Friday, June 22, 2012
လှူနိုင်ကြသလို လှူတတ်ကြဖို့
မုန့်ဖိုးရယ်ကိုယ်စီ အလီလီစုပါလို့ များလူသူငါ ကောင်းမှုပြုမယ်လို့ ညီကိုမောင်နှမတွေ အကြောင်းပြုခဲ့တယ်
တောင်းဆု တစ်ခုတည်း ။
မနည်းပါ များတယ်တော့မဟုတ် ..  အရုပ်တွေ ပုံစံချိုးပါလို့ လူသာငယ် သဒ္ဓါတွေကြွယ်လို့ရယ်
ငွေအသပြာ စုကာပေါင်းခဲ့တယ် ကောင်းမှုပြုပွဲ ။
ငယ်ငယ်တုံးက ကျောင်းကထိန်ပွဲတိုင်း အော်ဟစ်ဆိုခဲ့ဖူးတဲ့  ဒီကဗျာလေးအတိုင်းပဲ ရေခြားမြေခြား ရောက်တုံး
ရောက်ခိုက် ကျွန်တော်တို့ သူငယ်ချင်းတစ်တွေ အားလုံး ကိုယ်စီ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ရထားတဲ့
ကိုယ်ပိုင် ချွေးနှဲစာလေးတွေထဲကနေ စုပေါင်းပြီး အခုလို စုပေါင်းအလှူပွဲလေးတွေကို မကြာမကြာ လုပ်ဖြစ်
တတ်ကြပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် နေ့ဆိုင်း ၊ ညဆိုင်းတွေ ပြောင်းလဲ လုပ်ကိုင်ပြီး အချိန်တွေ
မအားကြလို့ လူချင်း တကူးတက အမြဲတမ်း မတွေ့ဖြစ်ကြပေမယ့် စုပေါင်း အလှူဒါန ပြုကြတဲ့ အခုလို
အချိန်မျိုးလေးတွေမှာတော့ သူငယ်ချင်းအားလုံး တစ်စိတ် တစ်ဝမ်းတည်း ဒါနတစ်ခု အတူပြုခြင်းဖြင့် ကုသိုလ်
အပြင် တစ်ယောက်နဲ့ တစ်ယောက် ဆုံစည်းမှု  ရရှိခြင်း (Gathering) ၊ မိတ်ဆွေအပေါင်းအသင်းသစ်များ
ရရှိခြင်း (Friendship) နဲ့  အတူတကွ တက်ညီ လက်ညီ လုပ်ကိုင်တတ်ခြင်း  (Teamwork) စတဲ့ အကျိုး
တရားများပါ တစ်လက်စတည်း ရရှိစေတာမို့လို့ တန်ဘိုး မဖြတ်နိုင်တဲ့ အချိန်ကလေးတွေပါပဲ ။
ကျွန်တော်ပြောပြချင်တာက အခုလို အလှူဒါနပြုကြတဲ့အခါ လူငယ်အများစု (ကျွန်တော်အပါအ၀င် ဗုဒ္ဓဘာသာဝင်
အားလုံးလိုလို) သိထားကြတာကတော့ ယခုဘ၀ ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာ
ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ
အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ် ။
သို့ပေမယ့် ဒါနဘယ်လိုပြုရတယ် .ဒါနဘာကြောင့်ပြုရတယ် ဆိုတဲ့ အချက်ကလေးတွေကို တော်တော်များများ
မသိကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က မသိခဲ့ပါဘူး ။ ဒါပေမယ့် ဒါနရဲ့ လေးနက်မှုအကြောင်းကို
တရားတော်တွေထဲမှာ နာကြားလိုက်ရမိတာနဲ့ အဲဒီ အတိုင်းပဲ မသိသေးသူများလည်း သိသွားအောင် သိပြီးသူများ
လည်း ပိုလို့ပြည့်ပြည့်စုံစုံ သိအောင် ဓမ္မဒါနအဖြစ်  ပြန်လည်ဝေမျှပေးချင်ပါတယ် ။
ဒါနဆိုတာ ပေးကမ်းလှူဒါန်းခြင်းပဲလို့ ယေဘုယျ သိထားသူက များပါတယ် ။ တကယ်တော့ ဒါနပြုတယ်
ဆိုတာ မိမိရဲ့  စိတ်သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘ ကိလေသာ
ကြီးကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကုန်ခန်းအောင်ပြုတာပါ ။ တနည်းအားဖြင့် ဒါနဆိုတာ ဥစ္စာပစ္စည်း၊ အသိပညာ ၊
အတတ်ပညာကအစပြုလို့ အသွေး၊ အသား၊ အသက် အထိကို အများသူငါ ချမ်းသာပါစေ ဆိုတဲ့စေတနာ
အရင်းခံပြီး ပေးလှူချင်နေတဲ့စိတ်ဓါတ်ကို ဆိုလိုပါတယ် ။
ဒါနဆိုတာ ပေးလှူခြင်းလို့ လွယ်လွယ်လေး ပြောတတ်ကြပေမယ့်  ကိုယ့်လက်ထဲ (ပေးကမ်းသူ) က ကိုယ်ပိုင်
ပစ္စည်းကို တစ်ခြားသူ(ရယူသူ) လက်ထဲ ကြည်ကြည်ဖြူဖြူ ပေးလိုက်တိုင်း ဒါန မမြောက် ဒါနမမည်ပါဘူး ။ 
အဲဒီအဓိကကျတဲ့ အချက်ကိုတော့  ဗုဒ္ဓဘာသာဝင်အားလုံး ဒါနပြုစဉ်အခါတိုင်း မမေ့မလျော့ဖို့ အင်မတန်မှပဲ
အရေးကြီးပါတယ် ။ ဒါ့အပြင် ဒါနပြုလုပ်သော်ညားလည်း စေတနာသုံးတန် တစ်ပါးပါး ပါဝင်ခြင်း မရှိပဲ ကြောက်၍
သော်လည်းကောင်း (မပေးမဖြစ်လို့ ပေးရတာမျိုး) ၊ ချစ်၍သော် လည်းကောင်း  (ဒါလည်း ပြန်လည်ရယူလိုခြင်း
ပါပါသေးတယ်) ၊၊ လာဘ်လာဘကို မျှော်ကိုး၍သော်လည်းကောင်း (ယတြာချေတာမျိုးပါ)   ပြုလုပ်လျှင်တော့
သာမန်ပေးကမ်းခြင်းအဆင့်မျှသာ ဖြစ်တာမို့ ဒါနမမြောက်လို့ လှူဒါန်းမှုဟု မခေါ်ဆိုနိုင်ကြောင်း မှတ်သားထား
သင့်ပါတယ် ။
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို
တော့ လူတိုင်းပဲ ကြားဖူးကြမှာပါ။ လှူဒါန်းလိုတဲ့အခါ  ဖြစ်ပေါ်လာသော စေတနာက  ''ပုဗ္ဗစေတနာ'' ပါ ။
လှူဒါန်းနေစဉ်အခါ ဖြစ်ပေါ်လာသော စေတနာကတော့ ''မုဉ္စစေတနာ'' ဖြစ်ပါတယ် ။ လှူဒါန်းပြီးတဲ့အခါ ဖြစ်ပေါ်
လာသော စေတနာ ကိုတော့ ''အပရစေတနာ'' စေတနာလို့ ခေါ်ပါတယ်။ ပုဗ္ဗ-မုဉ္စ-အပရ စေတနာ (၃) ပါးက
''စေတနာဒါန'' မည်ပါတယ် ။ ဆွမ်းသင်္ကန်း စသော လှူဖွယ်ဝတ္ထု ပစ္စည်းစုံတို့ကိုကိုတော့ "ဝတ္ထုဒါန" ဟုခေါ်ဆို
ပါတယ် ။ နောက်ဘဝသံသရာဝယ် အကျိုးပေးရာ၌ ဆွမ်းသင်္ကန်းစသော ဝတ္ထုများက အကျိုးပေးကြတာ မဟုတ်ပါ။
ဒါနပြုသူ၏ စိတ်သန္တာန်၌ဖြစ်သော စေတနာဒါနများကသာ အကျိုးပေးကြတာပါ ။
ဒီနေရာမှာ အလှူလုပ်တိုင်း အမြဲတမ်းလိုလို ကြုံတွေ့ရတာလေးတစ်ခု ပြောပြချင်ပါသေးတယ် ။ သူငယ်ချင်းများ တစ်ချို့က အလှူအတွက် ငွေစုတဲ့အခါ "ပုဗ္ဗ" စေတနာနဲ့ အားတက်သရော ငွေထည့်လှူပြီး ကျန်တဲ့ကိစ္စအားလုံး
ကိုတော့ ကိုယ်နဲ့မဆိုင်သလို နေတတ်တာမျိုးကိုပါ ။ ဆိုလိုတာက မိမိတို့ တတ်နိုင်သလောက်လေးနဲ့ ဘယ်လို
ဆွမ်းဟင်းတွေချက်မယ် ။ ဘာဝတ္ထုလေးတော့ ကပ်ကြမယ် ။ ဘယ်သူက ဘာတာဝန် ယူကြမယ် ဒီလိုမျိုးလေးတွေ
တိုင်ပင်ဖို့ မတွေးပဲ အလှူငွေထည့်ပြီးတိုင်း ဒါနပြီးမြောက်တယ်လို့ ထင်ကြတာမျိုးရှိတော့ နောက်ရရှိမယ့် စေတနာ
နှစ်တန်ဖြစ်တဲ့ မုဉ္စ-အပရ စေတနာ ကိုတော့ အများအားဖြင့် မရကြရှာပါဘူး ။ ဒါမျိုးကတော့ လှူသာလှူရ
လှူရကျိုး မနပ်တာမို့ သတိထား  ရှောင်ရှားစေချင်ပါတယ် ။
ကိုယ့်မိဘ ၊ ကိုယ့်မိသားစုနဲ့ နေထိုင်စဉ် တုန်းကတော့ ဒါတွေကို သိပ်ထည့်မတွေးဖို့ မလိုအပ်လှပါဘူး ။
လူကြီးမိဘတွေက အလှူကို အစမှအဆုံး ဦးဆောင်သွားကြတာမို့ ယောက်ျားလေးဆို သန့်ရှင်းရေး ၊ နေရာ
ထိုင်ခင်း ပြင်ဆင်ရုံ ၊ မိန်းကလေးများအဖို့ ချက်ပြုတ်ဧည့်ခံရုံလောက်သာ တာဝန်ရှိတာပါ။ ဒါပေမယ့် အခုလိုချိန်
နိုင်ငံရပ်ခြားရောက်နေချိန် မှာတော့ အားလုံးတိုင်တိုင်ပင်ပင်နဲ့ အလှူပြုစဉ် စလယ်ဆုံး သုံးပါးလုံး ကိုယ့်တာဝန်
တွေချည်းပါပဲ
မိမိပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာကို သူတစ်ပါးအတွက် ပေးကမ်းတာနဲ့ ပတ်သတ်လို့ မင်္ဂလာတရားတော်မှာ သင်္ဂဟနဲ့
ဒါနဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ ဒီနှစ်မျိုးထဲမှာ သားမယားတို့ကို ပေးကမ်းတာ၊ ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့
တာကို သင်္ဂဟလို့သုံး ပါတယ်။ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးကမ်းတာကိုတော့ ဒါန လို့ သုံးပါတယ်။
သင်္ဂဟရဲ့ သဘောက မိမိက သားမယား ဆွေမျိုးတို့ကို ပေးကမ်းတဲ့ အတွက် လောလောဆယ်မှာ လက်ခံရယူ
သူတို့ရဲ့ဘ၀ကို လုံခြုံပြည့်စုံစေတယ်။ ရယူသူတို့ရဲ့ ကျေးဇူးသိမှု၊ ကျေးဇူးတုန့်ပြန်မှုတို့ကြောင့် ပေးကမ်းသူရဲ့
ဘ၀ကိုလည်း လုံခြုံပြည့်စုံစေပါတယ်။ ပေးသူ ၊ ယူသူ နှစ်ဦး နှစ်ဖက်တို့ရဲ့ ဘ၀လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အတွက်
မင်္ဂလာဖြစ်ပါတယ်။ ဒါနရဲ့ သဘောက အလှူခံ ပုဂ္ဂိုလ်တို့ အပေါ်မှာ အကျိုးဆောင်ပေးလိုတဲ့ စေတနာနဲ့ ဂုဏ်ကျေးဇူး
ကိုပူဇော်လိုတဲ့ စေတနာသက်သက်နဲ့ မိမိပိုင်ပစ္စည်းကို တွယ်တာငဲ့ကွက်မှု မထားပဲ လက်လွတ်စွန့်ကြဲတဲ့ သဘောပါ။
မိမိနဲ့ ပစ္စည်းတို့ အကြားမှာတွယ်တာ ကပ်ငြိနေတဲ့ သံယောဇဉ်အစွဲ ဥပါဒါန်ကို ပယ်ရှားတဲ့ သဘော၊ တဖြည်းဖြည်းနဲ့
ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ အတ္တ ၊ ဥစ္စာပစ္စည်းပေါ် ကပ်ငြိတဲ့ စွဲလမ်းမှူ (သံယောဇဉ်) တွေကို ဖြတ်တောက်ဖယ်ရှားပေးနိုင်တဲ့
အတွက် ဒါကလည်း မင်္ဂလာ မည်ပါတယ် ။
နိုင်ငံရပ်ခြားမှာနေပြီး ဘာသာခြားတွေနဲ့ ဆက်ဆံနေရတဲ့ သူများအဖို့ တချို့နိုင်ငံခြား ဘာသာခြားတွေက
ဗုဒ္ဓဘာသာဝင် တွေဟာ အလှူရေစက်လက်နဲ့ မကွာ ဆိုသလို ဒါနတွေ ဒီလောက်ကြိုးစားလုပ်ကိုင်နေရက်နဲ့ ကြီးပွား
ချမ်းသာတာကျတော့ အနောက်နိုင်ငံက လူတွေကို ဘာ့ကြောင့်မမီရတာလဲ ဆိုတဲ့အကြောင်း အမေးခံရနိုင်ပါတယ် ။
ဒီနေရာမှာ ကြီးပွားချမ်းသာခြင်းက ကံအကြောင်းတရား တစ်ခုတည်းအပေါ်မှာသာ တည်မှီနေတယ်လို့ ဆိုရင် အဲဒီ
အယူအဆက မှား ပါတယ် ။ အမှန်တော့ မြတ်စွာဘုရားဟောတော်မူတဲ့ ကြီးပွားချမ်းသာခြင်း အကြောင်းတရားက
လေးပါး ရှိပါတယ်။ ရှေး ကုသိုလ်ကံရှိခြင်း၊ သင့်လျော်တဲ့ အရပ်ဒေသမှာ နေရခြင်း၊ သူတော်ကောင်း၊ ပညာရှိတို့ကို
မှီခိုခွင့်ရခြင်း၊ မိမိကိုယ်ကို ကောင်စွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ သမ္ပတ္တိစက် လေးပါး ပါပဲ။ ဒီလေးချက်လုံး ပြည့်စုံမှသာ
လူတစ်ဦးချင်းရဲ့ ချမ်းသာပြည့်စုံဖို့ အကြောင်းဖြစ်စေမှာ ဖြစ်ပါတယ်။
ဒါနပြုစဉ်တိုင်းမှာ အောက်ပါအချက် ငါးချက်နဲ့ လှူဒါန်းမှသာလျှင် ဒါနရဲ့အကျိုးကို အပြည့်အ၀ ရရှိနိုင်မှာပါ ။
၁။   သဒ္ဓ့ါဒါန               ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓ့ါတရားဖြင့် လှူဒါန်းခြင်း ။
၂။   သက္ကစ္စဒါန            လှူဘွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင်ကောင်းစွာပြုလုပ်၍လှူဒါန်းခြင်း ။
၃။   ကာလဒါန             အချိန်အခါနှင့်သင့်လျော်စွာ လှူဒါန်းခြင်း၊သင့်လျော်လျောက်ပတ်သောအချိန်၌
                                လှူဒါန်းခြင်း (ဆွမ်းလှူသင့်သော အချိန်၌ ဆွမ်းကိုလှူခြင်း၊သင်္ကန်းလှူသင့်သောအချိန်၌
                                သင်္ကန်းကိုလှူခြင်းစသည်)
၎။   အနုဂ္ဂဟိဒါန         အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့်လှူဒါန်းခြင်း ။
၅။   အနုပဃာတဒါန     မိမိဂုဏ်ကို၎င်း သူတပါးဂုဏ်ကို၎င်း အစွန်းအငြိ အထိအခိုက်မရှိစေပဲ လှူဒါန်းခြင်း။
                               (ဂုဏ်တုဂုဏ်ပြိုင် လှူဒါန်းမှုမပြုခြင်း ကို ဆိုလိုတာပါ)
၁။    သဒ္ဓါဒါန ပျက်ပြားပါက ငွေကြေးချမ်းသာပြည့်စုံသော်ငြား အဆင်းမလှ ရုပ်ရည်ရူပကာ ဆိုးခြင်း ။
၂။    သက္ကစ္စဒါန ပျက်ယွင်းလျှင်တော့ ငွေကြေးချမ်းသာပြည့်စုံပေမယ့်ငြား အခြွေအရံပရိသတ်များမရှိခြင်း ၊
       မိမိ၏စကားကို      လက်အောက်ငယ်သားများ ၊ သားသမီးများ မလိုက်နာခြင်း ။
၃။   ကာလဒါန မပြုမီပါက လိုအပ်သောအချိန်မှာ လိုအပ်သောအရာများကို (ငွေကြေးချမ်းသာသော်ငြား)
၎။   အနုဂ္ဂဟိဒါနမရှိရင်တော့ ငွေကြေးချမ်းသာသော်ငြား စည်းစိမ် မွန်မြတ်သောအသုံးအဆောင်တို့ကို ကိုယ်တိုင်
      သုံးစွဲခွင့်မရခြင်း (ဥပမာ ဟိုအစာနဲ့ ကိုယ့်ရောဂါနဲ့ မတည့်၊ ဒီမွေ့ယာအိပ်ရင်တော့ဖြင့် ယားတယ် စသည်ဖြင့်)
၅။   အနုပဃာတဒါနနဲ့ မလှူမိရင်တော့ ချမ်းသာစည်းစိမ်တို့ကို ရန်သူမျိုးငါးပါး တစ်ပါးပါး ဖျက်စီးခံရခြင်း ။
      စတဲ့ ဆိုးကျိုးများကို ခံစားရမှာ ဖြစ်ပါတယ် ။
ဒါနပြုကြသူချင်း တူတူ ဒါနပြုနေစဉ်အချိန်တွင်း မိမိတို့ရဲ့ စိတ်ဆန္ဒ လုံ့လ ၀ီရီယ သဒ္ဓါတရားတို့အလျှောက်
နတ်ဖြစ်တာ တူပေမယ့် ဘုံဗိမာန်ချင်းကွဲသလို လူချင်းတူပေမယ့် ဆရာတစ်ဦးတည်းက အတူတူ သင်ကြားပေး
တဲ့ တစ်ကျောင်းတည်းထွက် တပည့်များပင် တတ်သိပုံခြင်း မတူပါဘူး ။  ဒါကြောင့် ဒါနပြုစဉ်တိုင်း မိမိတို့ ပြဌာန်း
ထားတဲ့ စေတနာအလျှောက် ညောင်စေ့လောက်လှုသော်လည်း  ညောင်ပင်ကြီးလောက်ရတယ် ။ ညောင်ပင်ကြီး
လောက် လှူပေမယ့် ညောင်စေ့လောက် ရတတ်တယ်လို့ လူကြီးသူမတွေက ဆုံးမခဲ့ကြခြင်းပါ ။ လှူနိုင်တဲ့သူ
အားလုံး လှူတတ်ကြသူများ မဖြစ်နိုင်ကြပါဘူး
ဒါနအမျိုးအစားများစွာရှိတဲ့အထဲက စေတနာ သဒ္ဒါတရားအပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ ဒါန(၃)မျိုးအကြောင်း
ထပ်ခွဲထားပါသေးတယ် ။ ထိုဒါန(၃)မျိုးဟာ ဒါနဒါသ (ကျွန်ဒါန) ၊ ဒါနသဟာယ (မိတ်ဆွေဒါန) ၊ ဒါနပတိ
(အရှင်သခင်ဒါန) ဆိုပြီး သုံးမျိုး ရှိပါတယ် ။
ဒါနဒါသ (ကျွန်ဒါန) က မိမိသုံးဆောင် စားသောက်သည့်အောက် ယုတ်ညံသောဝတ္ထုကိုလှူခြင်းပါ ။ ဥပမာ
ကိုယ်ကကြက်သား ၀က်သား ချက်စားသော်လည်း ဆွမ်းခံကြွတော်မူသော သံဃာတော်အရှင်သူမြတ်တို့အား
ချဉ်ရည်ဟင်းသာ လောင်းလှူခြင်းမျိုးကို ဆိုလိုတာပါ။ အဲလိုယုတ်ညံ့သော ဒါနကံကြောင့် ဖြစ်လေရာဘဝတိုင်း
မှာ ယုတ်ညံ့သော အကျိုးကိုသာ ခံစားရပါတယ်။
ဒါနသဟာယ (မိတ်ဆွေဒါန)   က မိမိသုံးဆောင် စားသောက်သည်နှင့်အမျှသာ ပေးလှူခြင်းပါပဲ။ ကိုယ့်အိမ်
မှာ ကြက်သာဝက်သားဟင်း တို့ကိုသုံးဆောင်သကဲ့သို့ အလှူခံပုဂ္ဂိုလ် ဆွမ်းခံကြွသံဃာတော်တို့ကိုလည်း
စားကောင်းသောက်ဖွယ် ကောင်းများ လောင်းလှူခြင်းမျိုးပါပဲ။ ထိုသို့သော မိတ်ဆွေဒါန (ဒါနသယာယ)
ကြောင့် ဖြစ်လေရာဘဝတိုင်းဝယ် အလယ်အလတ်တန်းစား ဝတ္ထုတို့ကို ရရှိခံစားသုံးဆောင်ရပါတယ် ။
ဒါနပတိ (အရှင်သခင်ဒါန) ဆိုတာ မိမိသုံးဆောင် စားသောက်သည်ထက် သာလွန် သော ၀တ္ထုကိုလှူခြင်း
လို့ အဓိပ္ပါယ် ရပါတယ်။ သဘောကတော့ အလှူခံပုဂ္ဂိုလ် စားဦးစားဖျား ဆွမ်းကောင်း ဟင်းကောင်း
လောင်းလှူပြီး မိမိကမူ ချဉ်ရည်ဟင်းလောက်နှင့် တင်းတိမ်ရောင်ရဲနေမယ်ဆိုရင် အဲတာကို ဒါနပတိ
(အရှင်သခင်ဒါန)လို့ခေါ်ပါတယ်။ အဲဒီအလှူရှင်ရဲ့ စေတနာသည် အထက်တန်းကျသောကြောင့်
ဖြစ်လေရာဘ၀ ရောက်နေရာနေရာတိုင်းမှာ ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ဥစ္စာများကို ရရှိနိင်ပါတယ်။
အဲဒီလိုပဲ အထက်တန်းစား ဒါန ဖြစ်ဖို့ ဆိုရင်
(၁) အလှူပေး ပုဂ္ဂိုလ်ဟာ မလှူမီ သီလနဲ့ ပြည့်စုံနေရမယ်။
(၂) အလှူခံ ပုဂ္ဂိုလ်ကလည်း သီလနဲ့ ပြည့်စုံနေရမယ်။
(၃) လှူဖွယ် ပစ္စည်း ၀တ္ထုက တရားသဖြင့် ရှာလို့ရတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ပစ္စည်း ဖြစ်ရမယ်။
(၄) လှူစဉ်အခါ စိတ်ကြည်လင်နေရမယ်။
(၅) နိဗ္ဗာန် ဆိုတဲ့ အကျိုးရလာဒ်ကို သိမြင်ပြီး လှူရမယ်။
(၆) အလှူရဲ့ ရှေ့ပိုင်းမှရော နောက်ပိုင်းမှာပါ ပူပန်စိတ် လုံးဝ မပါစေရပါဘူး။
အဲဒီ အလှူမျိုးဟာ အကျိုးကြီးတဲ့ အထက်တန်းစား ဒါန အလှူမျိုး ဖြစ်ပါတယ်။
ဒါနပြုတဲ့အလှူမျိုးမှာ ကျောင်းဆောက်ခြင်း ၊ ဘုရားတည်ခြင်း ၊၊ ကထိန်ခင်းခြင်း စသည်တို့ဖြင့် ကြီးကျယ်
သော ဒါနမျိုးလည်းရှိသလို ဆွမ်း ၊ သင်္ကန်း ၊ ဆေးအစအလှူ ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု ၊
ခွေး ၊ကြောင် ၊ ငှက် တိရစ္ဆာန်တို့အား အစာကျွေးခြင်းစသည့်   အနည်းအပါး ဒါနလည်းရှိပါတယ် ။ ဘယ်လို
ပဲ လှူလှူ လှူဒါန်းသမျှ ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သော
ကြောင့်ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များတတ်ကြပါတယ် ။ 
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း ၊ မရွေးခြယ်ခြင်းက အရေးမကြီးလှပေမယ့် အချို့ အရာများ၌ သံဃိတဒါန
မြောက်အောင် စိတ်ထား၍အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီတစ်ဦး အဖြစ်
စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမှာ ဖြစ်ပါတယ် ။ မုတ္တစာဂီ ဆိုတာကတော့ မုတ္တ = မတွယ်တာဘဲ လွတ်လွတ်
ကျွတ်ကျွတ်စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း
မမက်မော ၊နောက်ဘ၀၌ လူနတ်စည်းစိမ် ကိုလည်း  မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်
ကျွတ်ကျွတ် လှူဒါန်းသူ လို့ အဓိပ္ပါယ် ရပါတယ် ။
ဒါနဟာ အလှုခံပုဂ္ဂိုလ် ကောင်းစားရေးကိုပဲ ဦးတည်ပါတယ် ။ ဗုဒ္ဓဘာသာဝင်တိုင်း တကယ်လိုအပ်တဲ့နေရာ
မှာတကယ်လိုအပ်တဲ့ ၀တ္ထုပစ္စည်းကို စေတနာသုံးတန်နဲ့ လှူဒါန်းကြဖို့လိုပါတယ် ။ အရှင်ဇ၀န (မေတ္တာရှင်)
က တရားတစ်ပုဒ်မှာ ဟောကြားဆုံးမခဲ့ဖူးပါတယ် ။ တောင်ပေါ်မှာ ဘုရား ၊ တောင်အောက်မှာ ဘာသာခြား
ဆိုတာပါပဲ ။ ဗုဒ္ဓဘာသာဝင် လူချမ်းသာ အများစုက မြို့နဲ့ဝေးတဲ့ ဒေသလိုနေရာမှာ တောင်ပေါ်ဘုရားတည်
ဖို့ပဲ အားတက်သရော ရှိပြီး တောင်ခြေ ရွာထဲက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်များကို လှူဒါန်ခြင်း အလျဉ်း
မရှိကြလို့သူတို့လေးတွေ တစ်ခြားဘာသာရဲ့ စောင့်ရှောက်မှုကို ခံယူပြီး ဘာသာခြား ဖြစ်ကုန်ကြတဲ့ ဖြစ်ရပ်
မှန် သာဓကလေးတွေပါ ။ ဒီဆုံးမစကားလေးကို လေးလေးနက်နက် တွေးတောစဉ်းစားကြပြီး လှူသင့်တဲ့
နေရာကိုလည်း မှန်မှန်ကန်ကန် စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။
ပေးကမ်းလှူဒါန်းခြင်းဆိုတာ ဗုဒ္ဓဘာသာရဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အနှစ်အချုပ်သုံးခုမှာ ပထမဆုံးအချက်
အနေနဲ့ ပါဝင်ပါတယ်။ ပေးကမ်းခြင်းဟာ လောကုတ္တရာအထက်တန်းကို လှမ်းဖို့အတွက် ပထမဆုံး ခြေလှမ်းပါ။
ဒီ ပထမဆုံးဖြစ်တဲ့ ဒါနခြေလှမ်းက သိပ်ကို အရေးကြီးပါတယ်။ ပေးကမ်းလှူဒါန်းခြင်းအလုပ်ဟာ ဘယ်လောက်ထိ
အကျိုးကြီးတယ်ဆိုတာကို လက်တွေ့ပြရရင် အနည်းဆုံးတော့ ပေးတတ်ကမ်းတတ်တဲ့သူကို လူချစ်လူခင်များ
တာ ဓမ္မတာပါ ။  အဲတာ ဒါနရဲ့ ချက်ချင်း လက်ငင်း ဘ၀မခြားပဲ အကျိုးပေးခြင်းပါ ။
ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီကို ပထမဆုံး ထားရတာဟာ လူတိုင်းလည်း လုပ်နိုင်လို့၊ ပြုလုပ်ရတာလည်း
လွယ်ကူလို့လို့တချို့က ပေါ့ပေါ့လေး မှတ်ထင်တတ်ကြရင်တော့ မှားပါလိမ့်မယ် ။ အမှန်ကတော့ ငါ... ငါ့ဥစ္စာ
လို့ သတ်မှတ်စွဲလမ်းနေတဲ့ အတ္တ၀ါဒနဲ့ ဥပါဒါန်ထုထည်ကြီးကို တဖြည်းဖြည်း ပါးရာကနေ ပျောက်သွားအောင်
လေ့ကျင့်ပေးတဲ့ တကယ့် အခြေခံ အလုပ်ပဲ ဖြစ်ပါတယ်။ စွဲလမ်းမှု ဥပါဒါန်အားကြီးနေရင် သီလလည်း မစင်ကြယ်
နိုင်ဘူး။ ကျန်တဲ့ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာပါရမီတို့ ဆိုတာတွေလည်း လုံးဝ
မစင်ကြယ်နိုင်တော့ဘူးဆိုတာ သိရှိထားသင့်ပါတယ် ။
ပေးချင်နေတဲ့စိတ်လေးရှိနေတာ ( ဓမ္မ )ရဲ့ အစ (ဒါန) ပါပဲ ။ ဒီစိတ်လေးနဲ့မှ (သီလ) ဆိုတဲ့စောင့်ထိန်းမှုအဆင့်
ကို လှမ်းတက်နိုင်ပြီး မှန်ကန်တဲ့ သီလ စစ်စစ် ဆောက်တည်နိုင်ပါလိမ့်မယ် ။ (သီလ) စစ်စစ် ဆောက်တည်နိုင်
မှသာလျှင် ( ဘာဝနာ ) ဆိုတဲ့ အားထုတ်ပွားများခြင်း ( သမထ ဘာဝနာ ၊ ၀ိပဿနာ ဘာဝနာ ) ကို ဖြောင့်မတ်
တည်ကြည် မှန်ကန်စွာ ပွားများ အားထုတ်နိုင်မှာ ဖြစ်ပါတယ် ။
အဲဒီအတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါနရဲ့ အရေးပါမှုကို အလေးအနက် သဘောပေါက်ကြဖို့နဲ့ တန်ဖိုးထား
တတ်ကြဖို့ ။ ဒါနလုပ်တိုင်း ပေါ့ပေါ့တန်တန် သဘောမထားကြဖို့ လိုအပ်ပါတယ် ။ သာသနာတော်နဲ့ ကြုံကြိုက်လို့
ဒါနဆိုတဲ့ လှူဒါန်းမှု အလုပ်ကြီးတစ်ခုကို လုပ်ကြတဲ့ အခါမှာ တစ်ဘ၀စာပဲ ဖြစ်ဖြစ်၊ တစ်သံသရာလုံးအတွက်ပဲ
ဖြစ်ဖြစ် လောကီ ဘ၀လုံခြုံရေးအတွက် အရင်းအနှီးမြှုပ်နှံတဲ့ အလုပ်တစ်ခုလို့ သဘောထားလုပ်ကိုင်နေရင် ဒါန
မဖြစ်ဘဲ သင်္ဂဟ မင်္ဂလာသာဖြစ်ပါ တယ်။ ဒါနရဲ့ အစွမ်းသတ္တိဟာ အစွဲဥပါဒါန်အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ
ပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံး မင်္ဂလာလုပ်ငန်းကြီးဖြစ်လို့ သင်္ဂဟမင်္ဂလာ အဆင့်လောက်နဲ့ ရပ်တန့် မနေသင့်ဘူး
ဆိုတာပါ ပဲ။ လောကရဲ့ဒုက္ခတွေ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ အကျိုးပြီးစေနိုင်တဲ့ ဒါန စစ်စစ်ကြီး ဖြစ်ပြီဆို
ရင်တော့ အကောင်းတကာ့ အကောင်းဆုံးပါပဲ ။
အဲဒီတော့ အလှူဒါနကို မြတ်နိုးတန်ဖိုးထားကြတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး ပုဗ္ဗ မုဉ္စ အပရ  ဆိုတဲ့  စေတနာ
သုံးတန်ကို ရင်ဝယ်ထားတဲ့ ဒါနစစ်စစ်ဖြင့် လှူတတ်ကြစေဖို့နဲ့ ၊ လှူရကျိုးနပ်စေရုံမျှမက ပါရမီ အားလုံးအတွက်
အထောက်အကူဖြစ်စေတဲ့ ဒါနတရားမှ အစပြုကာ သီလ ၊ ဘာဝနာ တရားများထိ ပွားများတက်လှမ်းကာ နိဗ္ဗာန်ထိ
ရောက်နိုင်ကြပါ စေလို့ ဆန္ဒပြုလိုက်ပါတယ် ။
ကိုးကားချက်များ
ဆရာတော် အရှင်ဇနကာဘိဝံသ- ကိုယ်ကျင့်အဘိဓမ္မာကျမ်း
ဆရာတော် ဦးသုမင်္ဂလ တရားတော်များ
ဆရာတော် ဇ၀န တရားတော်များ
http://www.dhammaweb.net
(ဖိုးသားကြီး)
0 comments:
Post a Comment
တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။
လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"