ငယ်လက်ရာစာပေတွေကို အရွယ်ကြီးလာသောအခါ၊ ပညာရည်ပြည့်ဝ လာသည့်အခါ
မကြိုက် မနှစ်သက်တော့ဘဲ ဖြဲဆုတ်ပစ်ခဲ့သော စာပေပညာရှင်ကြီး ဆိုသူမှာ ဆရာကြီး
သခင်ကိုယ်တော်မှိုင်း ဖြစ်ပါသည်။ အသက်ငယ်ငယ်နှင့် ကလေး အဖေ မုဆိုးဖိုဘဝ ကြုံ
ခဲ့ရရှာသည့် ဆရာကြီးအဖို့ ဝမ်းရေး အတွက် စိတ်ဆန္ဒ မပါဘဲ ရေးခဲ့ရသော စာအုပ်များ
မှာ ဆူလွယ်နပ်လွယ် စာပေတွေ ဖြစ်ခဲ့ဟန်တူပါသည်။ စာဟောင်းစာပေ အစုအဆောင်း
ကောင်းလှသူ ဆရာကြီးဇေယျ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ သမက်)သည် တစ်နေ့
တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ငယ်လက်ရာဖြစ်သည့် “ချင်းမလေးဝါနု” ပြဇာတ်
စာအုပ်ကလေးတစ်အုပ် တွေ့လာသည်။ ငယ်လက်ရာကို အလွမ်းပြေဖတ်စေရန် ရည်ရွယ်
ချက်ဖြင့် ဆရာကြီးအား ပေးခဲ့ရာ “အေး..ထားခဲ့၊ ထားခဲ့” ဆိုပြီး ကွယ်ရာတွင် ဆုတ်ဖြဲပစ်
လိုက်သည်ဟု ဆို၏။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ ဆရာဇေယျ ထင်ခဲ့သလို ၎င်း၏လက်ရာအပေါ် လွမ်း
ဖို့မဆိုထားနှင့် ရှက်စရာဟု ယူဆပုံရသည်။ သည့်အတွက် “မှာပုံတော်” ဝတ္ထုကြီး ပထမ
တွဲ၏ နိဂုံးတွင် အောက်ပါကဗျာဖြင့် ရေးသား ဖော်ထုတ်ထားသည်ကို လေ့လာတွေ့ရှိရပါ
သည်။
“တိုင်းမြန်မာ ပြည်အတွင်းတွင်ဖြင့်
ဂိုဏ်းမကွာ အဆွေသဟာအသင်းတို့ကိုလ
မှိုင်းဆရာ သေသေချာချာ လင်းလိုက်ပါရဲ့
တေးသီချင်းစာသားတွေနဲ့ ကလက်သည့်အရာကို
(မေရယ်)
တွေးတွေးပြီး စဉ်းစားကြည့်လိုက်တော့
သြော်... ရေးရင်းများငယ်နှင့် ရှက်မိပါ။
ရှာရန်ဖွေရန် ခက်ဟန်အနေသမယမှာဖြင့်
ကာလံဒေသံ အဂ္ဂံငွေဓနပေမို့
စာသံပေသံ မြွက်ဟန် အခြေမလှပေမယ့်
ငွေရရင် ကိစ္စချောရော့လို့
ဉာဏ်သဘောအမြင် နည်းအခြေမပေးသူမဖြင့်
သံယောဇဉ်မီးတွေ ကျွေးရန်ဖို့
သြော်...
ရှေးမကျတကျ နောက်မကျတကျနဲ့
ကောက်ကရဟာတွေ တွေးတွေးပြီး
ရေးရပေတာ” ဟူသတည်း။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)
0 comments:
Post a Comment