသည် သူ့ခေတ်သူ့ခါ အတွင်း အအောင်မြင်ဆုံး ပါရာဇိကဏ်ကျမ်းဆိုင်ရာ စာချအကျော်တစ်ပါးအဖြစ် မှတ်တမ်းပြုနိုင်သည်။ တိပိဋကပါဠိ မြန်မာအဘိဓာန် ကျမ်းပြုအဖွဲ့ဝင်ဆရာတော်တစ်ပါးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။


အကျဉ်းစံဘဝ


ဆရာတော်ကြီး၏ အမျိုးဘာသာ သာသနာနှင့်စပ်ဆိုင်လာလျင် တက်တက်ကြွကြွ ပွင့်ပွင့်လင်းလင်း ပါဝင်ပြောဆိုလေ့ ရှိသော သဘောထားကြောင့် ၁၉၉၀ ခု ၊ စစ်အစိုးရအား သံဃာတော်များက ဝိနည်းတော်နှင့်အညီ ဓမ္မနည်းလမ်း ကျကျ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ရာဝယ် ဦးဆောင်ဆရာတော်တစ်ပါးအဖြစ် စွပ်စွဲကာ မတရားသဖြင့် ထောင်သုံးနှစ် (၂၂) လကြာ အကျဉ်းချခြင်းကိုလည်း ခံခဲ့ရသည်။


ပြုစုခဲ့သောကျမ်းစာများ

  1. မစိုးရိမ်ပါရာဇိကဏ်အဖြေ ပ-ဒု-တ သုံးတွဲ
  2. မစိုးရိမ်သီလက္ခန်အဖြေ
  3. မစိုးရိမ် အဋ္ဌသာလိနီအဖြေ
  4. တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်း



ထမ်းဆောင်ခဲ့သောသာသနာ့တာဝန်များ


ဆရာတော်ဘုရားသည် -
  1. မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပိဋကနယူပဒေသကျောင်း မစိုးရိမ် ကျောင်းတိုက်ကြီး၏ မဟာနာယက စာချဆရာတော်၊
  2. ယဉ်ပုံပရိယတ္တိစာသင်တိုက်၏ မဟာနာယက၊
  3. ရှမ်းပြည်နယ် မန်းပြိန်းကျောင်းတိုက်၏ ပဓာနမဟာနာယက၊
  4. တိပိဋက အဘိဓာန်ကျမ်းပြုအဖွဲ့ဝင်အဖြစ် သာသနာ့တာဝန်များ ထမ်းဆောင်ခဲ့သည်။



ပြည်ပ သာသနာပြုလုပ်ငန်းများ


ဆရာတော်ဘုရားကြီးသည် သက်တော်ဝါတော် ကြီးမြင့်ပြီဖြစ်သော်လည်း ဗုဒ္ဓသာသနာ မြန်မာပြည်က ပျောက်ကွယ် မည့်အရေး တွေ့မြင်ရသောအခါ၌ မျက်နှာလွှဲ မနေနိုင်အားပဲ အားတက်သရော ရှေ့တန်းမှပါဝင်ကာ ဟောပြောစည်း ရုံး ရှေ့ဆောင်လမ်းပြ နေဆဲဖြစ်သည်။ ၂၀ဝ၇ အောက်တိုဘာ ၂၇ တွင် ထူထောင်ခဲ့သော ပြည်ပရောက် မြန်မာရဟန်းတော်များဖြင့် ဖွဲ့စည်းထားသည့် သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကြီး၏ ပဓာနစေရ ဆရာတော်ကြီး အဖြစ် ဆောင်ရွက်လျှက် ရှိသည်။


ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း


မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါဘိဝံသ သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ၀ါသည် ယမန်နေ့ နေ့လယ် ဒေသစံတော်ချိန် (၁) နာရီ (၇) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ဆေးရုံတခု၌ နှလုံးရောဂါဖြင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသည်။ ဆရာတော်ကြီး၏ အန္တိမ ဈာပန အခမ်းအနားကို မေလ ၅ ရက်နေ့ နယူးယောက် မြို့ရှိ Greenwood သုသာန်မှာ သင်္ဂြိုဟ်သည်။ မန္တလေး မစိုးရိမ် ဆရာတော် ဘုရားကြီး အဂ္ဂမဟာ ပဏ္ဍိတ ဦးကောဝိဒါ ဘိဝံသ ပျံလွန်တော် မူချိန်မှာ သက်တော် ၈၁ နှစ်၊ ဝါတော် ၆၂ ဝါ ရှိပြီ ဖြစ်ပြီး ဆရာတော်ကြီးဟာ မန္တလေး မစိုးရိမ် ကျောင်းတိုက်၊ မဟာ နာယက အဖွဲ့ဝင်၊ ပါဠိ အဘိဓာန် ကျမ်းနှင့် မစိုးရိမ် ပါရာဇိကဏ် အဖြေ၊ မစိုးရိမ် သီလက္ခန် အဖြေ၊ မစိုးရိမ် အဋ္ဌ သာလိနီ အဖြေကျမ်း တို့ကို ပြုစုခဲ့ပြီး သာသန မောဠိ - အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (Sasana Moli - International Burmese Monks Organization, INC.) ပဓာနစေရ ဆရာတော်ကြီး ဖြစ်ပါတယ်။
ယမန်နေ့က နယူးယောက် သာသန မောဠိ အဖွဲ့ချုပ် ခန်းမဖွင့် အခမ်းအနား ကိုလည့်း ကရောက်ပြီး တရား ချီးမြှင့် ခဲ့သေးကြောင်း၊ သက်တော် ကြီးရင့်ပြီး ကျန်းမာရေး ချို့ယွင်း နေတဲ့ ကြားက သာသနာ့ အန္တရာယ်ကို ကာကွယ်ရန်၊ သံဃာတော် တွေကို စောင့်ရှောက်ရန် အတွက် အထူး လုံလ ပြုတော်မူပြီး ဆရာတော်ကြီးဟာ သာသန မောဠိ - အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (Sasana Moli - International Burmese Monks Organization, INC.) ကို မနေမနား ဦးဆောင်မှု ပေးခဲ့ကြောင်း၊ သာသန မောဠိ အဖွဲ့ချုပ်က ဆရာတော် တပါး ဖြစ်သူ ဦးပညာနန္ဒက မိုးမခကို မိန့်ကြား ပါတယ်။
ဆရာတော်ကြီး နောက်ဆုံ့း ကရောက် ချီးမြှင့်ခဲ့တဲ့ သာသန မောဠိ အဖွဲ့ချုပ် ခန်းမ ဖွင့်ပွဲမှာ ဆရာတော် ဘုရားကြီးက အခု သာသန မောဠိ ခန်မကြီးကို ရုံးခန်း အဖြစ် မမှတ်ယူ စေလိုကြောင်း၊ သံဃာတော်များ သာသနာ့ အရေး ကာကွယ်ရေး စုဝေး ညီညာ ဆောင်ရွက်ရာ ဖြစ်တဲ့ အတွက် "ညီမူရာ" ခန်းမလို့ အမည် ပေးစေလိုကြောင်း၊ မိမိတို့ သံဃာတော် တွေက သာသနာ့ အန္တရာယ်ကို ကာကွယ်ဖို့၊ မြန်မာပြည်မှာ သာသနာ ထွန်းကားဖို့ လုံ့လထုတ် ဆောင်ရွက် နေတာ ဖြစ်လို့ အခြား လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများ အဖွဲ့အစည်း များနဲ့လည်း မရောထွေးကြ စေလိုကြောင်း၊ သံဃာ့ ဂုဏ်တော်များကို အခြား တပါး သူများက ဂုဏ်ချင်း ယှဉ်ကြ၊ ပြိုင်ကြတာ မျိုးကိုလည်း လက်မခံကြ စေလိုကြောင်း၊ သံဃာသတ်တဲ့ စစ်အစိုးရ ချမှတ် ပေးနေတဲ့ အခြေခံ ဥပဒေ မူကြမ်း မကလို့ ဘယ်လမ်း ဘယ်စခန်း ကိုမှ နောက်က လိုက်ပါ ဆွေးနွေး ပြောဆို နေစရာ မလိုဘဲ လုံးဝ ပယ်ချ ကန့်ကွက်ပြီး ဖြစ်တယ်လို့ စိတ်ကို ပိုင်ပိုင်ထား ဆုံးဖြတ် ထားရမှာ ဖြစ်ကြောင်း စသည်ဖြင့် မိန့်မှာတော် မူခဲ့တယ်လို့ အခမ်းအနား တက်ရောက်ခဲ့သူ ကဗျာဆရာ မောင်စွမ်းရည် က မိုးမခကို ပြန်ပြော ပြပါတယ်။
မစိုးရိမ် ဆရာတော်ကြီးကို ဧရာဝတီတိုင်း ပုသိမ်မြို့ အသည်ကြီးရပ်နေ ခမည်းတော် ဦးမောင်စီ၊ မယ်တော် ဒေါ်သိန်းတင် တို့ကနေ ၁၂၈၉ ခု၊ ကဆုန် လဆုတ် ၈ ရက်နေ့မှာ ဖွားမြင် ခဲ့ပါတယ်။ အသက် ၁၄ နှစ်သား အရွယ်မှာ ကိုရင် ဝတ်ပြီးတော့ လောကုတ္တရာ စာပေကို သင်ကြား ခဲ့ပါတယ်။ ရဟန်း ၉ ဝါမှာ အစိုးရ ဓမ္မာစရိယ၊ စေတိယင်္ဂန ဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယတွေ အောင်ပြီး မစိုးရိမ် ကျောင်းတိုက်ကြီးမှာ နှစ်ပေါင်း ၅၀ ကြာ ကျောင်းထိုင် ဘုန်းကြီး အဖြစ်နဲ့ စာပေများ ပို့ချ ခဲ့ပါတယ်။
ရန်ကုန်မြို့ တောင်ဥက္ကလာက ငွေကြာယံ ပရယတ္တိ စာသင်တိုက် မှာလည်း နွေရာသီ အထူး သင်တန်း အဖြစ် နှစ်ပေါင်းများစွာ စာပေများကို ပို့ချ ခဲ့ပါတယ်။ အထူးသဖြင့် ဂိုဏ်းပေါင်းစုံက သံဃာတော် တွေကို ဓမ္မာစရိယတန်း ဆိုင်ရာနဲ့ ဝိနည်းကျမ်း အဖွင့် ဖြစ်တဲ့ ပါရာဇိကဏ် အဋ္ဌကထာကျမ်း ပို့ချရာမှာ ဆရာတော်ကြီးဟာ အထူး အောင်မြင် ကျော်ကြား ပါတယ်။ ဆရာတော်ကြီးဟာ မြန်မာပြည်ရှိ စာသင်သား သံဃာတော်တွေ အတွက် နေတစင်း၊ လတစင်း သဖွယ် အဖြစ် ပရိယတ္ထိ နယ်ပယ်မှာ ကျေးဇူးသြဇာ ကြီးမားသူ ဖြစ်တယ်။
ဆရာတော် ဘုရားဟာ မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် ပိဋကနယူ ပဒေသကျောင်း၊ မစိုးရိမ် သာသန ဇောတိကကျောင်း ပဓာန နာယက၊ မစိုးရိမ် ကျောင်းတိုက်ကြီးရဲ့ မဟာနာယက စာချဆရာတော်၊ ယဉ်ပုံ ပရိယတ္တိ စာသင်တိုက်ရဲ့ မဟာနာယက၊ ရှမ်းပြည်နယ် မန်းပြိန်း ကျောင်းတိုက်ရဲ့ ပဓာန မဟာနာယက၊ တိပိဋက အဘိဓာန် ကျမ်းပြု အဖွဲ့ဝင် စတဲ့ သာသနာ့ တာဝန်တွေ ကိုလည်း ထမ်းဆောင် ခဲ့ပါတယ်။
ဆရာတော်ကြီးဟာ ပရိယတ္တိဂုဏ် ကြီးမား သလိုပဲ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း ပြောဆို တတ်ပါတယ်။ ၁၉၉၀ မှာ မြန်မာ စစ်အစိုးရကို သံဃာတော်တွေ ပတ္တနိကုဇ္ဇန ကံဆောင်တုန်းက ဦးဆောင် ဆရာတော် အဖြစ် ဆရာတော်ကြီးကို ထောင် ၂၂ လမျှ ချခဲ့ပါတယ်။ ထောင်မှ ပြန်လွတ် လာပြီးနောက် မူလ မစိုးရိမ် ကျောင်းတိုက်ကြီးတွင် ဦးဆောင် ဆရာတော်ကြီး အဖြစ် စာသင်၊ စာချ သာသနာ့ တာဝန် တွေကို ပြန်လည် ထမ်းရွက်တော် မူခဲ့တယ်။ ဆရာတော်ကြီး ကိုယ်တိုင်လည်း နိုင်ငံနဲ့ လူမျိုး လွတ်လပ်ရေး အတွက် မသေမချင်း လုပ်သွားမယ်လို့ မိန့်ကြား ခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်ကြီး ဦးကောဝိဒါက "မိမိ အနေနဲ့ ရှစ်လေးလုံး ကာလတုန်းက ပြည်သူ လူထုနဲ့ တကွ သံဃာတော် တွေကို မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ် နေတဲ့ စစ်အစိုးရကို ကြည့်နေလို့ မဖြစ်တော့လို့ သံဃာတော် တွေမှာ ရှိတဲ့ တခုတည်းသာ ပိုင်ဆိုင်တဲ့ သပိတ်ကို အသုံးပြုပြီး ပတ္တနိက္ကုဇ္ဇန ခေါ် သပိတ်မှောက် ကံဆောင်မှုကို ဦးဆောင် ပြုလုပ် ခဲ့ပါတယ်။ ဦးသုမင်္ဂလ စတဲ့ တိပိဋိက ဓမ္မဓရ ဆရာတော်ကြီး တွေလဲ ပါဝင် ခဲ့ပါတယ်။ မိမိမှာ မန္တလေး မစိုးရိမ် တိုက်ဟောင်း၊ တိုက်သစ် နှစ်ကျောင်းနဲ့ ရန်ကုန်မှာပါ စာချခဲ့ရာမှာ ဗမာပြည် အနှံ့အပြားမှာ တပည့် သံဃာပေါင်း ၆,၀၀၀ ကျော် ရှိခဲ့လို့ သူတို့လဲ ပါဝင် ဦးဆောင်ပြီး သပိတ် မှောက်ကြ ပါတယ်။ ဒါကြောင့် မိမိနဲ့ တကွ သံဃာတော် များစွာ ဖမ်းဆီး နှိပ်စက် ခံကြရပြီး တချို့ ပျံလွန် ခဲ့ရပါတယ်။ မိမိမှာ ၇ နှစ်မျှ အကျဉ်း ချခံရပြီး လွတ်တဲ့ အခါ အမေရိကန် ပြည်ထောင်စုကို ထွက်ခဲ့ ပါတယ်။" လို့ မိန့်ကြား ခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက သူ့ရဲ့ ထေရုပ္ပတ္တိ အကျဉ်းကိုလည်း အခုလို မိန့်ကြား ပါတယ်။
"ကိုရင် မဝတ်ခင် ၁၄ နှစ်သား အထိ အတန်းကျောင်းမှာ နေတယ်ကွာ၊ ၇ တန်း အောင်တယ်ကွာ၊ အဲဒီ အချိန်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ရတော့ မပိတ်တဲ့ ဘုန်းကြီးကျောင်း ကိုသွား၊ ကိုရင် ဝတ်ပြီး လောကုတ္တရာ စာပေ ဆက် သင်တယ်ကွာ။ အသက် ၂၀ ရဟန်း ဖြစ်တယ်ကွာ၊ ရဟန်း ၉ ဝါ ရတော့ အစိုးရ ဓမ္မာစရိယ၊ စေတိယင်္ဂန ဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယတွေ အောင်ပြီး မစိုးရိမ် ကျောင်းတိုက်ကြီး ထဲမှာပဲ ကျောင်းထိုင် ဘုန်းကြီး လုပ်ပြီး စာပြန် ချပေး ခဲ့တယ်ကွာ။ ရဟန်း ၁၀ ဝါမှာ အလှည့်ကျ မစိုးရိမ် ပဓာန နာယက ပူးတွဲ လုပ်ခဲ့ ရတယ်ကွာ၊ တိပိဋက ပါဠိ မြန်မာ အဘိဓာန် ကျမ်းပြု အဖွဲ့ဝင်ကွာ။ ငါပြုတဲ့ ကျမ်းတွေလား၊ မစိုးရိမ် ပါရာဓိကဏ် အဖြေကျမ်း သုံးတွဲကွာ၊ မစိုးရိမ် သိလက္ခန်၊ အဌသာလိနီ အဖြေကျမ်း တွေကွာ။ … ကဲ မင်း ဘာသိချင် သေးတုံး။ ၁၉၉၀ ခု သံဃာတော်တွေ သပိတ်မှောက်မှု (ပတ္တနိကုဇ္ဇန ကံဆောင်) မှာ ညွှန်ကြား ခဲ့တယ်ဆိုပြီး စစ်အစိုးရက ငါ့ကို ထောင် ၃ နှစ် ချတယ်ကွာ။ ထောင်ကလွတ် အခု အမေရိကကို ရောက်နေတယ်ကွာ။ မသေမချင်း နိုင်ငံနဲ့ လူမျိုး လွတ်လပ်ရေး အတွက် လုပ်သွားမယ် ဒါပဲကွာ။"
၂၀၀၇ စက်တင်ဘာတွင် စစ်အစိုးရက သံဃာတော် တွေကို လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းလာတဲ့ အခါ ဆရာတော်ကြီးဟာ သာသနာနဲ့ သံဃာတော် တွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ အတွက် ဘုရားရှင် ချမှတ်တော် မူထားတဲ့ သပိတ်မှောက် ကံဆောင်ခြင်းကို ထောက်ခံ ဆောင်ရွက် အားပေးတော် မူပြီး မိမိ ခြိုးခြံ နေထိုင် တရား ကျင့်ကြံ ဟောပြောတာ ကနေ ဖြစ်တော်မူတဲ့ ရုပ်ပစ္စည်းနဲ့ ဝတ္ထု အစုစုကို ပြည်တွင်း ပြည်ပရှိ သံဃာတော် အရေး ကိစ္စတွေ အတွက် စွန့်လှူပြီး ဆောင်ရွက် တော်မူတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။
အမေရိကန် အနောက်ခြမ်း ဆန်ဖရန်စစ္စကို တက္ကသိုလ်က ပြည်တွင်းရှိ သံဃာ အာဇာနည်တွေ အတွက် ဂုဏ်ပြု ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ကိုလည်း ကျန်းမာရေး ချို့ယွင်းတဲ့ ကြားကနေ မြန်မာ သံဃာတော်တွေ ကိုယ်စာ့း ကရောက် လက်ခံတော် မူခဲ့တယ်။ ဆရာတော်ကြီးက ထောင်သွင်း အကျဉ်း ချခံရတဲ့ အထိ သပိတ်မှောက် ကံဆောင် တာတွေကို ဆောင်ရွက်တော် မူတဲ့ဆရာတော် တပါး အနေဖြင့် ပြည်တွင်းက တစိတ် တဝမ်းတည်း ဖြစ်တဲ့ မြန်မာ သံဃာတော်တွေ ကိုယ်စား ဆုယူခြင်း ဖြစ်ကြောင်း၊ မိမိအတွက် ဆုချီးမြှင့်ရန် မလိုကြောင်း မိန့်ကြားတော် မူခဲ့တယ်။


ကိုးကား

  1. မိုးမခ - မိုးမခ Multimeda, Burmese Community & Entertainment Station။
  2. မဇ႙ိမ - မဇ႙ိမ အင်တာနက် သတင်းဌာန၊ မြန်မာ ကွန်ရက် စာမျက်နှာများ။
  3. အာရ်အက်ဖ်အေ - Radio Free Asia, Burmese Section (လွတ်လပ်သော အာရှ အသံ၊ မြန်မာပိုင်း အစီအစဉ်)။
  4. အဘယဂီရိရဲ့ သာသနာ့ ဥသျှောင် ပဓာနစေရ ဆရာတော် ဦးကောဝိဒါ ဘိဝံသ (သို့) အနီရင့်ရင့် မြစ်တစ်စင်း။ 

 ကျေးဇူးရှင် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ များကို Google မှရှာဖွေစုဆောင်းကာ ပြန်လည် တင်ပြလိုက်ရပါသည်။
အောင်အောင်(မကစ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"