နွယ်နွယ်ခိုင်သို့လွမ်းခွင့်
လွမ်းရတယ်ကောခိုင်....။
သံယောဇဉ်နွယ်အမျှင်တွေနဲ့တွယ်ငင်ရစ်နှောင်..အလွမ်းထောင်ကထောင်မင်းသားကြီး
ကိုပါ။
မမေ့တဲ့သူလွမ်းကြေးမဟုတ်လားခိုင်....။အချိန်ကကုစားတယ်ဆိုတာ ကိုယ့်အဘိဓါန်မှာမှမရှိခဲ့ပဲလေ။
ခိုင်.......။
ရင်ထဲကခိုင်
အသဲထဲကခိုင်.....။
လွဲခဲ့ရတဲ့ခိုင်.......။
မှတ်မိသေးတယ်ခိုင်.....။ကံကြမ္မာမပေးလို့ ဝေးကြရင် အဆွေးသမားကြီး လုပ်နေမှာလားဆိုတဲ့ခိုင်ရဲ့
စကား။အဲဒီတုန်းက မဆိုင်းမတွ ခေါင်းငြိမ့်ပြခဲ့ဘူးတယ်လေ။အမှန်ပါပဲခိုင်။
၁၃ နှစ်တာဒီခရီးမှာ ဘယ်လိုနည်းနဲ့မေ့မရခဲ့ပါဘူးခိုင်။ ယခုတိုင်အောင်..အချိန်တိုင်းမလွမ်းဖြစ်ပေမဲ့
နေ့တိုင်းတော့လွမ်းဖြစ်နေတယ်ခိုင်...။
"နွယ်နွယ်ခိုင်''တဲ့။
သမားရိုးကျနာမည်တစ်ခုပါ။ဒါပေမဲ့ကွယ် ခိုင်ချည်ခဲ့တဲ့သံယောဇဉ်တွေက ရုန်းထွက်မရတဲ့
နွယ်တွေပါဘဲ။
သူတကာတွေလို ချစ်သူဖြစ်ဖို့ အဖြေတောင်းအဖြေပေး မလုပ်ခဲ့ရတာကိုက ကိုယ်တို့နှစ်ဦးရဲ့
ထူးခြားမှုပဲနော် ခိုင်။အဲဒီိတုန်းကခိုင်ရောကိုပါ ၁၅ နှစ်ထဲမှာပဲရှိသေးတယ်လေ။ စိတ်ကစားတတ်တဲ့အ
ရွယ်လို့ သူတကာတွေပြောပေမဲ့ အချစ်စစ်ပေါက်ဖွားတဲ့အရွယ်လို့ ကိုကတော့ပြောချင်တယ်ခိုင်။
အဲဒီအတွက် အကြောင်းပြချက်လိုတယ်ဆိုရင် ကိုရင်ဘတ်ကြီးကိုလက်ညှိုးထိုးပြယုံပါပဲ။
ခိုင်ရေ............ဆောင်းညအေးအေးတွေမှာ နွေးနေအောင်လို့ထွေးဖက်ခဲ့ဖူးကြတယ်။
အကြင်နာအာငွေ့တွေနဲ့ နှုတ်ခမ်းအေးအေး တွေကိုနွေးစေခဲ့ဖူးကြတယ်။ ကိုယ်တို့နေတဲ့
ယောဒေသရဲ့ ဆောာင်းညတွေ အေးလှတယ်မဟုတ်လားခိုင်။
နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းလေးတွေက လွမ်းစေတော့လို့ ကြိမ်စာဆိုခဲ့လေသလားမသိ။
ခိုင့်နှုတ်ခမ်းလေးတွေကို ယနေ့ထိလွမ်းနေရဆဲပါခိုင်။
ဒါပေမဲ့ခိုင်ရယ်.......။
ပိုင်ဆိုင်ခွင့်မပေးတဲ့ ကံကြမ္မာကြောင့်တို့တွေခဏဆိုပြီးဝေးကြတုန်းက"တစ်နေ့"ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ နေ့ရက်တွေကို အမြန်ကုန်စေကြောင်းဆုတောင်းရတာအမောပါပဲခိုင်။
ပိတောက်ရွက်တွေ
ရွှေအိုရောင်ပြောင်း
ဆောင်းကုန်တော့မယ်။
တွယ်တာသူချင်း
ရင်းနှီးသူတို့......
ခွဲကြဖို့လေ
လက်တို့နေသလား.....။ တဲ့
မှတ်သားဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကျောင်းသူကျောင်းသားတွေ ခွဲရတော့မဲ့အခြေနေကို
ရေးဖွဲ့ထားတာလေးပေါ့။ ကို့အဖို့တော့ အဲဒီကဗျာလေးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ခံစားမိတယ်။
စာမေးပွဲတွေပြီးမှ ကိုယ်တို့တွေကဆုံတွေ့နိုင်မှာမဟုတ်လား။
ဆယ်တန်းတွေလည်းဖြေပြီးပြီ။ ဆောင်းအကုန် နွေအကူးရောက်လို့ ပိတောက်သစ်ဦးတို့တောင် ပွင့်ဖူးနေကြပြီ။
အလွမ်းခရီးလည်း ဒီမှာတင်အဆုံးသတ်ပြီပေါ့။
မှားသွားတယ်ခိုင်....လက်ချိုးရေ စောင့်စားရင်းကျော်ဖြတ်ခဲ့ရတဲ့ တစ်နှစ်တာအလွမ်းနေ့ရက်တွေဟာ
တစ်သက်စာလွမ်းဖို့အတွက် နိဒါန်းသက်သက်ပဲရှိသေးတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.......
နောက်ဆုံးတွေ့ခဲ့ကြတဲ့အချိန်ပေါ့..။ပိတောက်ပန်းခက်တွေကိုကိုင်ပြီး ခိုင် ကို့ဆီကိုရောက်လာခဲ့တယ်
လေ။
အလှမ်းဝေးတော့မှာမို့ပန်းပေးတာလား။ အချစ်မှာသစ္စာပြိုင်မနိုင်လို့ ပန်းပေးတာလား။
သေချာတာကတော့ ခိုင့်လက်ထဲကပိတောက်ပန်းတွေကို ကို့ကိုပေးခဲ့တာပါပဲ။ပြီးတော့ခိုင်ပြောခဲ့တယ်။
"ခိုင်လက်ထပ်ရတော့မယ်"တဲ့။ အဲဒီအချိန်ဟာ အပြင်မှာလည်းနွေ ရင်မှာလည်းနွေပါပဲခိုင်။
ကို မျက်ရည်ကျဖို့တောင်မေ့နေခဲ့တယ်ခိုင်။
ဘယ်သူနဲ့လည်းလို့ ကို မမေးခဲ့ဘူးနော်။ ကိုမှမဖြစ်နိုင်တော့ပဲလေ။ကို့အတွက်တော့
နွေတကာနွေထဲမှာ အဲဒီနှစ်နွေဟာ အပူဆုံးပါပဲခိုင်။
မှတ်မိဦးမလားခိုင်.......အဲဒီနေ့ကကိုပြောခဲ့တဲ့နောက်ဆုံးစကား။ ကို့ရဲ့စကားအဆုံး
"ကိုရယ်" လို့ပြောပြီး ၀ဲတက်လာတဲ့မျက်ရေတွေကို ဖုံးကွယ်ရင်း ခိုင်လှည့်ထွက်သွားတယ်လေ။
နားလည်ပါတယ်ခိုင် ....နှလုံးသားချင်းရင်းနှီးသူတွေပဲမဟုတ်လား။
ဆယ့်သုံးနှစ်တာ သည်ခရီးကို ဖြတ်သန်းခဲ့ရပေမဲ့ "တစ်နေ့မှ မေ့မရခဲ့ပါဘူးခိုင်"။
ဒါကြောင့် ခုချိန်မှာလည်း...သည်စကားကိုပဲ ဆိုပါရစေ........။
"နမ်းခွင့်မရှိတော့ရင်လည်း လွမ်းခွင့်လေးတော့ပေးပါခိုင်။
(J T K)
0 comments:
Post a Comment