၁။ ကလျာဏီ ကျောက်စာတွင်
(က) မြမ္မာဒေဿ၊မြမ္မာတို့အရပ်၌ ပုဂါမနဂရေ၊ပုဂံမြို့၌
(ခ)ပုဂါမ ၀ါသိနော၊ပုဂံပြည်၌ နေသူတို့ကို၊မြမ္မာ မနုဿ ၊မြမ္မာ လူမျိုး တို့ ဟူ၍၊ဝေါဟာရန္တိ
ခေါ်ဝေါ်ကုန်၏။
၂။ တောင်ဖီလာဆရာတော်စီရင်သည့် ၀ိနယာလင်္ကာရဋီကာ ၌ “မရမ္မာဝိယေ၊မြမ္မာတို့၏ နိုင်ငံ
ဖြစ်ထသော” ဟူ ၍ပါဠိ စီပုံကိုလည်ကောင်း။
၃။ သရေခတ္တာရာပြည်၊သုပညာ နဂရ မင်းလက်ထက် ရခိုင်ပြည်ကို တိုက်ခိုက်ပြီး မဟာမြတ်မုနိဘုရားကို ဖျက်စီးပုံနှင့်စပ်လျဉ်း၍ ရခိုင်မင်းသမီး ဧချင်းမှာ…..
(က) “တလိုင်းနှင့်ပျူ၊ နှစ်ပြည်သူတို့ ၊သုံးလူ့ထွတ်ချာ
မဟာမုနိ ၊ကြိနာထော်၊ရုပ်ရှင်ကျော်ကို ပေါင်တော်ကျောသား၊ ယူသောအားဖြင့်”
(ခ) ပုဂံပြည် အလောင်းစည်သူမင်းလက်ထက် ရခိုင်ပြည်ကို တိုက်၍ ရခိုင်လူမျိုး နန်းရိုးဖြစ်သော
လင်္ကျာမင်းနန်ကို နန်းတင်ပုံနှင့်စပ်လျဉ်း၍ ယင်းအဆိုပါ ဧချင်းမှာပင် “မင်းရဲဘယ၊
ပေါက်ညိုမြနှင့်၊ ကြွခဲ့ရွှေပြည် ၊ဆွေနှစ်မည်တွင် ၊မြင်သည်သည်းချာ ၊ရွှေဂူသာနှင့်၊
လက်ျာမင်းနန် ၊နန်းရိုးမှန်လျှင် ၊တစ်ဖန်လည်ကောင်း ၊လောင်းစည်သူခိုင်း ၊အယူလိုင်း၍ ၊
တလိုင်းတသိန်း၊ပျုတသိန်းနှင့်” ဟူ၍ လင်္ကာစာစီပုံကိုလည်ကောင်း။
၎။ ရွှေယင်းမျှော်ရွာကြီး အရှင်ဥဂ္ဂံသမာလာ ကား (မ္မ)နှစ်ဆင့် နှင့် “မြမ္မာ” ဟူ၍ လည်းကောင်း
(န)သတ်နှင့် “မြန်မာ” ဟူ၍ လည်းကောင်း နှစ်နည်းလုံးပင်သင့်လျော်ကြောင်း၊(မ) အက္ခရာ
ဆင့်ရေးလိုသော်(န) အက္ခရာကိုပင် (မ) အက္ခရာပြု၍ (မ)ကို (မာ) သို့ကပ်လျှင် ရုပ်ပြီးကောင်းတော့သည်။ သဒ္ဒါကျမ်း ၌လည်း(ပင်္ကရော) စသော ဥဒါဟရုဏ်၌ “နိဂ္ဂဟိတံ ပဒေန္တေ” ဟူသောသုတ် အရ(မ) အက္ခရာကို နိဂ္ဂဟိတ်ပြု၍ (ပံ)ဟူ၍ ရှိသည်။ ရုပ်ပြီးသောအခါလည်း က၀ဂ် အက္ခရာနှောင်းသောကြောင့် ၀ ဂန္န ပြု၍ ငကာရန္တရှိပြန်တော့သည်။ဤကဲ့သို့ (န)ကို နိဂ္ဂဟိတ်ပြုသော ရုပ်လည်းရှိသည်။ (မ)ပြုသောရုပ် ၊(န)ပြုသောရုပ်လည်းရှိကြေင်းနှင့် ဆုံးဖြတ်တော်မူသည်။
၅။ မုံရွေးဆရာတော်ဘုရားကြီး စီရင်သည့်စေတီယကထာ ရာဇ၀င်ချုပ်အလိုမှာ ဧရာဝတီမြစ်၏ မြောက်ဘက်အရပ်ကို သုနာပရန္တတိုင်း၊ တောင်ဘက်ကို တပ္ပ၀တီတိုင်း ခေါ်ကြောင်း ၊ထိုတိုင်းနှစ်တိုင်း အတွင်း၌ တည်နေကုန်သော လူအပေါင်းတို့သည်လည်း ကမ္ဘာဦးက ဗြဟ္မာနတ်တို့၏အနွယ် ကလာသည်။ ဗြဟ္မာနတ်တို့ကို ကိုးကွယ်လေ့ရှိသောကြောင့် ဗြဟ္မာမျိုးဟူ၍ ခေါ်ဝေါ်ကြကုန်၏။ ရှည်လျားသောကာလ “မြန်မာ” ဟူ၍ လည်းကောင်း တွင်ပြန်လေ၏ ဟုပါရှိသည်။
၆။ မင်းတုန်းမင်းတရား လက်ထက်တော်တွင် စလင်းဆရာတော်ဘုရား ရေးသားသည့် ၀ိသုဒ္ဓိမဂ်ဒီပနီ၌မူကား ကမ္ဘာဦးအစက မူလအရင်းမြစ်ကိုလိုက်၍ “ဗြဟ္မာ” ဟူ၍ပင် ရေးသားသင့်ကြောင်းနှင့်ပါရှိ၏။
၇။ အလွန်ရှေးကျသည့် မြန်မာရာဇ၀င်အများစုမှာလည်း သရေခေတ္တရာပြည်ကြီး ပျက်စီးသောအခါ ပျူတစ်စု ၊ကမ်းယံတစ်စု ၊မြန်မာတစ်စု ကွဲသွားကြောင်းပါရှိသည်။
၈။ မြန်မာပထ၀ီဝင်ဟု ခေါ်ထိုက်သော ဇမ္ဗူအုပ်ဆောင်း၊ ဇမ္ဗူတံဆိပ် စသောကျမ်းတို့၌
လူမျိုးတစ်ရာ့တစ်ပါး ကိုရေတွက်ပြသည့် လင်္ကာမှာလည်း “တစ်ရာ့ တစ်ပါး၊လူမျိုးများကို မှတ်သားကုန်လင့် ၊နိဒါန်းဖွင့်ပိမ့်၊ (၁)ယောနှင့်(၂)ရခိုင်နှိုင်းပြိုင်(၃)ထားဝယ်(၄)ဘရယ်တောင်သူ (၅)ပြော့(၆)ပြူ(၇)ကမ်းယံ ခုနှစ်တန်ကို မြန်မာ မုချတွက်ဆလော့”ဟူ ၍ ပါရှိပါသည်။
၉။ ကျုပ်တို့ အမေ့မောင်ကြီး ဦးရီးတော်ဘုန်းကြီးကလည်း ပုဂံပြည်ကောင်းစားစဉ် သက္ကရာဇ် ၄၀၀ ကျော်လောက်က ထိုးမှတ်စိုက်ထူသည့် အလှူတော် ကျောက်စာမှာ “ဗြဟ္မာ” ၊ “ပြုမ္မာ” ၊ “ပြုမာ”၊ “မြန်မာ” ၊ ဟူ၍ လေးမျိုးလေးစား ရေးသားထွင်းထုသည်ကို တွေ့မြင်ရကြောင်းနှင့် မိန့်တော်မူသည်။
၁၀။ ထို့ပြင် ကျုပ်တို့ အမေ့မောင်ထွေးဦးလေး ဦးပဉ္ဇင်း၏ အလိုမှာ ထို “မရမ္မာ” လူမျိုးကို “ပရမ္မာ” (ပ)နှင့်(ရ)ကိုပေါင်း၍ “ဗြုမ္မာ” လူမျိုး (ရ) သံနှင့် သံထုတ် (မ)ကို ချေကာ “ဗမာ” လူမျိုးခေါ်သင့်ကြောင်း၊ ၄င်းပြင် “မရမ္မာ” မနုဿဝံသေ ၊မ-ကာရံ၊ ပ- ကာရေန ၀ိပ္ပလ္လသံကာတုန "ပရမ္မာ" တိဝါ ၊ တမ္ပိတတိတံကတေ -ရကာရပဟိနေန "ဗမာ " တိဝါ၊ဗ-ကာရ- ရကာရံ သမ္ပိဏ္ဏေတွာ "ဗြဟ္မာ" တိဝါ ၊ဘာသန္တိမရမ္မ၀ိဇိတာ" ဟူ၍ ပါဠိစီကုံးသင့်ကြောင်း မိန့်ကြားတော်မူဖူးသောဟူ၏
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ( ဒေါင်းဂဏ္ဏိလာ အဖြေကျမ်း -၁၉၂၉) မြန်မာဝေါ ဟာရအဖွင့်။
ရေးသူ တက္ကသိုလ် တင်ခ (မြန်မာစာ မြန်မာ မပျောက်ကွယ်အောင်ရအောင် ထိမ်းသိမ်းခဲ့သူ)
0 comments:
Post a Comment