Saturday, June 9, 2012

အိမ်ကျောင်းနှင့် အစိုးရကျောင်း




မကြာသေးမီက AdCouncil ဆိုတဲ့ သုတေသနပြုချက်တစ်ခုမှာ အမေရိကန်နိုင်ငံရဲ့ အထက်တန်းပညာရေးမှာ နေ့စဉ် ကျား-မ ပေါင်း ၁၂ဝဝ လောက် ပညာရေးကို စွန့်ခွာသွားနေကြတယ်ဆိုတဲ့ သတင်းတစ်ခု ဖတ်လိုက်ရတယ်။ ကြောက်စရာလန့်စရာ သတင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီလို ပညာတစ်ပိုင်းတစ်စနဲ့ ထွက်ကုန် ကြရတဲ့ အကြောင်းပြချက်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ထွက်ကုန်ကြတာများတယ်။ နောက်ဆက်တွဲ ဆင်ခြင်ကြည့်ရင် နေ့စဉ် လူငယ်ပေါင်း ၁၂ဝဝ ဟာ လူ့ဘောင်အဖွဲ့ရဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေတယ်လို့လည်း ဆိုနိုင်တယ်။
၂ဝဝ၆ ခုနှစ်တုန်းကလည်း ဘေဂိတ်စ် နဲ့ သူ့ဇနီး မလင်ဒါ ဂိတ်စ်တို့ ထူထောင်ထားတဲ့ ဖောင်‌ဒေးရှင်းကနေ အစိုးရကျောင်းထွက် ကျောင်းသား သုံးပုံတစ်ပုံလောက်ဟာ ဘွဲ့ရတဲ့အထိ ကျောင်းဆက်မတက်နိုင်ခဲ့ကြဘူးလို့ ဆိုခဲ့တယ်။ များသောအားဖြင့် ၂ နှစ်လောက်အထိပဲ ဆက်တက်နိုင်ခဲ့ကြတယ်။ ကျောင်းထွက်ကုန်ကြတဲ့ ထက်ဝက်လောက်ကလည်း လူမည်းတွေ၊ စပိန်စကားပြော လက်တင်အမေရိကနိုင်ငံသားတွေနဲ့ အမေရိကန် နိုင်ငံသားတွေတောင် ပါတယ်လို့ဆိုတယ်။
ကျောင်းသားအများစုဟာ ကျောင်းထွက်ရတဲ့အကြောင်း အမျိုးမျိုးပြကြတယ်။ ၃၂ ရာခိုင်နှုန်းလောက်က အလုပ်ထွက်လုပ်ချင်လို့နဲ့ ပိုက်ဆံရှာချင်လို့ဆိုတဲ့ အကြောင်းပြချက်မျိုးတွေ ပေးကြတယ်။ ၂၆ ရာခိုင်နှုန်း ကတော့ အိမ်ထောင်သည်ဘဝရောက်ကုန်ကြလို့၊ ၂၂ ရာခိုင်နှုန်းက မိသားစုတွေကို တစ်လှည့် ပြန်ကြည့်ရဦးမှာ ကြောင့်ဆိုတဲ့ အကြောင်း အမျိုးမျိုးတွေ ပြခဲ့ကြတယ်။
အမေရိကန်မှာ အစိုးရကျောင်းစနစ်ကို ကျဆုံးနေပြီလို့လည်း ဝေဖန်သုံးသပ်နေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ အိမ်တွင်းမှာ ပညာရှာနိုင်တဲ့ အခွင့်အလမ်းတွေများလာသလို အိမ်ကနေပဲ အွန်လိုင်းပညာရေးနဲ့ ပညာ ဆက်သင်နေကြတာ ၇၉ ရာခိုင်နှုန်းလောက် ရှိလာတယ်။ ဒီအထဲမှာ သင်္ချာနဲ့ ဘာသာစကားကို အိမ်မှာပဲ သင်ကြားနေသူတွေက ၇၃ ရာခိုင်နှုန်းလောက် ရှိလာတယ်။ စာမေးပွဲစစ်ဆေးမှုတွေမှာလည်း အိမ်တွင်းလေ့လာ မှုကနေ ဖြေဆိုနေသူပေါင်း ၇၇ ရာခိုင်နှုန်းလောက် ဖြစ်လာတယ်။
အိမ်တွင်းဖြေဆိုသူ ၁၆ဝဝဝ ကို လေ့လာကြည့်ရာမှာ ၅၄ ဒသမ ၇ ရာခိုင်နှုန်းဟာ ကျောင်းတက်ဖြေသူတွေထက် အမှတ်ပိုကောင်း နေတယ်ဆိုတဲ့ ရလဒ်ကို သွားတွေ့ရတယ်။ လက်ရှိ ကျောင်းတက်နေသူတွေရဲ့ ထက်ဝက်နှုန်းလောက်ဟာ စွမ်းဆောင်ချက် ပိုကောင်းတာကို အိမ်တွင်းကနေ လေ့လာဖြေဆိုနေသူတွေက သက်သေပြနိုင်ခဲ့တယ်။
ဒီနှုန်းတွေကို လေ့လာကြည့်ရတာ အစိုးရကျောင်းတွေရဲ့ ကဏ္ဍဟာမှေးမှိန်လာနေပြီဆိုတာ ထင်ရှားလာတယ်။ အကြောင်းကို ပြန်ရှာကြည့်တော့ ကျောင်းဆိုတာ အထင်ကြီးလေးစားနိုင်လောက်တဲ့ စွမ်းဆောင်နိုင်ရည်တွေ နည်းပါးလာတာ၊ ငွေကြေးဆိုင်ရာ ပြဿနာ၊ ဆရာတွေ အရည်အချင်းမဲ့လာတာတွေကို သွားတွေ့ရ့တယ်။ နောက်တစ်ချက်က ကျောင်းဝင်ခွင့်ဆိုတဲ့ ကန့်သတ်ချက်တွေ၊ ကိုယ်ကျင့်တရားစံတွေ၊ လူတန်းစားတစ်ရပ် မွေးမြူထူထောင်နေကြတာတွေကို ဆန့်ကျင်လာတဲ့ သဘောလို့လည်း ယူဆနိုင်တယ်။ အစိုးရက အခွန် ဘဏ္ဍာ ငွေတွေထဲကနေ ပညာရေးအတွက် အထောက်အပံ့ ပြုနေရပါတယ်ဆိုတဲ့ အသံကောင်းဟစ်နေမှုတွေကိုပါ ဆန့်ကျင်လာတဲ့ သဘောလို့ ယူဆနိုင်ပါတယ်။
အစိုးရပညာရေးဆိုတာကို ဖိအားတွေနဲ့ စောင့်ကြည့်ခြင်း၊ သံဆူးကြိုးတွေနဲ့ ကာရံထားတဲ့ အတွင်းစည်းထဲက သင်ကြားခြင်း၊ ရဲအစောင့်အရှောက်တွေကြားမှ ပညာသင်ကြားရခြင်းလို့လည်း အနက်အဓိပ္ပာယ်တွေ ဖွင့်ဆိုလာကြတယ်။
အိမ်တွင်းပညာရေးအစီအစဉ်တွေဟာ နှစ်စဉ်တိုးတက်လာပါတယ်။ အမေရိကန်တွေက SAT စာမေးပွဲနဲ့ ပိုင်းဖြတ်တာကြောင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းတွင်း ကျောင်းပြင်ပညာရေးဟာ လွန်ဆွဲလာပါတယ်။ ကျောင်းတက်ပြီးမှ SAT အောင်ရမယ်ဆိုတဲ့ အယူအဆတွေကို သူတို့တိုက်ဖျက်လာကြပြီလို့လည်း ဆိုနိုင်တယ်။
ယခင် ကျောင်းတက်မှ၊ ကျောင်းက အသိအမှတ်ပြုမှဆိုတဲ့ သဘောတရားတွေအစား ဘယ် မှာသင်သင်၊ ဘယ်မှာပညာရှာရှာ သတ်မှတ်ထားတဲ့ `စံ´ စာမေးပွဲကို ဖြေဆိုနိုင်ဖို့သာ အဓိကဆိုတဲ့ ဖြေလျှော့မှု တွေကြောင့်လည်း အိမ်တွင်းပညာရေးဟာ ပိုပြီးခေတ်စားလာရတယ်။ တစ်နည်းပြောရရင် ကျောင်းဆိုတာကို လာတက်မှ ပညာရတာမဟုတ်ဘူးဆိုတဲ့ အသိတရားက ပညာခေတ်တစ်ခေတ်ကို ဦးဆောင်လာခြင်း လို့လည်းဆိုနိုင်တယ်။
အိမ်ကျောင်းတွေဟာ မကြာမီ အစိုးရကျောင်းတွေကို အနိုင်ယူပြီး လွှမ်းမိုးတော့မယ်လို့ ယူဆသူတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ ပညာသင်စရိတ်ဆိုတဲ့ပြဿနာဟာ အနာဂတ်မှာ လူတိုင်းရင်မဆိုင်ချင်တဲ့၊ ရင်မဆိုင်ရတဲ့ လူတိုင်းအတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။
အမေရိကန်မှာ ကျောင်းသား တစ်ယောက်အတွက် အနည်းဆုံးစရိတ်ဆိုတာတောင် ကျောင်းဝင်ခွင့် မှတ်ပုံတင်ကြေး ၇၅ ‌ဒေါ်လာ၊ အထွေထွေ ရံပုံငွေ ၂၅ ‌ဒေါ်လာတွေထည့်ပေါင်းရင် တစ်နှစ်ကို ‌ဒေါ်လာ ၅ဝဝ ကနေ ‌ဒေါ်လာ ၇၅ဝ လောက် အထိ ပေးနေကြရတာကို သိပ်ပြီးသဘောမကျသူတွေ ရှိလာပါတယ်။
မကြာမီ အားလုံးအတွက် အသင့်လျော်ဆုံး ပညာရေးစနစ်၊ ပုံစံ၊ စာမေးပွဲစံတွေ ပြဋ္ဌာန်းကျင့်သုံးလာစရာရှိပါတယ်။ မည်သို့ဆိုစေ ပညာရေးဆိုတာ လေးဘက်နံရံကြားက ဖောက်ထွက်ပြီး အိမ်ထဲကိုပြန်ရောက်သွားတာကိုတော့ အဖြေရှာရပါလိမ့်မယ်။
(တင်ညွန့်)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"