၁၉၄၅ ခုနှစ် နွေရာသီမှာ ဒုတိယကမ္ဘာစစ် ပြီးခါနီးလာတာကြောင့် ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ ဂျပန်ကိုလိုနီတွေလည်း ပြိုလဲစ ပြုလာပါတယ်။ ဩဂုတ်လ ၁၅ ရက် ဂျပန်တွေ ချွင်းချက်မရှိလက်နက်ချပြီးလို့ တစ်လအကြာမှာ၊ ကိုရီးယားကို ဩဇာလွှမ်းဖို့ ၃၈ မျဉ်းပြိုင်ကနေ နှစ်ပိုင်း ခွဲလိုက်ကြပါတယ်။ တောင်ဘက်ကို အမေရိကန်ပြည်ထောင်စုက အုပ်ချုပ်ပြီး၊ မြောက်ဘက်ကို ဆိုဗီယက်က အုပ်ချုပ်ပါတယ်။
စစ်အေးခေတ် ငြိမ်းချမ်းရေးသဘောတူညီချက်က မခိုင်မြဲတာကြောင့်မို့၊ ၁၉၉၅၀ ဇွန်လမှာ မြောက်ကိုရီးယားစစ်တပ်က တောင်ဘက်ကို ၀င်ရောက် ကျူးကျော်ပါတယ်။ စစ်ပွဲအစပိုင်းမှာတော့ ကျူးကျော်ထိုးဖောက်မှုတွေ အတော်များများလုပ်နိုင်ပြီး ဆိုးလ်မြို့တော်ကိုတောင် သိမ်းပိုက်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ သိပ်ကြာကြာ မသိမ်းပိုက်နိုင်ဘဲ မြောက်ကိုရီးယားတပ်တွေ တောင်ဘက်ကနေ အကုန်လုံး ပြန်ဆုတ်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ ၀ှမ်ပြုံးဝမ် (Hwang Pyong Won) တို့ ညီအစ်ကိုလည်း ကွဲသွားပါတယ်။ တောင်ကိုရီးယား စစ်တပ်က ဒဏ်ရာရ စစ်သားတွေ ကုသပေးတဲ့ သူ့အစ်ကို ဆရာဝန်ကို မြောက်ကိုရီးယား စစ်တပ်က ဆုတ်ခွာတဲ့အခါ အတင်းဆွဲခေါ်သွားပါတယ်။ ၀ှမ်ပြုံးဝမ် ကတော့ သူ့အစ်ကိုလို မြောက်ဘက်ကို ခေါ်သွားတာ မခံရအောင် ပုန်းရှောင်နိုင်ခဲ့ပါတယ်။ ၀ှမ်က ဆေးဝါးစပ်တဲ့ အလုပ်နဲ့ တောင်ကိုရီးယားမှာ ဆက်ပြီး အသက်မွေးပါတယ်။
၁၉၅၀ မှာ ကွဲသွားတဲ့ သူတို့ညီအစ်ကိုဟာ ၂၀၀၀ ခုနှစ်မှာ နှစ်ငါးဆယ်အတွင်း ပထမဆုံးအကြိမ် ဆိုးလ်မြို့မှာ ပြန်ဆုံကြပါတယ်။ နှစ်ဖက် အစိုးရ သဘောတူပြီး အကန့်အသတ်အားဖြင့်လုပ်တဲ့ မိသားစု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်နဲ့ ပြန်ဆုံတွေ့ခွင့် ရတာပါ။
ဝှမ် ရဲ့ အစ်ကို ဒေါက်တာက ကွန်မြူနစ်အစိုးရလက်အောက်မှာ အလုပ်ကောင်းရပြီး၊ လေတပ်မှာ အမှုထမ်းရပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားမှာ ရတဲ့ အလုပ်ကောင်းဆိုတာ ကိုယ်ပိုင်ခံစားခွင့်တွေ သိပ်မရှိပါဘူး။ ညီအစ်ကိုနှစ်ယောက် ပြန်ဆုံတဲ့အခါ ၀ှမ်ပြုံးဝမ်က ၃၈ မျဉ်းပြိုင်ရဲ့ မြောက်ဘက်က ဘ၀အခြေအနေတွေကို မေးကြည့်ပါတယ်။ သူ့မှာ ကားရှိပေမဲ့၊ သူ့အစ်ကိုမှာ ကားမရှိဘူး။ တယ်လီဖုန်းရှိလားလို့ သူ့အစ်ကိုကို မေးတော့ နိုး လို့ ဖြေပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ငါ့သမီးဆီမှာတော့ ဖုန်းရှိတယ်၊ ဒါပေမဲ့ သူ့ ကုဒ်နံပါတ်ကို ငါတောင် မသိရဘူး” လို့ သူ့ အစ်ကိုက ပြောပါတယ်။
မိသားစု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်နဲ့ ခဏလာတဲ့ မြောက်ဘက် လူတွေက ငွေကိုပဲ အဓိက တောင်းတတ်လို့၊ ၀ှမ်ပြုံးဝမ် ကလည်း သူ့အစ်ကိုကို ငွေအတော်များများ ထည့်ပေးဖို့ လုပ်ပါတယ်။ ဒါပေမဲ သူ့အစ်ကိုက “ငါက ၀န်ထမ်း၊ မင်း ပေးတဲ့ ငွေတွေနဲ့ ပြန်သွားရင် အစိုးရက အဲဒီငွေ သူတို့ ပေးလို့ ပြောလိမ့်မယ်၊ အဲတော့ မင်းပဲ ပြန်ယူထားပါကွာ”
ဝှမ်က သူ့အစ်ကို အင်္ကျီရဲ့ နွမ်းဖတ်နေတာကို သတိထားမိတယ်။ “အစ်ကို အင်္ကျီ ချွတ်ထားခဲ့၊ ဟောဒီ အသစ်ကို ၀တ်သွား” လို့ ပြောတော့၊ သူ့အစ်ကိုက “ငါ အသစ် ၀တ်သွားလို့ မဖြစ်ဘူး၊ အခု ၀တ်လာတဲ့ ကုတ်အင်္ကျီက ဒီကိုလာဖို့ အစိုးရဆီက ငှားလာတာ၊ ပြန်ပေးရမှာ” လို့ ပြောပါတယ်။
သူ့အစ်ကိုက သူစကားပြောတာကို တစ်စုံတစ်ယောက် ခိုးနားထောင်နေသလိုမျိုး အမြဲ စိုးရိမ်ကြောင့်ကြနေတယ်လို့ ၀ှမ်က ပြောတယ်။ သူ ထင်ထားတာထက်လည်း ပိုဆင်းရဲတယ်။ ဒါပေမဲ့ သူ့အစ်ကိုက မြောက်ကိုရီးယားမှာ သူ ကောင်းကောင်း နေရပါတယ်လို့ ပြောတယ်။ ၀ှမ် အမြင်မှာတော့ သူ့အစ်ကို ကြည့်ရတာ ထွန်ခြစ်ထက်တောင် ပို ပိန်လှီသလားလို့။
၃၈ မျဉ်းပြိုင်မှ အမှောင်နဲ့ အလင်း
ဒီနေ့ တောင်ကိုရီးယားက လူတွေရဲ့ လူနေမှုအဆင့်အတန်းက ပေါ်တူဂီနဲ့ စပိန်တို့က လူတွေရဲ့ လူနေမှုအဆင့်အတန်းနဲ့ အတူတူ ပါပဲ။ ကိုရီးယား ဒီမိုကရက်တီသမ္မတနိုင်ငံ (DPRK) လို့ ခေါ်တဲ့ ကွန်မြူနစ် မြောက်ကိုရီးယားရဲ့ လူနေမှုအဆင့်အတန်းကတော့ ဆဘ်ဆာဟာရ အာဖရိက က လူတွေရဲ့ လူနေမှုအဆင့်အတန်းနဲ့ အတူတူပါပဲ။ တောင်ကိုရီးယား လူနေမှုအဆင့်အတန်းရဲ့ ဆယ်ပုံတစ်ပုံတောင် မြောက်မှာ မရှိ ဖြစ်နေတယ်။ ကျန်းမာရေးအခြေအနေက ပိုဆိုးသေးတယ်။ မြောက်ကိုရီးယားတွေရဲ့ ပျမ်းမျှအသက်ဟာ သူတို့နဲ့ သားချင်းတော်တဲ့ တောင်ကိုရီးယား တွေထက် ၁၀ နှစ် ပိုတိုကြတယ်။
ကိုရီးယားနှစ်နိုင်ငံရဲ့ ကွာခြားမှုကို ဆဲ့တလိုက်ဂြိုဟ်တုကနေ မကြာခင်က ရိုက်ထားတဲ့ ပုံနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ မြောက်ကိုရီးယားဘက်မှာတော့ လျှပ်စစ်မီးက လုံးလုံး မည်းမှောင်နေပြီး၊ တောင်ကိုရီးယားဘက်မှာတော့ အလင်းရောင်တွေက ထိန်ထိန်ညီးနေပါတယ်။
ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ရှိမှုနဲ့ မရှိမှု
တကယ်တော့ တောင်နဲ့ မြောက်ဟာ ဟိုရှေးခေတ်တွေမှာ ထူးထူးခြားခြား ကွာခြားမှု မရှိပါဘူး။ ဒုတိယကမ္ဘာစစ် ပြီးချိန်အထိတောင် ကွာခြားမှု မရှိပါဘူး။ ဒါပေမဲ့ ၁၉၅၄ စစ်ကြီးအပြီးမှာတော့ တောင်နဲ့ မြောက် ကျင့်သုံးတဲ့ အစိုးရတွေရဲ့ ပုံစံမှာ ကွာခြားမှုတွေ ရှိပါတယ်။ အဲဒီအစိုးရတွေရဲ့ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေမှာ သိသိသာသာ ကွာခြားမှု ရှိပါတယ်။
တောင်ကိုရီးယားရဲ့ အစောပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေကို ဦးဆောင်ပုံဖော်တဲ့သူက ဟားဗတ်နဲ့ ပရင်စတန် တက္ကသိုလ်တွေကနေ ပြန်လာတဲ့ ပညာတတ် ဆင်မန်ရီး (Syngman Rhee) ဖြစ်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှု ရထားသလို ကွန်မြူနစ်ဝါဒဆန့်ကျင်သူလည်း ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ တောင်ကိုရီးယား သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပါတယ်။
ဒါပေမဲ့ မြောက်ဘက်ရဲ့ ကျူးကျော်မှုခံရပြီး ကိုရီးယားစစ်ပွဲဖြစ်လာတဲ့အခါမှာတော့ တောင်ကိုရီးယားမှာ ဒီမိုကရေစီ မရှိတော့ပါဘူး။ ဆင်မန်ရီး ရော၊ သူ့နဲ့အပြိုင် နာမည်ကြီးလာပြီး သူ့နေရာဆက်ခံတဲ့ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး တို့နှစ်ဦးစလုံးက သူတို့နေရာတွေ မြဲဖို့အတွက် အာဏာရှင်တွေ ကိုယ်စီ ဖြစ်လာခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီ ခေါင်းဆောင်နှစ်ဦးစလုံးက တောင်ကိုရီးယားကို ဈေးကွက်တံခါးဖွင့် အုပ်ချုပ်ကြတယ်။ ဈေးကွက်စီးပွားရေး အသက် ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (private property) ကို အသိအမှတ်ပြုခဲ့တယ်။ ကွန်မြူနစ်အစိုးရတွေ ဖြိုခွင်းလေ့ရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အထိုက်အလျောက် ခွင့်ပြုပေးခဲ့တယ်။ စီးပွားရေးအလျင်အမြန်တိုးတက်အောင် စီမံနိုင်တဲ့ ပတ်ချုံဟီး အစိုးရက ၁၉၆၁ ခုနှစ်မှာ လုပ်ငန်းငယ်တွေ အောင်မြင်ဖို့ ငွေကြေးချေးငှားမှုတွေ၊ ထောက်ပံ့မှုတွေ (subsidies) စလုပ်ပေးခဲ့တယ်။
၃၈ မျဉ်းပြိုင်ရဲ့ တစ်ဖက် မြောက်ကိုရီးယား ဖြတ်သန်းပုံက တစ်မျိုးပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဆန့်ကျင်ရေး ကွန်မြူနစ် ပြောက်ကျားခေါင်းဆောင် ကင်အီလ်ဆွန်းက ၁၉၄၇ ခုနှစ်မှာ ဆိုဗီယက်ရဲ့ အကူအညီအနဲ့ အာဏာရှင် ဖြစ်လာပါတယ်။ ဂျူချေ လို့ခေါ်တဲ့ တင်းကျပ်တဲ့ စီမံကိန်းစီးပွားရေးစနစ်ကို ကျင့်သုံးတယ်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို တရားမ၀င်ကြေငြာပြီး၊ ဈေးကွက်စနစ် အားလုံး ပိတ်ပင်တယ်။ လူထုရဲ့ နေ့စဉ်လူမှုဘ၀တွေကိုပါ ထိန်းချုပ်လာတာကြောင့် နေရာတိုင်းမှာ လွတ်လပ်မှု ဆုံးရှုံးခဲ့ပါတယ်။ ကီအီလ်ဆွန်းနဲ့ သူ့အာဏာရ အသိုင်းအ၀ိုင်းလောက်ပဲ စည်းစိမ်ခံနိုင်ကြပါတယ်။
ဒီနေ့ အခြေအနေမှာတော့ တောင်နဲ့ မြောက်ရဲ့ စီးပွားရေးကွာဟာချက်ဟာ မိုးနဲ့ မြေလို ဖြစ်နေတာ အားလုံးမြင်တွေ့နေရပါတယ်။ ကင်အီလ်ဆွန်းရဲ့ ဂျူချေ အမိန့်ပေး စီးပွားရေးစနစ်က မြောက်ကိုရီးယားလူထုကို ကပ်ငရဲဆိုးဆီ ပို့ပေးခဲ့တယ်။ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတယ်။ စက်မှုထုတ်ကုန်တွေက အချည်းအနှီးဖြစ်နေသလို၊ စိုက်ပျိုးရေးထုတ်ကုန်ကလည်း မအောင်မမြင် ဖြစ်နေတယ်။
ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ချို့တဲ့မှုကြောင့် ရင်းနှီးမြှုပ်နှံမယ့်သူလည်း မရှိ၊ ထုတ်ကုန်စွမ်းအားလည်း ထိန်းမထားနိုင် ဖြစ်ရတယ်။ ဖိနှိပ်တဲ့ အစိုးရလက်အောက်မှာ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာလုပ်ငန်းသစ်တွေ ပေါ်ထွက်မလာဘူး။
ဒါပေမဲ့ ကီအီလ်ဆွန်း၊ သူ့သား ကီဂျုံအီလ်နဲ့ အပေါင်းအပါ ခရိုနီတွေက သူတို့စနစ်ကို ပြုပြင်ပြောင်းလဲလိုစိတ် လုံးဝမရှိခဲ့ဘူး။ စီးပွားရေးနဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတွေ ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ဈေးကွက်တွေနဲ့ စာချုပ်စာတမ်းနဲ့ လုပ်ကိုင်မှုတွေကို လုံးဝ မိတ်ဆက်မပေးခဲ့ဘူး။ အကျိုးဆက်အဖြစ် မြောက်ကိုရီးယား ဟာ သားစဉ်မြေးဆက် ဆဘ်ဟာရ အာဖရိကလို စီးပွားရေး နောက်ကောက်ကျနေပါတယ်။
အင်စတီကျူးရှင်းမှာသာ အဖြေရှိ
တောင်ဘက်ရဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေကတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံတွေနဲ့ ကုန်သွယ်ရေးတွေကို အမြဲ အားပေးတယ်။ တောင်ကိုရီးယားနိုင်ငံရေးသမားတွေက ပညာရေးမှာ ရင်းနှီးမြှုပ်နှံကြတယ်။ စာတတ်မြောက်မှုနှုန်း နိုင်ငံတကာ အဆင့်ထိ မြင့်မားလာပြီး၊ ကျောင်းတွေက ကမ္ဘာ့အဆင့် ရှိလာပါတယ်။
ပညာတတ်လူထုရဲ့ ဉာဏအားကြောင့် ကုမ္ပဏီတွေက နိုင်ငံတကာမှာ ယှဉ်ပြိုင်လာနိုင်ပါတယ်။ နောက် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ ပို့ကုန်နဲ့ နည်းပညာလွှဲပြောင်းမှု ပေါ်လစီတွေကို အကျိုးရှိရှိ အသုံးချပြီး ကော်ပိုရေးရှင်းကြီးတွေ ဖြစ်လာပါတယ်။ နောက်ဆုံး တောင်ကိုရီးယားဟာ ကမ္ဘာမှာ အလျင်အမြန်တိုးတက်လာတဲ့ အရှေ့အာရှ ပဉ္စလက် နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာပါတယ်။
တောင်ကိုရီးယားက စီးပွားရေး ထိတ်ထိတ်ကြဲ အောင်မြင်ရုံမက၊ သူ့ယဉ်ကျေးမှုကို အနုပညာကတဆင့် ကမ္ဘာ့ကို တင်ပို့နေချိန်မှာ၊ မြောက်ကိုရီးယားက သန်းပေါင်းများစွာကတော့ အငတ်ဘေး ဆိုက်နေပါတယ်။ တကယ်တော့ ဒီနှစ်နိုင်ငံဟာ ယဉ်ကျေးမှုအရရော၊ ပထ၀ီ အနေအထားအရပါ ဘာမှ ကွာခြားမှု မရှိပါဘူး။ နိုင်ငံတွေ ဆင်းရဲတာ ချမ်းသာတာဟာ ယဉ်ကျေးမှုတွေ၊ ပထ၀ီတွေနဲ့ သိပ်မဆိုင်တာကို ၃၈ မျဉ်းပြိုင်ရဲ့ ရာစုနှစ်ဝက်ကျော် ဇာတ်လမ်းက ဖော်ပြနေပါတယ်။
ကိုရီးယားနှစ်နိုင်ငံမှာ အဓိက ကွာခြားသွားတာက နိုင်ငံရေး စီးပွားရေးကို ပုံဖော်တည်ဆောက်တဲ့ သူတို့ရဲ့ အင်စတီကျူးပုံစံတွေ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ နိုင်ငံတွေ ဆင်းရဲတာ ချမ်းသာတာဟာ ကျင့်သုံးနေတဲ့ အင်စတီကျူးရှင်းတွေမှာ အဖြေရှိနေပါတယ်။ ဆက်ပြီး နိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှု၊ ချမ်းသာကြွယ်ဝမှုနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ပြဿနာတွေကို တင်ပြပါဦးမယ်။
(၀င့်ထန်း)
0 comments:
Post a Comment