Monday, June 18, 2012

စင်္ကာပူရဲ့ ဘာသာစကားနှစ်ခု သင်ကြားရေး ပေါ်လစီ


စင်္ကာပူမှာ ဘာသာစကားနှစ်ခုနဲ့ သင်ကြားတဲ့ ပညာရေးမူဝါဒကို ချမှတ်ကြိုးစားလာတာ အတွေ့အကြုံအားဖြင့် နှစ် ၅၀ ကျော် ပါပြီ။ ဗြိတိသျှလက်အောက်မှာ  တရုတ်၊ အင်္ဂလိပ်၊ မလေး၊ တမီးလ် ဆိုတဲ့ ဘာသာစကားလေးခုနဲ့ သင်ကြားပြီး ကျောင်းသား အရေအတွက်ကလည်း အဲဒီအစီအစဉ်အတိုင်း တရုတ်က အများဆုံးဖြစ်ပြီး တမီးလ်က အနည်းဆုံး ဖြစ်ပါတယ်။
လွတ်လပ်ရေးရလာတဲ့ နိုင်ငံသစ်တိုင်းမှာ ဘာသာစကား မျိုးစုံရှိပါတယ်။ ယခင် အုပ်ချုပ်သူတွေရဲ့ဘာသာစကား (အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျ စသည်) နဲ့ ကိုလိုနီလက်အောက် တိုင်းပြည်တစ်ခုအတွင်း အတူနေကြသူ လူထုတွေအားလုံး ပြောတဲ့  ဘာသာစကား အမျိုးမျိုးရယ် ဆိုပြီး ရှိကြတယ်။
ဒါပေမဲ့ နိုင်ငံသစ်တစ်နိုင်ငံမှာ အစိုးရနဲ့ လူထုတွေအကြား ပြောဆိုဆက်ဆံဖို့နဲ့ လူထုတွေအချင်းချင်း ပြောဆိုဖို့အတွက် ဘုံဘာသာစကားတစ်ခု လိုအပ်လာတယ်။ ဒါကြောင့် နိုင်ငံသစ် အားလုံးဟာ ဘာသာစကားမျိုးစုံ တစ်ကျောင်းတစ်ဂါထာ အသုံးပြုရာကနေ ဘုံဘာသာစကားတစ်ခုနဲ့ ဒုတိယဘာသာစကား အမျိုးမျိုးထားဖို့ အပြောင်းအလဲ လုပ်ခဲ့ကြပါတယ်။

အင်္ဂလိပ်စာနဲ့ မိခင်ဘာသာစကား
ကျနော်တို့ စင်္ကာပူမှာ အင်္ဂလိပ်စကားကို ပထမဘာသာစကားအဖြစ် သင်ကြားပြီး၊ မိခင်ဘာသာစကား မန်ဒရင်းကို ဒုတိယဘာသာစကားအနေနဲ့ သင်ကြားတဲ့အခါမှာ ကြုံတွေ့ဖြတ်သန်းရတဲ့ အခက်အချို့ကို ပြောပြချင်ပါတယ်။
ကျနော်တို့က အင်္ဂလိပ်ကို ကျနော်တို့ရဲ့ အလုပ်ဘာသာစကားအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစား သင်ယူပါတယ်။ စင်္ကာပူမှာရှိတဲ့ လူမျိုးအားလုံးဟာ သူတို့ မိခင်ဘာသာစကားအမျိုးမျိုးကို ထိန်းသိမ်းရင်း အင်္ဂလိပ်စကားကို ဘုံဘာသာစကားဖြစ်စေဖို့ ကြိုးစားရပါတယ်။ ကျနော်တို့ရဲ့ မျိုးရိုး ဇာတိတွေ၊ ဘိုးဘွားအမွေနဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ထိန်းသိမ်းဖို့ တရုတ်၊ မလေး၊ တမီးလ် တို့ကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပါတယ်။ ဒီပေါ်လစီက ၁၉၆၅ ခုနှစ် စင်္ကာပူလွတ်လပ်ရေးရပြီးနောက် တဖြည်းဖြည်း ဖွံ့ဖြိုးလာပါတယ်။

‘အင်္ဂလိပ်စာနဲ့ မန်ဒရင်း’ အခက်ခဲဆုံး ပေါင်းစပ်မှု
အင်္ဂလိပ်နဲ့ မန်ဒရင်း မတူတဲ့ ဘာသာစကားနှစ်ခုကို ပေါင်းစပ်ရတာ အခက်ခဲဆုံးအလုပ်ပါပဲ။ တရုတ်စာအရေးအသားမှာ အက္ခရာလည်းမရှိသလို၊ အသံထွက် သင်္ကေတလည်း မရှိပါဘူး။ စကားလုံးတစ်ခုစီဟာ အရုပ်စာတွေဖြစ်ပြီး အသံထွက်အတိအကျ ရည်ညွှန်းမှု မရှိပါဘူး။ အရုပ်စာတစ်ခုချင်းစီက ဧက၀ဏ္ဏစကားလုံးဖြစ်ပြီး အသံထွက် လေးမျိုးထဲက တစ်မျိုး ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ကတည်းက အသံထွက် လေးမျိုးစလုံး ကျကျနနသင်မထားရင်၊ အသက်ကြီးမှဆို အခက်ခဲရှိပါတယ်။
စင်္ကာပူရဲ့ ဈေးကွက်စီးပွားရေးက ဂလိုဘယ်ဖြစ်လာတာကြောင့် နိုင်ငံသားတွေအနေနဲ့ အင်္ဂလိပ်ကို ပထမစကားအဖြစ် ကျွမ်းကျင်ပိုင်နိုင်ရမှာ ဖြစ်ပြီး၊ မိခင်ဘာသာစကားကို ဒုတိယစကားအဖြစ် တတ်ထားရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာမှာ ဖြစ်ပါတယ်။
ကျနော်တို့က စင်္ကာပူရဲ့ အသက်မွေးဝမ်းကျောင်း အင်္ဂလိပ်စကားကို လူထုတွေ အမိအရဖမ်းဆုပ်နိုင်စေဖို့ ရည်ရွယ်ထားသလို၊ မိခင်ဘာသာစကားတွေကိုလည်း အဆင့်မြင့်လယ်ဗယ်အထိ ရောက်အောင် ကျွမ်းကျင်စေဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ဒါဟာ လူအများစုအတွက် သုညအပေါင်းဂိမ်း (zero-sum game) ပါပဲ။ လက်တွေ့မှာ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလေလေ ဒုတိယဘာသာစကား အသုံးပြုမှုက လျော့နည်းသွားလေလေပါပဲ။
ဘာသာစကာားစွမ်းရည်ဟာ လူတစ်ယောက်ချင်းစီရဲ့ ဉာဏ်ရည်အနိမ့်အမြင့် (IQ) နဲ့ ဆက်စပ်မှု မရှိပါဘူး။ ဘာသာစကားဟာ ဦးနှောက်ရဲ့ သီးခြားဌာန (အကန့်) တစ်ခု ဖြစ်ပါတယ်။ ဉာဏ်ရည်တူသူတွေကြားမှာကို ဘာသာစကားများစွာ စွမ်းဆောင်နိုင်မှုက အမျိုးမျိုး ကွာခြားနေတတ်ပါတယ်။ ယေဘူယျအားဖြင့် မိန်းကလေးတွေက ယောက်ျားလေးတွေထက် ဘာသာစကားသင်ယူရာမှာ ပိုကောင်းတတ်ပါတယ်။
ကျနော့်တို့က အင်္ဂလိပ်နဲ့ မန်ဒရင်းကြား တန်းတူရအောင်ညှိဖို့ အမြဲတမ်း အလေးထား ကြိုးစားပါတယ်။ တရုတ်စကားပြောတဲ့ မိဘတွေက သူတို့ကလေးတွေကို အဆင့်တန်းမြင့် တရုတ်စကားကို ရရှိစေချင်ကြတယ်။ အဲဒါက အင်္ဂလိပ်လိုပြောတဲ့ တရုတ်မိဘတွေအတွက် ကသိကအောက် ဖြစ်ရပြန်တယ်။ သူတို့ကလေးတွေကျတော့ အင်္ဂလိပ်စာကောင်းပြီး မန်ဒရင်းမှာ အဆင့်နိမ့်နေတယ်။ နိုင်ငံရေးဆိုင်ရာ စဉ်းစားချက်တွေကလည်း အင်္ဂလိပ်နဲ့ မန်ဒရင်းကြား တန်းတူညီရေးအတွက် အခက်အခဲ ဖြစ်စေပါတယ်။
အဲဒီလို ဘာသာစကားနှစ်ခု တန်းတူ ရစေဖို့ကို ရှေ့နှစ်လမ်းတိုး နောက်တစ်လှမ်းဆုတ်နည်းနဲ့ မကြာခဏ လုပ်ရပါတယ်။ တရုတ်စကားပြောတဲ့ မိဘတွေနဲ့ အင်္ဂလိပ်စကားပြောတဲ့ မိဘတွေကြား ထိပ်တိုက်ပြဿနာဖြစ်ရင် ကျနော် ကြားဝင်ဖြေရပါတယ်။
အဲဒီလို ထိပ်တိုက်ဖြစ်တာကို ဖြေရှင်းရာမှာ အိမ်ဘာသာစကားမျိုးစုံနဲ့ လာတဲ့ ကျောင်းသားတွေကို ကျောင်းမှာ ဘာသာစကားမျိုးစုံ စွမ်းရည်တိုးတက်စေမယ့် သင်ရိုးများနဲ့ ကျနော်တို့ ကူညီရပါတယ်။ လက်တွေ့မှာ ကျောင်းသားတွေရဲ့ အိမ်သုံးဘာသာစကား အပေါ် အများကြီး တည်မှီနေပါတယ်။ နောက် ဆရာတွေရဲ့ ကျွမ်းကျင်မှုအပေါ်လည်း အများကြီး မူတည်ပါတယ်။

နှစ် ၅၀ ကြာ ဘာသာစကားနှစ်ခုဝါဒ စမ်းသပ်မှု
၁၉၅၆ ခုနှစ် ဥပဒေပြုလွှတ်တော် ပါတီအားလုံး ကော်မတီ အစီရင်ခံစာအရ၊ မူလတန်းကျောင်းတွေမှာ ဘာသာစကားနှစ်ခု မူဝါဒကို စတင်ခဲ့ပါတယ်။ တရုတ်နဲ့ အခြားလူမျိုးကျောင်းတွေမှာ မိခင်ဘာသာစကား ပထမ၊ အင်္ဂလိပ်စကား ဒုတိယ စနစ်နဲ့  သင်ပါတယ်။ အင်္ဂလိပ်ကျောင်းတွေမှာတော့ အင်္ဂလိပ်စကား ပထမ၊ မိခင်ဘာသာစကား ဒုတိယ ဆိုပြီး သင်ကြားပါတယ်။ ရလဒ်က အားရစရာ မရှိပါဘူး။
၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးနောက်မှာတော့ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေမှာ ဘာသာစကားနှစ်ခု ပေါ်လစီကို ပိုပြီး အလေးထား အကောင်အထည်ဖော်ပါတယ်။ တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်ဖို့အတွက် ဒုတိယဘာသာစကားနဲ့ ဖြေဆိုရပါတယ်။ ဒါပေမဲ့ အဲဒါက  အိမ်မှာ အင်္ဂလိပ်စကားပြောလို့ မန်ဒရင်း ညံ့တဲ့ ကျောင်းသားတွေအတွက် ပြဿနာ ရှိပြန်ပါတယ်။
အမေရိကန် ပါမောက္ခတွေ ပြောဖူးတာကလည်း နိုင်ငံပေါင်းစုံက ၀န်ထမ်းအရာရှိတွေကို တရုတ်ဘာသာစကား သင်ပေးရတာ၊ အခြား ဥရောပဘာသာစကားတွေ သင်ပေးရတာထက် လေးဆ ပိုကြာတယ်လို့ ဆိုပါတယ်။ ဥရောပ ဘာသာစကား အများစုမှာက လာတင်ရင်းမြစ်တွေရှိပြီး အားလုံးက ရင်းမြစ်တူကနေ ဆင်းသက်လာတယ်။ တရုတ်ဘာသာစကားက ဒီလို မဟုတ်ဘူး။
အဲတော့ ကျနော်တို့ ကျောင်းတွေမှာ အင်္ဂလိပ်နဲ့ တရုတ် မျိုးမတူတဲ့ ဘာသာစကားနှစ်ခု ရောသင်မှု အကျိုးရလဒ် ဖော်ပြတဲ့ နှစ်စဉ် စာရင်းတွေရယ်၊ အသက်ကြီးမှ တရုတ်ဘာသာစကား လေ့လာရတဲ့ ကျနော့် ကိုယ်ပိုင် အတွေ့အကြုံရယ်ကနေ ကောက်ချက်ဆွဲ ဆုံးဖြတ်ပြီး၊ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ  ကျနော့်ကလေး သုံးယောက်ကို ဘာသာရပ်အားလုံး မန်ဒရင်းလို သင်တဲ့ ကျောင်းတွေကို ပို့ခဲ့ပါတယ်။ အဲဒီ ကျောင်းတွေက အင်္ဂလိပ်စာညံ့ဖျင်းတယ်။ အဲဒီလို တရုတ်ကျောင်းထားပြီးတဲ့နောက် သူတို့နဲ့ တခြားသက်တူရွယ်တူ အင်္ဂလိပ်ကျောင်းတက် မောင်နှမ၀မ်းကွဲတွေ၊ အခြားကျနော့် သူငယ်ချင်းတွေရဲ့ ကလေးတွေနဲ့ သူတို့ ဘယ်လောက်ကွာသလဲဆိုတာကို ကိုယ်တိုင် လေ့လာကြည့်ခဲ့မိပါတယ်။

အင်္ဂလိပ်ကို ပထမဘာသာစကားအဖြစ် ရွေးချယ်ခြင်း
အင်္ဂလိပ်စာကို ပထမဘာသာစကားအဖြစ်ရွေးချယ်ပြီး၊ မိခင်ဘာသာစကားကို ဒုတိယဘာသာစကား အဖြစ် ရွေးချယ်တာဟာ  ကလေးအတွက် အလုပ်အကိုင်၊ ပညာရေးနဲ့ ဘ၀တိုးတက်ဖို့ အလားအလာ အများကြီးကောင်းတယ်ဆိုတာ ဆယ်စုနှစ် အတော်ကြာမှ မိဘတွေ တွေ့ရှိလက်ခံသွားပါတယ်။ ဒါကြောင့် နောက်နောင်မိဘတွေက သူတို့ကလေးတွေကို အင်္ဂလိပ်ကို ပထမ ဘာသာစကားထားပြီး၊ မိခင်ဘာသာစကားကို ဒုတိယထားသင်တဲ့ ကျောင်းတွေပဲ ပို့ကြပါတော့တယ်။
ဒါပေမဲ့ မန်ဒရင်း  (တရုတ်) ကို ဒုတိယဘာသာစကားအဖြစ် ထိထိရောက်ရောက် သင်ကြားဖို့ နှစ်တွေအများကြီး ယူခဲ့ရပါတယ်။ အကြောင်းကတော့ ကျနော်တို့မှာ ဘာသာစကားနှစ်ခုလုံး ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်တဲ့ ဆရာတွေ မရှိလို့ပါ။ ဆရာတွေက တရုတ်ကျောင်းဟောင်းတွေကလာတာဖြစ်လို့ ဘသာစကားတစ်ခုပဲ တတ်ပါတယ်။ သူတို့က အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ ကလေးတွေကို တရုတ်စကားတမျိုးထဲနဲ့ တိုက်ရိုက်သင်တော့ အခက်အခက်ဖြစ်ကုန်ပါတယ်။
အဲဒီဆရာတွေက အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ တရုတ်ကျောင်းသားတွေ ဘာကြောင့် မန်ဒရင်းကို ကျောင်းမှာ လွယ်လွယ်ကူကူ သင်မရသလဲ ဆိုတာ နားမလည်ကြဘူး။ ဆရာ သင်တဲ့ဟာကို ကျောင်းသားတွေက နားမလည်တော့ တရုတ်ဖြစ်ရက်နဲ့ မန်ဒရင်းကို မနှစ်သက်ကြတော့ဘူး။ ပေါင်းစပ်ရ ခက်တဲ့ ဘာသာစကားနှစ်ခု သင်ကြားရေးမှာ ဆရာကောင်း ရှားပါးခဲ့လို့ ဖြစ်ပါတယ်။

ဘာသာစကားနှစ်ခု ပတ်ဝန်းကျင် အားပေးမှု
စင်္ကာပူမှာ ကျောင်းသားတွေအတွက် ဘာသာစကားနှစ်ခုဖွံ့ဖြိုးစေမယ့် လူမှုပတ်ဝန်းကျင်ကောင်းရအောင် ဖန်တီးထားပါတယ်။ ကျနော်တို့မှာ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်ရော၊ မန်ဒရင်းစကားပြောတဲ့ ပတ်ဝန်းကျင်ရော နှစ်ခုစလုံး ရှိပါတယ်။
ဘာသာစကားတစ်ခုချင်းစီအတွက် ကျောင်းတွေ၊ ပြဋ္ဌာန်းစာအုပ်တွေ၊ သတင်းစာတွေ၊ တယ်လီဗေးရှင်းတွေ၊ ရုပ်ရှင်တွေ၊ စာကြည့်တိုက်တွေ၊ ဈေးဆိုင်တွေ၊ ပြောဆိုဆွေးနွေနိုင်တဲ့နေရာတဲ့ အများပြည်သူ့နေရာတွေ အများကြီး လုပ်ပေးထားပါတယ်။
အင်္ဂလိပ်လိုတစ်ခုထဲနဲ့ပဲ သင်ကြားတဲ့ အစိုးရကျောင်းတချို့မှာတော့ ကျောင်းသားအနည်းငယ်ပဲ ရှိပါတယ်။ အဲဒီ ကျောင်းသားတွေက ရုံးစာရေးတွေ၊ စတိုးဆိုင်လုပ်သားတွေ၊ ဆရာတွေ၊ ဆရာဝန်တွေနဲ့ ဗြိတိသျှအရာရှိတွေအောက် အမှုထမ်းသူတွေ ဖြစ်လာပါတယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စကား ပထမ၊ မန်ဒရင်းစကား ဒုတိယ ဆိုတဲ့ လူမှုပတ်ဝန်းကျင်မျိုး ဖြစ်အောင်ပဲ ကျနော်တို့ ကြိုးစားပါတယ်။

ဘာသာစကားနှစ်ခုပြော ဆရာတွေ အရေးကြီး
ဘာသာစကားနှစ်ခုပြောတဲ့ လူငယ်ဆရာတွေက ဘာသာစကားတစ်ခုထဲပြောတဲ့ မျိုးဆက်ဟောင်း ဆရာတွေနေရာမှာ အစားထိုး လာပါတယ်။ ဆရာတွေက မူလတန်း ပထမနှစ်နှစ်မှာပဲ ကျောင်းသားတွေကို မန်ဒရင်း နားထောင်စွမ်းရည်နဲ့ အပြောကို သင်ပေးပါတယ်။ နောက်မူလတန်းနှစ်တွေမှာ အရေးနဲ့ အဖတ် ဆက်သင်ပါတယ်။ မန်ဒရင်း အရုပ်စကားလုံးတွေကို အင်္ဂလိပ်လို ရှင်းပြပြီး သင်ကြားပါတယ်။
ဦးနှောက်နဲ့ အာရုံကြောသိပ္ပံပညာရှင်တွေ အတည်ပြုထားတာက ဘာသာစကားကို လူတစ်ယောက်ရဲ့ ငယ်စဉ်အချိန်တွေမှာပဲ အကောင်းဆုံး သင်ယူနိုင်တယ်လို့ ဆိုပါတယ်။ အိမ်မှာ၊ ကလေးထိန်းကျောင်းမှာ၊ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတို့မှာ သင်ယူထားမှသာ အကောင်းဆုံး ရနိုင်ပါတယ်။ အင်္ဂလိပ်စာဖြစ်ဖြစ် မန်ဒရင်းဖြစ်ဖြစ်၊ အသယ်ငယ်ရွယ်စဉ် နားတွေ လျှာတွေ ဦးနှောက်တွေ အလိုက်သင့်ရှိပြီး ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်မှာ သင်ယူထားဖို့ လိုအပ်ပါတယ်။

အိမ်ဘာသာစကား ရွေးချယ်မှု
မန်ဒရင်း စကားပြောတဲ့ မိဘတွေအနေနဲ့လည်း ကလေးတွေ အိမ်မှာ မန်ဒရင်း ကျွမ်းကျင်အောင် ဆက်ကူညီနိုင်ပါတယ်။ သူတို့ ကလေးတွေ ကျောင်းမှာ အင်္ဂလိပ်စာသင်ယူတာ အခက်အခဲတွေ့မှာကို စိုးရိမ်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စင်္ကာပူက ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အင်္ဂလိပ်စကားပြောတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာလို့ ဖြစ်ပါတယ်။
စင်္ကာပူမှာ ဘယ်ကျောင်းတက်တက် ကလေးတိုင်း အင်္ဂလိပ်စာ ရေလည်အောင် သင်ယူရမှာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားက ကျနော်တို့ လူ့အဖွ့အစည်းမှာ လွှမ်းမိုးထားတဲ့ ဘာသာစကား ဖြစ်ပါတယ်။ ကျောင်းတွေ၊ အလုပ်ခွင်တွေ၊ ဈေးဆိုင်တွေ၊ ရှောပင်းစင်တာတွေနဲ့ အများပြည်သူ့နေရာတွေမှာ အင်္ဂလိပ်စကားပဲ အဓိက ပြောကြပါတယ်။
အမေရိကမှာ မွေးဖွားတဲ့ တရုတ်ကျောင်းသားတွေကို လေ့လာမှုတစ်ခု ပညာရှင်တွေ လုပ်ကြည့်ကြတယ်။ အိမ်မှာ မိဘနဲ့ မန်ဒရင်းပြောတဲ့ တရုတ် ကျောင်းသားတွေက အမေရိကန် ကောလိပ်တွေ တက်နေလည်း မန်ဒရင်းကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ကြတယ်။ အပြန်အလှန်အားဖြင့် အိမ်မှာ မိဘနဲ့ အင်္ဂလိပ်လိုပဲ ပြောတဲ့ တရုတ်ကျောင်းသားတွေက အသက်ကြီးလေ တရုတ်စာ သင်ယူရမှာ အခက်အခဲရှိတာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မန်ဒရင်းစကားပြောတဲ့ မိဘတွေအနေနဲ့ အိမ်မှာ ကလေးတွေ အင်္ဂလိပ်စာတတ်အောင် ကူညီပေးနိုင်ပါတယ်။ အင်္ဂလိပ် သဒ္ဒါနဲ့ အသံထွက် အမှားတွေတော့ ဖြစ်ကောင်းဖြစ်နေမယ်။ အကောင်းဆုံး ဖြစ်မှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေ သူငယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းမှာ  ပြီးသွားရင် အင်္ဂလိပ် ကောင်းသွားလိမ့်မယ်။
ကျနော်တို့ဆီက မူလတန်းကျောင်းတွေမှာ သင်ရိုးအချိန်ရဲ့ ၇၅ ရာခိုင်နှုန်းကို အင်္ဂလိပ်လို သင်ပြီး၊ ၂၅ ရာခိုင်နှုန်းကို တရုတ်လိုပဲ သင်ပါတယ်။ အလယ်တန်းကျောင်းတွေမှာတော့ သင်ရိုးရဲ့ ၈၅ ရာခိုင်နှုန်းကို အင်္ဂလိပ်လို သင်ပြီး၊ ၁၅ ရာခိုင်နှုန်းကို တရုတ်လို သင်ပါတယ်။ အဆင့်မြင့်ပညာဖြစ်တဲ့ စင်္ကာပူ ပိုလီနည်းပညာကျောင်းနဲ့ တက္ကသိုလ်တွေမှာတော့ ကြားခံဘာသာစကား အင်္ဂလိပ် တစ်ခုထဲနဲ့ပဲ သင်ကြားပါတယ်။
အချို့ စင်္ကာပူကျောင်းသားတွေ တရုတ်တို့ ထိုင်ဝမ်တို့က တက္ကသိုလ်တွေ သွားတက်တာတောင်၊ ပြန်လာရင် အင်္ဂလိပ်စကားက လျော့သွားတယ်မရှိဘဲ ကျွမ်းကျွမ်းကျင်ကျင် ပြန်သုံးနိုင်ကြပါတယ်။
ဒီတော့ မိဘတွေအနေနဲ့ သူတို့ကလေးတွေ ငယ်ရွယ်စဉ်မှာ ဘယ်ဘာသာစကားကို ပထမစကားအဖြစ် ကျွမ်းကျင်စေမလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ ဘ၀အခွင့်အလမ်း အများကြီး တိုးချဲ့လို့ရမယ့် ဘာသာစကားကို ကလေးတွေ စွမ်းနိုင်စေဖို့ လိုပါတယ်။ စင်္ကာပူရဲ့ ရုံးဘာသာစကားနဲ့ စီးပွားရေးဘာသာစကားက အင်္ဂလိပ် ဖြစ်တာမို့၊ ကလေးတွေ အင်္ဂလိပ်စကားတတ်ဖို့ အဓိက လိုအပ်ပါတယ်။ အင်္ဂလိပ်စကားက တကမ္ဘာလုံးရှိ နိုင်ငံတိုင်းရဲ့ ဒုတိယဘာသာသာစကားလည်း ဖြစ်တာကြာင့် ကျွမ်းကျင်ပိုင်နိုင်နေရပါမယ်။
ကျနော့်ကလေး သုံးယောက်ကို ငယ်စဉ်က တရုတ်ကျောင်းကို ပို့ခဲ့ပေမဲ့ သူတို့ရဲ့ အိမ်သုံးစကားက အင်္ဂလိပ်ပါ။ အဆင့်မြင့် ပညာကို သူတို့ အင်္ဂလိပ်လို လေ့လာခဲ့ပြီး၊ အလုပ်လုပ်တော့လည်း အင်္ဂလိပ်လိုပဲ သုံးပါတယ်။ မန်ဒရင်းက သူတို့ရဲ့ ဒုတိယ ဘာသာစကား ဖြစ်ပါတယ်။ အခြားကလေးတွေလည်း ဒီလိုအတွေ့အကြုံတွေမျိုးတွေပါပဲ။ တရုတ်မီဒီယာမှာ  အလုပ်လုပ်မယ့် သူတွေလောက်ပဲ မန်ဒရင်းစကား ကောင်းနေဖို့ လိုပါတယ်။

အကျွမ်းကျင်ဆုံး ဘာသာစကား တစ်ခုထဲရှိ
ဘာသာစကားလေ့လာသူ မည်သူမဆို အကျွမ်းကျင်ဆုံး ဘာသာစကား တစ်ခုပဲရှိပါတယ်။ လူတစ်ယောက်ဟာ ဘာသာစကား အမြောက်အမြား ပြောဆိုနိုင်တဲ့ အထုံပါရမီ ဘယ်လောက်ပဲရှိပါစေ၊ သူ့အကျွမ်းကျင်ဆုံး ဘာသာစကားက တစ်ခုပဲ ရှိနိုင်ပါတယ်။ ဒုတိယဘာသာစကားက ပထမ ဘာသာစကားကို ဘယ်လိုမှ မမှီနိုင်ပါဘူး။
တရုတ်ပြည်မှ တရုတ်နဲ့ အင်္ဂလိပ် ကျွမ်းကျင်တဲ့ စကားပြန်တွေဟာ တရုတ်စကားကနေ အင်္ဂလိပ်ကို ဘာသာပြန်တာထက်၊ အင်္ဂလိပ်ကနေ သူတို့ မိခင်ဘာသာစကား တရုတ်လို ပြန်တာက ပိုကောင်းကြပါတယ်။ အဲဒီလိုပဲ အင်္ဂလိပ်စကားပြော တိုင်းပြည်တွေမှာ နေထိုင်တဲ့ တရုတ်နဲ့ အင်္ဂလိပ် နှစ်ဘာသာတတ်သူတွေဟာ တရုတ်ကနေ အင်္ဂလိပ်လိုပြန်တာ ပိုမြန်ဆန် သွက်လက်ပါတယ်။
ဒီတော့ ကျနော်တို့ စင်္ကာပူနိုင်ငံသား လူငယ်အားလုံးအဖို့ အကျွမ်းကျင်ဆုံး ပထမဘာသာစကားက အင်္ဂလိပ် ဖြစ်နေသင့်ပါတယ်။ ကမ္ဘာ့အသိပညာရတနာသိုက်ကြီးကို ရှာဖွေစုတ်ယူဖို့ အကောင်းဆုံး ကြားခံဘာသာစကားကလည်း အင်္ဂလိပ်ပဲ ဖြစ်ပါတယ်။ နောက် စင်္ကာပူ တရုတ် တစ်ယောက်အဖို့ အင်္ဂလိပ်ဘာသာစကားတင်မက၊ မန်ဒရင်းကို ဒုတိယဘာသာစကားအနေနဲ့ပါ ပြောဆိုနိုင်ရင် အလုပ်အကိုင် အခွင့်အလမ်းကောင်းရမှာ ဖြစ်ပါတယ်။
ရည်ညွန်း။ New Nations in language transition by Lee Kuan Yew
ဝင့်ထန်း

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"