Sunday, July 15, 2012

ပျော်ရွှင်မိန်းမသားရဲ့ အိမ်ထောင်ရေးအတွေ့အကြုံ



ကျွန်မ (၃၁)နှစ်မှ အိမ်ထောင်ပြုပါတယ်။ အခု အိမ်ထောင်ရေးလမ်းခရီး သာယာဖြောင့်ဖြူးလျှက်ရှိပါတယ်။ အရင်က ကျွန်မကိုယ်တိုင်လည်း နာကျင်ကြေကွဲတဲ့ခံစားချက်တွေ ခံစားတွေ့ကြုံခဲ့ဖူးပါတယ်။ အခုလက်ရှိမှာ ခင်ပွန်းသည်၊ သူ့မိသားစုတို့နဲ့ ကျွန်မရဲ့ပေါင်းသင်းဆက်ဆံရေးက အလွန်သင့်မြတ်နေပါတယ်။ ကျွန်မရဲ့အတွေ့အကြုံတချို့ကို အချစ်ခရီးလမ်းမှာ စမ်းတဝါးဝါးဖြစ်နေတဲ့ ညီအစ်မတွေကို မျှဝေပေးချင်ပါသေးတယ်။ ကျွန်မရဲ့အိမ်ထောင်ရေးလမ်း သာယာဖြောင့်ဖြူးနေလို့ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူဝင့်ကြွားနေတာတော့ မဟုတ်ပါဘူး။ ကိုယ်မှားတဲ့အမှားထဲကနေ ကျွန်မတို့ ပိုကြီးပြင်းရင့်ကျက်ဖို့လိုကြောင်း ကျွန်မထင်လို့ပါ။ ကိုယ်ခလုတ်တိုက်ခဲ့မိတဲ့နေရာ ထပ်တလဲလဲ မတိုက်မိစေချင်ပါဘူး။ ဒီအတွေ့အကြုံတွေက ညီအစ်မတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အသုံးသင့်ဖို့ မျှော်လင့်ပါတယ်။

(၁) လုပ်နိုင်စွမ်းမှာရော၊ ရုပ်ရည်မှာရော ထူးချွန်ထက်မြက်ဖို့ မိန်းကလေးတွေ ကြိုးစားသင့်ပါတယ်

ကြော်ငြာစာသားတစ်ခုက ဒီလိုဆိုထားပါတယ်။ "တည်ကြည်လေးနက်တဲ့ မိန်းမသားကအလှဆုံး"တဲ့။ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်နည်းတွေ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ လေးနက်တည်ကြည်ရမယ်။ ကိုယ့်ကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ အလုပ်ကိုပဲဖြစ်ဖြစ်၊ ဘဝကိုပဲဖြစ်ဖြစ် အလေးအနက်ထားရပါတယ်။ ဒီလို မိန်းကလေးတွေဟာ မွေးရာပါရုပ်ရည် မလှပသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှုအလှက ပေါ်လွင်ပါတယ်။ ယောက်ျားကောင်းတို့ နှစ်သက်သဘောကျတဲ့ အမျိုးအစားဖြစ်ပါတယ်။

ညီအစ်မအများက အလုပ်မှာထူးချွန်ချင်မှ ထူးချွန်ပါလိမ့်မယ်။ ဒီလိုဆိုရင် ကိုယ့်ရုပ်ရည်ကို လန်းဆန်းသန့်ရှင်းအောင် ထားပါ။ ဒါဟာ ကြီးမားတဲ့အကျိုးအမြတ်တစ်ခုပါပဲ။ အခုခေတ်ယောက်ျားတွေက ရုပ်ရည်ကိုအရင်ကြည့်တယ်ဆိုပေမယ့် ယောက်ျားတိုင်းက ချောမောလှပတဲ့ မိန်းကလေးကိုပဲချစ်တာတော့ မဟုတ်ဘူး။ သန့်ရှင်းလန်းဆန်းတဲ့ မိန်းကလေးကိုလည်း ယောက်ျားအများက စိတ်ဝင်စားတတ်ပါတယ်။

(၂)
ယောက်ျားကောင်းတွေက ကိုယ့်ရဲ့လိုအပ်ချက်အပေါ် တောင်းဆိုမှုများပေမယ့် မိန်းကလေးအပေါ်မှာတော့ တောင်းဆိုမှုနည်းပါတယ်။ ကိုယ့်ချစ်သူမိန်းကလေးရဲ့ လိုအပ်ချက်အပေါ် တောင်းဆိုမှုများတဲ့ယောက်ျားကို ဝေးဝေးရှောင်တာ အကောင်းဆုံးပါ။ ဒီလို ယောက်ျားမျိုးနဲ့ အိမ်ထောင်ကျခဲ့ရင် သူ့တောင်းဆိုမှုအောက်မှာ သင်အသက်ရှုရကျပ်နိုင်ပါတယ်။ မိန်းကလေးတွေလည်း အနည်းဆုံးတော့ ကိုယ့်ယောက်ျားရဲ့လေးစားမှုကို လိုအပ်ပါတယ်။ ကိုယ့်မိန်းမကို ကိုယ်စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ တောင်းဆိုမယ့်ယောက်ျားဟာ အိမ်ထောင်ဖက်ကောင်းမဖြစ်နိုင်ပါဘူး။

(၃)
တူတဲ့အကျင့်စရိုက်က အဓိကပါ။ တူတဲ့အကျင့်စရိုက်၊ တူညီတဲ့ ဘဝအတွေးအခေါ်၊ ငွေကြေးအတွေးအခေါ်က အိမ်ထောင်ရေးအတွက် အကောင်းဆုံး အာမခံချက်ဖြစ်ပါတယ်။ အကျင့်စရိုက်မတူဘူး၊ နေ့စဉ်ပြောတဲ့စကားတွေက အဟဇတမဖြစ်ဘူးဆိုရင် တစ်လောကလုံးက အလိုက်ဖက်ဆုံးအတွဲလို့ သတ်မှတ်ထားရင်တောင် လက်မထပ်သင့်ပါဘူး။ သင့်ဘဝတစ်ခုလုံးရဲ့ အချိန်တော်တော်များများက သူနဲ့အတူဖြတ်ကျော်ရမှာမို့ပါ။

(၄)
စစချင်းကတည်းက သင်နဲ့မထိုက်တန်ပါဘူးလို့ ပြောတဲ့ယောက်ျားက နောက်လည်း သင်နဲ့ဘယ်တော့မှ ထိုက်တန်မှာမဟုတ်ပါဘူး။ ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတချို့က မစွမ်းအစငုပ်နေတဲ့ ယောက်ျားလေးနဲ့ တွေ့ကြုံရတတ်တယ်။ သူ့အတွက် သင့်ကိုယ်သင်ပြောင်းလဲတယ်၊ သူ့အတွက် သင်ပေးဆပ်တယ်ဆိုပေမယ့် သူ့အပေါ် သင်အရမ်းကောင်းကြောင်း၊ သူဟာ သင်နဲ့မတန်ကြောင်း (ဥပမာ- ပညာ၊ ငွေကြေး၊ လုပ်နိုင်စွမ်း၊ ရာထူး၊ ရုပ်ရည်စတာတွေ သင့်ကိုမမီကြောင်း)ပြောတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့၊ သင့်ကိုသာအားကိုးတဲ့ ယောက်ျားလေးက နောင်လည်း သင့်အပေါ်ကောင်းမှာ မဟုတ်ပါဘူး။ သင်ထူးချွန်ထက်မြက်လေ သူသိမ်ငယ်တယ်လို့ ခံစားရလေပါပဲ။

(၅)
ဘဝတစ်သက် လက်တွဲဖို့ သူ့မိသားစုကိုလည်း ကြည့်ရတယ်။ သူ့မိသားစု ငွေကြေးဘယ်လောက်ချမ်းသာတယ်ဆိုတာကို ကြည့်ခိုင်းတာ မဟုတ်ပါဘူး။ သူ့မိသားစုအချင်းချင်းရဲ့ သင့်မြတ်မှု၊ ဂရုစိုက်မှု၊ နားလည်သိတတ်မှုကို ကြည့်ခိုင်းတာပါ။ မိသားစုထဲမှာ မိန်းမကိုရိုက်နှက်တတ်တဲ့ ယောက်ျားရှိတယ်။ မေးမြန်းဂရုစိုက်တာမျိုးလည်း မရှိဘူး။ မသိချင်ဟန်ဆောင်နေတတ်တဲ့ မိသားစုဆိုရင် နောင်တချိန်မှာ သင့်ရဲ့သေရေး၊ ရှင်ရေးကိုလည်း သူတို့ဂရုစိုက်လိမ့်မယ် မဟုတ်ပါဘူး။ မိသားစုတိုင်းမှာ လိုအပ်ချက်တွေ ရှိကြပါတယ်။ ကိုယ်ယူမယ့်ယောက်ျားရဲ့
စိတ်သဘောထားကို အရှင်းဆုံး မေးမြန်းသိထားသင့်ပါတယ်။ အမှားအမှန် မခွဲခြားဘဲ ကိုယ့်မိသားစုကိုသာ ကာကွယ်တတ်တဲ့ ယောက်ျားတွေက ကိုယ့်မိန်းမအပေါ်ထားတဲ့ လေးစားမှုကိုလည်း ကန့်သတ်တတ်ပါတယ်။

(၆)
ကိုယ်ကိုယ်တိုင် သုံးဖြုန်းဖို့ကျတော့ မချွေတာဘဲ ကိုယ့်ချစ်သူအတွက်ကျတော့ ကပ်စီးနည်းတဲ့ ယောက်ျားမျိုးက တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ ငွေကြေးက ယောက်ျားတစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ ခံစားချက်ကို မြင်သာစေတဲ့အရာတစ်ခုပါ။ မိန်းကလေးတွေက ချစ်လို့ ချစ်သူထားတာပါ။ ငွေကြေးကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် ငွေကြေးအပေါ်ကပ်သပ်လွန်းတဲ့ ယောက်ျားတွေက ဘယ်လောက်ပဲကောင်းနေပါစေ သင်နဲ့ မသင့်တော်ပါဘူး။ ချစ်သူရည်းစားဘဝကတည်းက ချိန်းတွေ့တာနဲ့ နင့်စားတာနင်ရှင်း၊ ငါစားတာ ငါရှင်းမယ်ဆိုတဲ့ယောက်ျားမျိုးက ကိုယ်နစ်နာမှာကို အရမ်းစိုးရိမ်သူပါ။ အိမ်ထောင်ပြုပြီးနောက် လိုအပ်တဲ့ စွန့်လွှတ်၊ အနစ်နာခံမှုတွေရှိလာတဲ့အခါ ဒီလိုယောက်ျားမျိုးက အရင်ဆုံးခေါင်းရှောင်ပါလိမ့်မယ်။

(၇)
မိန်းမကို ရိုက်နှက်တတ်တဲ့ယောက်ျားမျိုး၊ လှေနံနှစ်ဖက်နင်းတဲ့ ယောက်ျားမျိုး မယူသင့်ပါဘူး။ ပြတ်သင့်ရင် ပြတ်ရပါမယ်။ ခုပြတ်မှ နောင်အေးပါမယ်။

(၈)
အချစ်ရေးမှာ မိန်းကလေးတွေ အောက်ခြေစည်းမျဉ်းလိုပါတယ်။ သူ့ကိုချစ်တိုင်း ကိုယ့်ကိုယ်ကို လေးစားမှုကို လက်မလွတ်သင့်ပါဘူး။ ကိုယ့်မိဘကို အရှက်တကွဲ မဖြစ်စေရပါဘူး။ ကိုယ့်အလုပ်ကို စွန့်လွှတ်တာမျိုး မဖြစ်သင့်ပါဘူး။ ကောင်းတဲ့အချစ်ရေး၊ ကောင်းတဲ့ခံစားချက်က အိမ်ထောင်ရေးကို အောင်မြင်စေပါတယ်။ တစ်ဘက်သတ် ပေးဆပ်၊ အနစ်နာခံတာမျိုး မဟုတ်ပါဘူး။

(၉)
ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်းပြောပါ။ ဘယ်လို စိတ်ကူးအတွေးမျိုးရှိရှိ ပွင့်ပွင့်လင်းလင်းပြောပါ။ ယောက်ျားလေးကို မခန့်မှန်းစေပါနဲ့။ ပြောဆိုဆက်ဆံနိုင်တာက သင့်ဘဝကို ပျော်ရွှင်မှုတွေပေးပါတယ်။ ဘယ်ယောက်ျားကမှ ကိုယ့်ချစ်သူရဲ့စိတ်ကိုခန့်မှန်းပြီး ပျော်ရွှင်ကြတာ မဟုတ်ပါဘူး။


***မနှစ် ဒီဇင်ဘာလကတည်းက ရေးထားတဲ့စာပါ.. Draftကို ပြန်ကြည့်ရင်းတွေ့လို့ အစဆွဲထုတ်လိုက်ပါတယ်။ Bookmarks ထဲ ထည့်ထားတဲ့ မူရင်းလင့်လည်း မတွေ့တော့ပါဘူး.. စာက ဆုံးသေးမှာမဟုတ်ဘူး... ပြန်ရှာပြီး ဆက်ရေးပါဦးမယ်..း)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"