Saturday, July 28, 2012

(၂) ကင်ဆာရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ ဘာတွေလဲ



ကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်(Cells)ခေါ် အခြေခံဓာတ်ခန်းကလေးများ
 မူလသဘာဝမှ ဖောက်ပြန်ပျက်စီး၍ ပွားချင်သလို ပွားများလာရာမှ ဖြစ်ပေါ်လာသော
 ရောဂါဖြစ်သည်။ မျက်မှောက်ကာလ အန္တရာယ် ကြီးမားဆုံးသော လူသတ်လက်နက်
မှာ ကင်ဆာရောဂါပင် ဖြစ်ပါသည်။     ကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းကို ခိုင်လုံ
သော ယူဆချက်များမှာ- ဓာတုဆေးဝါးများနှင့် အချိန်ကာလကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း၊
 ပြင်းထန်သော လှုပ်ရှားမှုများကို ကာလကြာမြင့်စွာ လက်ပွန်းတတီး ရှိခဲ့ခြင်း၊အပူချိန်
နှင့် ကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း၊ပြင်းထန်သော လှုပ်ရှားမှုများကို ကာလကြာရှည်စွာ လုပ်
ကိုင်ခဲ့ရခြင်း၊ နေရောင် အလွန်အကျွံမိခြင်း၊  ဓာတ်မှန် ကြိမ်ဖန်များစွာ  အရိုက်ခံရခြင်း၊   ရောင်ခြည်ထွက်အနုမြူ ရေဒီယိုအက်တမ်ဓာတ်များနှင့် ထိတွေ့ခြင်း၊ဆေးရွက်ကြီးများ
သုံးစွဲခြင်း စသည် စသည်တို့ကြောင့် ဖြစ်ပွားရသည်ဟု ယူဆကြပါသည်။

ကင်ဆာရောဂါ ဖြစ်ပွားလာလျှင် ခွဲစိတ်ကုသခြင်းဖြင့် လည်းကောင်း၊ အိတ်စရေး ဓာတ်
ရောင်ခြည် ထိုး၍သော် လည်းကောင်း၊  ရေဒီယိုဓာတ် သွင်း၍လည်းကောင်း  ကုသကြ
သည်။ ဤ၌ ကင်ဆာရောဂါ ဖြစ်တော့မည့် ရှေ့ပြေးလက္ခဏာများ ရှိနေပါသည်။ ထို
လက္ခဏာများကို တင်ပြရလျှင်....
၁။ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း အနီးပတ်ဝန်းကျင်တို့၌ အနာပေါက်လာခြင်း၊ ၎င်းအနာသည် 
မည်သည့်ဆေးနှင့်မျှ မပျောက်ဘဲ ရှိနေခြင်း။
၂။ ရင်ဘတ်၊ ရင်သားနှင့် အခြားနေရာများ၌ နာကျင်ခြင်းလုံးဝမရှိဘဲခပ်မာမာအသားပြင်
တစ်ခု ပေါ်လာခြင်း။
၃။ ဒွါရကိုးပေါက်၏ တစ်နေရာမှ သွေးစသွေးနများ ထွက်လာခြင်း။
၎။ မှဲ့၊ ကြွက်နို့ အနာများရှိလျှင် ၎င်းတို့သည် အရွယ်အကြီးအသေး ပြောင်းလဲလာခြင်း၊ 
သို့မဟုတ် အရောင် ပြောင်းလာခြင်း။
၅။ အစာမျို၍မရ ဖြစ်နေခြင်း။
၆။ အစာမကြေမှု တာရှည်ဖြစ်နေခြင်း။
၇။ ချောင်းမကြာခဏ ဆိုးခြင်း။
၈။ အသံများ ပြောင်းလဲလာခြင်း၊ ပြောင်းလဲမှု တာရှည်လာခြင်း။
၉။ ဝမ်းသွားချိန် ပြောင်းလဲလာခြင်း။
စသည်တို့ ဖြစ်ပေရာ သံသယ ဝင်လာပါက ကျွမ်းကျင်သော သမားတော်တို့နှင့် တွေ့ဆုံ
၍ ဝေဒနာမရင့်မီ ကုသသင့်ပါသည်။
(ဤ၌ ကင်ဆာဖြစ်၍ အသေအပျောက် အများဆုံးမှာ သားမြတ်ကင်ဆာ၊ အဆုတ်ကင်
ဆာ၊ အစာအိမ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်ကြောင်း လေ့လာ
သိရှိရပါသည်။)
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)စာအုပ်မှ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"