မှတ်မှတ်ရရ မေလ ၇ ရက်နေ့မှာ ကျောင်းသားသစ်တွေလက်ခံတဲ့နေ့ ဖြစ်ပါတယ်။ နံနက် ၉ နာရီ ကျော်ကျော်မှာ ကလေးတဦး ကျောင်းအပ်ဖို့ တက်လာခဲ့တယ်။ အုပ်ထိမ်းသူမပါ။ ဖြတ်ပိုင်းလေးကို ကျနော့်ရှေ့ကို ရိုရိုသေသေလေး ထိုးပေးတယ်။
ဖြတ်ပိုင်းလေးအရ ကရင်လူမျိုးဖြစ်ကြောင်း သက်သေခံနေတယ်။ ကျောင်းသားတွေအတွက် ဖြည့်စွက်ရမယ့် စာရွက်ပုံစံကို ပေးလိုက်တယ်။ သူ့ဟာသူ ဖြည့်စွက်ပါစေဆိုတဲ့ သဘောနဲ့ပါ။ “ဆရာ ဒီကွက်လပ်လေးမှာ မဖြည့်ဘဲထားလို့ ရသလား” လို့ ကျနော့်ရှေ့ကို ကျောင်းဝင်ခွင့်ပုံစံစာရွက် ချပေးပြီးမေးလာတယ်။ ကျနော် မမေးချင်တဲ့ မေးခွန်းတခုကို မေးရပြန်တယ်။
“မိဘတွေနဲ့ အတူနေသလား၊ မိဘနှစ်ဦးလုံးရှိသေးလား၊ ရှိရင် အဆက်အသွယ်ရှိကော ရှိလား” စတဲ့ မေးခွန်းတွေနဲ့ အတူ ကျနော့်ရဲ့ ဘောပင်ကိုင်ထားတဲ့ လက်ကလည်း “မရှိ” ဆိုတဲ့ စာလုံးလေးကိုဘဲ ရေးမှတ်နေရပါတော့တယ်။ “မရှိ” ဆိုတဲ့စကားလုံးရဲ့ နောက်ကွယ်မှာ ပြောမဆုံးနိုင်တဲ့ ဇာတ်လမ်းလေးကို ဒီကလေးပိုင်ဆိုင် ပြီးသားဆိုတာ ကျနော်သဘောပေါက်မိပါတယ်။
ပထမနေ့ကျောင်းလာအပ်တဲ့ စာရွက် စာတမ်း အားလုံးကို စစ်ဆေးကြည့်တော့ မိဘမရှိ (သို့) မိဘနှစ်ဦးလုံး ဘယ်မှာ နေမှန်းမသိတဲ့ ကလေးက အယောက် ၂၀ လောက်ဖြစ်နေတာကို တွေ့ရတော့ ကျနော်တယောက်ထဲ “Oh my god” ဟုရေရွတ်မိပါတယ်။ စိတ်ထဲဝယ် တော်တော်လေး ခံပြင်းမိလေတော့ အတွေးနယ်ချဲ့မိတယ်။
ဒါက မေလ ၇ ရက်ကနေ ၁၁ နေ့ထိ ကျောင်းအပ်လက်ခံတဲ့ ရွှေ့ပြောင်းမြန်မာကလေးတွေအတွက် ဖွင့်ထားတဲ့ စီဒီစီ ကျောင်းမှာ လာမည့် ၂၀၁၂-၂၀၁၃ စာသင်နှစ်အတွက် ကျောင်းသားသစ်လက်ခံတဲ့ နေ့က အတွေ့အကြုံလေး ဖြစ်ပါတယ်။
ကျောင်းအပ်လက်ခံတဲ့ စာရွက်ထဲမှာ မိဘအုပ်ထိမ်းသူနဲ့ အတူနေမနေ၊ အဆက်အသွယ် ရှိမရှိဆိုတဲ့ ကွက်လပ်လေးတွေကို ဖြည့်ရပါတယ်။ တရက်ထဲ ကျောင်းလာအပ်တဲ့ ကျောင်းသား ၂၆ ယောက်မှာ ၂၀ လောက်က မိဘတွေနဲ့ အဆက်အသွယ်မရှိ (သို့) မိဘတွေ ဘယ်မှာရှိတယ်ဆိုတယ်ကို မသိကြောင်း ဖြည့်စွက်ခဲ့ကြပါတယ်။
ကျနော်ရဲ့ အတွေးကမ္ဘာထဲမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တွေပါဝင်လာပါတယ်။ ကျနော်တို့ သင်ကြားနေရတဲ့ ကျောင်းဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်တွင်းစစ် ဖြစ်နေတဲ့ နေရာကနေ ထွက်ပြေး တိမ်းရှောင်လာရတဲ့ ကလေးငယ်အများစုသာ ဖြစ်လေတော့ မိဘရဲ့ အရိပ်အောက်မှာ ကောင်းမွန်စွာ မနေခဲ့ရတဲ့ ကလေးအများစု ဖြစ်ပါတယ်။ အချို့ဆိုရင် ပြည်တွင်းစစ်ကြောင့် မိဘနှစ်ဦးလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေ ဖြစ်နေတတ်ပါတယ်။
Grade (11) အတွက် ၀င်ခွင့်ဖြေထားတဲ့ ကျောင်းသားတွေကို အင်တာဗျူး ထိုင်ရတဲ့နေ့တွေမှာ ဆိုရင်အမှတ်ပေးရမယ့် ကွက်လပ်လေးမှာ (ကောင်း) လား၊ (သင့်) လား၊ (ညံ့) လားဘယ်ဟာကို ဖြည့်စွက်ရမယ်လဲ ဆိုတာ မိမိကိုယ်ကို ဇဝေဇ၀ါ ဖြစ်စေပါတယ်။ Grade-11 ကိုတက်ဖို့အတွက် English, Math, Natural Science နှင့် Social science ကို ၀င်ခွင့် ဖြေရပါတယ်။ ဒီဘာသာရပ်တွေမှာ အောင်မှ ကျောင်းတက်ခွင့်ရကြပါတယ်။
ပြည်တွင်းစစ် အနိဌာရုံနဲ့၊ ပစ်ကြခတ်ကြ၊ ရွာတွေကိုမီးရှို့ကြ၊ တောတောင်တွေကြားထဲ ပုန်းအောင်းနေထိုင်ပြီး ကလေးဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ ဒီကလေးတွေကို (ကောင်း) (သင့်) (ညံ့) ပေးတာ ဆရာ ကျင့်ဝတ်နဲ့ညီသလားဆိုတာ တွေးမိတယ်။ ကလေးဘ၀ကို ပျော်ရွင်စွာနဲ့ မဖြတ်သန်းခဲ့ရတဲ့၊ ကျောင်းစာကို ကောင်းမွန်စွာ မသင်ခဲ့ရတဲ့ ကလေးတွေကို ရမှတ်အပေါ် အခြေခံပြီး ဆုံးဖြတ်တာဟာ ဒီကလေးတွေအပေါ်မှာတရားမျှတမှု ရှိပါသလားလို့ တွေးမိတယ်။
လွန်ခဲ့တဲ့နှစ်က ကျနော့်မိတ်ဆွေ ဆရာတဦးနဲ့ ဆွေးနွေး ဖြစ်ခဲ့တဲ့ အကြောင်းအရာလေး တခုကို ပြန်လည်ဖောက်သည် ချချင်ပါတယ်။
ကျနော့်မိတ်ဆွေက အသက် ၆၀ လောက်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ B.A, HGP, DMA စတဲ့ဘွဲ့တွေ တသီးကြီးကို ရယူခဲ့တဲ့သူပါ။ “ကျနော် ဒီနယ်စပ်ကိုရောက်လာတော့ ဘ၀ရပ်တည်ရေးအတွက် သိပ်ခက်ခဲတယ်ဗျာ၊ စားမယ့်သောက်မယ့် နေရာအတည်တကျ မရှိ၊ အိပ်မယ့်နေရာ အတည်တကျမရှိနဲ့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်” လို့ ကျနော်မိတ်ဆွေ မကြာမကြာပြန်လည် ဖေါက်သယ်ချတာကို ကြားဖူးတယ်။
ဒီလို ခေတ်ပညာတတ်ကြီးတယောက်က နယ်စပ်ကိုရောက်လာတဲ့အခါ အခက်အခဲကြုံတွေ့ရတယ်ဆိုရင်၊ ဥမမယ်စာမမြောက်တဲ့ အသက် ၁၆ နှစ် မပြည့်သေးတဲ့ကလေး၊ မိဘအုပ်ထိမ်းသူ ဘယ်ဆီဘယ်ဝယ်နေမှန်း မသိတဲ့ ကလေးကို ကျောင်းက သတ်မှတ်ထားတဲ့ အမှတ်မရလို့ အတန်းချလိုက်ရင်၊ စာမေးပွဲကျရင် အဆောင် မနေရမူနဲ့ အဆောင်ကနေ နှင်ထုတ် ဒီကလေးဘာဖြစ်သွားမလဲလို့ ကျနော့်မိတ်ဆွေ ဆရာကိုမေးခွန်းထုတ်ဖူးတယ်။
ကျနော်တို့ မိမိကိုယ်ကို ခေတ်ပညာတတ်တွေပါ၊ တနေ့နေ့ကျရင် နိုင်ငံကိုပြည်လည် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ သူတွေပါလို့ ပြောတဲ့သူတွေကော နယ်စပ်မှာ နေထိုင်ရတဲ့ ငတ်တလှည့် ပြတ်တလှည့်ဘ၀ကို ပြန်သတိရပြီး စာနာစိတ်တွေ မွေးဖို့ အသိပေးခဲ့ဖူးတာဖြစ်ပါတယ်။
ဆရာသစ်တွေကို အလုပ်ခန့်ဖို့ ကျောင်းအုပ်ချုပ်ရေး ကော်မတီ တာဝန်ရှိသူတွေထဲက တဦးသောသူရဲ့ မေးခွန်းကို ကျနော် မေ့မရတာရှိခဲ့ပါတယ်။ “ဆရာ့ကို အလုပ်ခန့်ပြီဆိုပါစို့၊ ဆရာစာသင်ရမယ့်ကလေးတွေက ဘ၀ကိုပုံမှန် ဖြတ်သန်းခဲ့ရတဲ့ ကလေးတွေမဟုတ်ဘူး၊ တချို့ကလေးတွေက ဆရာ စာသင်နေချိန်မှာ ရွာကိုမီးရှို့တာကိုပြန်လည် မြင်ယောင်နေတဲ့ ကလေးတွေပါမယ်၊ ဒီလိုကလေးတွေကို စာသင်ရတာ အဆင်ပြေပါ့မလား” ဆိုတဲ့ မေးခွန်းကို ဆရာ၊ ဆရာမအားလုံးကို မေးလေ့ရှိပါတယ်။ သူပြောချင်တဲ့ အရာက ဒီကလေးတွေက ကလေးဘ၀ကို ပုံမှန်ဖြတ်သန်းခဲ့ရတဲ့ သူတွေမဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြတာပါ။
သူရဲ့နောက်ဆုံး မေးလေ့ရှိတဲ့မေးခွန်းကတော့ နယ်စပ်တလျှောက် ဖြစ်ပျက်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ “ အကြောင်းအမျိုးမျိုးကြောင့် လုပ်ခလစာ လေးလလောက်မရတာ မျိုးကြုံရင် ဆရာ/ဆရာမ ဘယ်လိုဖြေရှင်းမလဲ” ဆိုတဲ့ မေးခွန်းဘဲဖြစ်ပါတယ်။ ဒီလိုမရေရာ မသေချာတဲ့ ဘ၀မှာ ကျောင်းဆရာတဦး အဖြစ်ဘ၀ကို ရပ်တည်နိုင်ပါ့မလား ဆိုတဲ့အရာကို မီးမောင်းထိုးပြတာဖြစ်ပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ ကလေးတွေသာ မဟုတ်ဘူး အရာအားလုံးတွေက ကျနော်တို့ မြန်မာပြည်သားတွေအတွက် မရေရာ မသေချာတဲ့ အခြေအနေဖြစ်ပါတယ်။
“သမီး ၁၂ တန်းအောင်ပြီးရင် မယ်တော်ဆေးခန်းမှာ နပ်စ် ဆေးသင်တန်းတယ်မယ်၊ သင်တန်းပြီးရင် ရွာကိုပြန်ပြီး အလုပ်လုပ်မယ်” လို့ပြောတဲ့ ကလေးမလေးက ၁၂ တန်းကျောင်းသူလေးပါ။ သူ့ရွာကို ပြန်တဲ့အခါ ခြေကျင် ၂ ရက် ခရီးလျှောက်ရပုံ၊ လမ်းကြောင်းအတိုင်းသာ လျှောက်ရပုံ၊ နည်းနည်းလေး လမ်းကြောင်း လွဲတာနဲ့ မြေမြှုတ်မိုင်း ထိနိုင်ပုံကို ပြောပြတာ ဆရာတဦးအနေနဲ့ ရင်နင့်အောင်ခံစားမိတယ်။
ဒီလိုအခက်အခဲကြားက လာပြီးပညာသင်ရပုံ၊ ပညာသင်ပြီးပြန်တော့လဲ ရွာကိုပြန်ပြီး သူနာပြုလုပ်ချင်တဲ့ ဒီလိုကလေးမျိုးကို အောက်စဖို့၊ ချူလာလောင်ကောင်၊ အီတန်ကောလိပ်က စဉ်းကမ်းစဉ်းမျဉ်းတွေကို အတုခိုးပြီး စာမေးပွဲချလိုက်တာ သဘ၀ကျသလားလို့ တွေးမိတယ်။
ကျနော်တို့ကလေးတွေရော လူကြီးတွေရော နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်းစစ်တွေကြောင့် ဘ၀ကို ဖရိုဖရဲနဲ့ ဖြတ်သန်းခဲ့ရ၊ မိတကွဲ ဖတကွဲ ဖြတ်သန်းခဲ့ရတာက ကျနော်တို့ရဲ့ ခါးသီးတဲ့သင်ခန်းစာတွေဘဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ကလေးတွေ သစ်ပင်အောက်မှာ စာသင်နေတာကိုတွေ့ရတော့ ကျောင်းဆရာတဦးအနေနဲ့ မျက်ရည်လည်မိပါတယ်။
သစ်ပင်အောက်မှာ ပညာသင်နေရှာတဲ့ ကချင်ကလေး၊ ကရင်ပြည်နယ်ထဲက စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ကလေးတွေရဲ့ ပညာရေး ရည်မှန်းချက်က သံပန်းတံခါး တပ်ထားတဲ့ အိမ်ကြီးမှာနေဖို့၊ အရာရှိကြီးလုပ်ဖို့ ပညာသင်တာမဟုတ်ပါဘူး။ အရွယ်ရောက်လာတဲ့ တနေ့မှာ လူသားတဦးအနေနဲ့ ခေတ်ကာလနဲ့အညီ ရှိသင့်တာလေးတွေ ရှိအောင် သင်ပေးတဲ့ပညာရေးမျိုးပဲ ဖြစ်စေချင်ပါတယ်။
အမိမြန်မာပြည်ရဲ့ အနာဂတ်သားကောင်းရတနာ ကလေးတွေအနေနဲ့ တနေ့နေ့တချိန်ချိန်မှာ ကွက်လပ် လေးတွေကို ကျော်လွှားနိုင်မယ့် အချိန်ကိုရောက်လာမယ်လို့ မျှော်လင့်မိပါတယ်။
လှရွှေ
0 comments:
Post a Comment